Powered by Blogger.
RSS

ကမ္ဘာနှင့် ဂြိုလ်ငယ်တစ်ခု တိုက်မိသွားမည့်အဖြစ်မှ ကံကောင်းစွာလွဲချော်


ကမ္ဘာနှင့် ဂြိုလ်ငယ်တစ်ခု တိုက်မိသွားမည့်အဖြစ်မှ ကံကောင်းစွာလွဲချော်

နိုဝင်ဘာ၆ရက်နေ့တွင် ကမ္ဘာနှင့် ဂြိုလ်ငယ်တစ်ခု တိုက်မိသွားမည့်အဖြစ်မှ ကံကောင်းစွာ လွဲချော်သွားခဲ့ကြောင်း သိရသည်။ အဆိုပါဂြိုလ်ငယ်သည် ကမ္ဘာနှင့် မိုင်၈၇၀၀မျှသာရှိသည့် အကွာအဝေးမှ ဖြတ်သန်းသွားခဲ့သည်။ ကမ္ဘာအနီးသို့ အဆိုပါဂြိုလ်ငယ် နီးကပ်လာသည်ကို ၁၅နာရီအလိုမှသာ သိရှိသတိထားနိုင်ခဲ့သည်။ ဂြိုလ်ငယ်မှာ လနှင့်ကမ္ဘာအကွာအဝေးဖြစ်သည့် မိုင်ပေါင်း၂၅၀,၀၀၀ထက် အဆ၃၀အထိ ပိုမိုနီးကပ်သွားခဲ့ကြောင်းလည်း သိရသည်။ 2009 VAဟု အမည်ပေးထားသည့် ၂၃ပေကျယ်သော အဆိုပါဂြိုလ်ငယ်မှာ ကမ္ဘာကိုတိုက်မိခဲ့လျှင်လည်း ဆိုးရွားသည့် ထိခိုက်ပျက်စီးမှုများ မဖြစ်နိုင်ပဲ လေထုတဲတွင်သာ လောင်ကျွမ်းပျက်စီးသွားမည်ဟု ဆိုသည်။


ယခုဖြစ်ရပ်ကို အာရီဇိုနားတက္ကသိုလ်ရှိ Catalina Sky Surveyမှ စတင်သတိပြုမိခဲ့ပြီးနောက် နာဆာအဖွဲ့ကြီးမှလည်း ကမ္ဘာအနီးသို့ ဂြိုလ်ငယ်တစ်ခု နီးကပ်လာခြင်းကို ထောက်လှမ်းဖော်ထုတ် အတည်ပြုခဲ့သည်။ 2009 VAမှာ ကမ္ဘာနှင့်အနီးဆုံးမှ ဖြတ်သန်းသွားသည့် တတိယမြောက် ဂြိုလ်ငယ်တစ်ခုလည်း ဖြစ်သည်။ နာဆာအဖွဲ့၏ မှတ်တမ်းများအရ ပြီးခဲ့သည့် ၂၀၀၈ခုနှစ် အောက်တိုဘာ၉ရက်နေ့တွင်လည်း ကမ္ဘာမြေပြင်နှင့် မိုင်၃၈၂၀အကွာမှ အရွယ်အစား ၁မီတာအကျယ်ရှိသည့် 2008 TS26 ဂြိုလ်ငယ် ဖြတ်သန်းသွားခဲ့သည်။ ထို့အပြင် ၂၀၀၄ခုနှစ် မတ်လ၃၁ရက်နေ့တွင် ၇မီတာအကျယ် 2004 FU162ဟု အမည်ပေးထားသည့် ဂြိုလ်ငယ်မှာ ကမ္ဘာနှင့် မိုင်၄၀၆၀အကွာမှ ဖြတ်သန်းသွားခဲ့သည်။ ၁၉၀၈ခုနှစ်တွင် ဂြိုလ်ငယ်တစ်ခု ကမ္ဘာမြေပြင်ရှိ ဆားဘီးယားဒေသသို့ ကျရောက်ခဲ့သဖြင့် သစ်တောဧရိယာ စတုရန်းမိုင်ပေါင်း ၁၂၀၀ပျက်စီးခဲ့ရဖူးကြောင်း သိရသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နာဆာအဖွဲ့၏ လူမပါသော အာကာသဒုံးပျံ အောင်မြင်စွာလွှတ်တင်


နာဆာအဖွဲ့၏ လူမပါသော အာကာသဒုံးပျံ အောင်မြင်စွာလွှတ်တင်

အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)က ကမ္ဘာနှင့်လကြား ပေါင်းကူးဆက်သွယ်ရေး ၀န်ဆောင်မှုသစ် တစ်ခုအား စမ်းသပ်ရန် ပထမဆုံး ခြေလှမ်းအဖြစ် လူမပါသော အာကာသ ဒုံးပျံတစ်စင်းကို အောင်မြင်စွာ လွှတ်တင်လိုက်သည်။ အရှည်မီတာ(၁၀၀)ရှိပြီး ကမ္ဘာပေါ်တွင် လက်ရှိအနေအထားအရ အရှည်ဆုံးအဖြစ် သတ်မှတ်နိုင်သော ယင်းဒုံးပျံကို ဖလော်ရီဒါရှိ ကိပ်ကာနေဗယ်လ် ပစ်စင်မှ အောက်တိုဘာ (၂၈)ရက်နေ့တွင် လွှတ်တင်လိုက်ခြင်းဖြစ်သည်။



လွန်းပျံယာဉ် ကောင်းကင်သို့ ထိုးတက်သွားသော မြင်ကွင်းကို မြင်တွေ့ခဲ့သူများက အဖြူရောင်သွယ်သွယ်လျလျရှိသော အာကာသယာဉ်သည် မီးခိုးများကိုမှုတ်ထုတ်ရင်း အပြာရောင်ကောင်းကင်ဆီ ပျံသန်းသွားကြောင်း ပြောကြားခဲ့ကြသည်။ NASAသည် ယင်းလွှတ်စင်တွင် (၁၉၈၁)ခုနှစ်က ပထမဆုံး အာကာသယာဉ်ကို လွှတ်တင်ရာ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက်ပိုင်း ယခုတစ်ကြိမ် ပထမဆုံး ပြန်လည်အသုံးပြုခြင်းဖြစ်သည်။ Ares 1-Xဟု အမည်ပေးထားသည့် ယင်းဒုံးပျံသည် အသံ၏မြန်နှုန်းထက် (၅)ဆနီးပါး ပိုမြန်သောအရှိန်ဖြင့် အောင်မြင်စွာ ပျံသန်းသွားကြောင်း NASAကဆိုသည်။ အစမ်းသဘောဖြင့် လူမပါဘဲ လွှတ်တင်လိုက်သော ယခုဒုံးပျံ စီမံကိန်းအတွက် NASAက ဒေါ်လာ(၄၄၅)သန်း ကျခံခဲ့ပြီး ယခင်ကသုံးစွဲနေကျ ဒုံးပျံပုံစံများကို စမ်းသပ်ပြောင်းလဲခဲ့သည်။



လက်ရှိသုံးစွဲနေသော အာကာသ လွန်းပျံယာဉ်များကို နိုင်ငံတကာ အာကာသစခန်းအား ပြုပြင်ရေးအတွက် နောက်ထပ်(၆)ကြိမ် လွှတ်တင်ပြီးလျင် လာမည့်နှစ်အတွင်း အနားပေးသွားရန် NASAက စီစဉ်ထားပြီး ကမ္ဘာမြေအထက် ကီလိုမီတာ (၃၆၀)အကွာရှိ နိုင်ငံတကာ အာကာသစခန်းသို့ နက္ခတ်ဗေဒ ပညာရှင်များအား ပို့ဆောင်ရန် ယခုပုံစံသည် အာကာသယာဉ်များကို အသုံးပြုသွားရန် စီမံကိန်း ရေးဆွဲထားသည်။ Ares 1-Xအား NASAနှင့် သဘောတူညီမှု ရယူကာ အကောင်အထည်ဖော်နေသည့် ဒေါ်လာ(၁.၈)ဘီလျံတန် Ares အာကာသဖွံ့ဖြိုးရေးစာချုပ်ဖြင့် Alliant Techsystems နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးက တည်ဆောက်ပေးခဲ့သည်။



ရွေ့လျားမှုဖိအား၊ တုန်ခါမှု၊ အပူချိန်၊ အမြန်နှုန်းတို့ကို တိကျစွာ တိုင်းတာနိုင်မည့် အာရုံခံကိရိယာ (၇၀၀)ကျော် တပ်ဆင်ထားသော ဒုံးပျံသည် ကမ္ဘာ့လေထုထဲ တိုးဝင်ရာတွင် ပိုမိုလုံခြုံစိတ်ချရသော ခိုင်မာမှု ရှိလာခဲ့သည်။ ဦးပိုင်းသည် လူလိုက်ပါရန် ရည်ရွယ်ထားသော ကိုယ်ထည်ထက် ပိုမိုသေးသွယ် ချွန်ထက်ပြီး ရှေ့ပိုင်းအား ကြက်သွန်ဥပုံစံ တည်ဆောက်ထားသည်။ NASAသည် နောက်ပိုင်းတွင် ယင်းဒုံးပျံများကို အာကာသအတွင်း ခရီးထွက်လိုသည့် သန်းကြွယ်သူဌေးများအတွက် Taxiအဖြစ်ပါ သုံးစွဲလာနိုင်ရန် မျှော်လင့်ထားသည်။ သို့သော်လည်း ယင်းအနာဂတ် မျှော်မှန်းချက်များအားလုံးသည် Ares 1-X၏ ခရီးစဉ်တွင် ထိခိုက်မှုနှင့် ပြဿနာများ လုံးဝမကြုံရေးအပေါ်တွင် မူတည်နေကြောင်း NASAက ထုတ်ဖော်ဝန်ခံထားသည်။


Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဟာဘယ် အာကာသ မှန်ပြောင်း ပြင်ဆင်ရေးခရီးစဉ် အကျိုးရှိ အောင်မြင်

alt

ဟာဘယ် အာကာသ မှန်ပြောင်းကြီးအား သွားရောက် ပြင်ဆင် ခဲ့သည့် ခရီးစဉ်သည် အာကာသ စူးစမ်း လေ့လာရေး မှန်ပြောင်း အသစ်ချပ်ချွတ် တစ်ခု လွှတ်တင် လိုက်သလို အကျိုး သက်ရောက်မှု ရှိခဲ့ကြောင်း နာဆာမှ ပညာရှင်များ က ပြောကြား ခဲ့ကြသည်။

သမိုင်း တလျှောက် အာကာသ ထဲသို့ အမြင့်ဆုံး ပျံသန်းပြီး ဟာဘယ် မှန်ပြောင်းကြီး အား သွားရောက် ပြုပြင် ခဲ့သည့် အတ္တလန္တစ် အာကာသ ယာဉ်မှူး (၇) ဦးအား နာဆာ အဖွဲ့ မှ အထူး ချီးကျူး မိကြောင်း နာဆာ၏ သိပ္ပံဆိုင်ရာ လုပ်ဆောင်မှု ဌာန အကြီးအကဲ အက်ဝီလာ က ဆိုသည်။

ယာဉ်မှူးများသည် အာကာသအတွင်း (၅) ကြိမ် လမ်းလျှောက်ရင်း ပြုပြင် ထိန်းသိမ်းမှုများ ကို ဆောင်ရွက် ပေးခဲ့ ခြင်းဖြင့် သက်တမ်း (၁၉) နှစ် ရှိပြီဖြစ်သော ဟာဘယ် အား အသစ်စက်စက် ကဲ့သို့ မွမ်းမံ နိုင်ခဲ့ကြောင်း ၀ီလာက ပြောကြား ခဲ့သည်။ အတ္တလန္တစ် အာကာသ ယာဉ် သည် မေလ (၂၄) ရက်နေ့က ကယ်လီဖိုးနီးယား တွင် အောင်မြင်စွာ ပြန်လည် ဆင်းသက် ခဲ့ပြီ ဖြစ်သည်။

အရာအားလုံး အဆင်ပြေစွာ ပြီးဆုံး သွားသဖြင့် ကျေနပ် မိကြောင်း ၀ီလာက ဆိုသည်။ ယခုအခါ ဟာဘယ်သည် အာကာသ လျှို့ဝှက်ချက်များ စူးစမ်းရှာဖွေခြင်း လုပ်ငန်းကို ပိုမို အရှိန်အဟုန် မြင့်မားစွာ ဖြင့် ဆောင်ရွက် နိုင်ပြီ ဖြစ်သည်။

ဟာဘယ် အား သွားရောက် ပြင်ဆင် ခဲ့သည့် အတ္တလန္တစ် လွန်းပျံ ယာဉ်အဖွဲ့ အား အမေရိကန် တိုက်လေယာဉ်မှူးဟောင်း စကော့အော်တမန် က ဦးဆောင် ခဲ့ပြီး မိုင် (၃၅၀) အမြင့်ထိ စကြာဝဠာထဲသို့ သွားရောက် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ နာဆာသည် မှန်ပြောင်းကြီး အား နောက်ထပ် မွမ်းမံမှုများ မပြုလုပ်ဘဲ နောက်ထပ် (၅) နှစ်မှ (၁၀) နှစ်အထိ ဆက်လက် အသုံးပြု နိုင်မည် ဟု ယူဆ ထားကြ သည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အန်ဒဲဗားလွန်းပျံယာဉ် စီမံကိန်းကိုရွှေ့ဆိုင်း

အန်ဒဲဗားအာကာသလွန်းပျံယာဉ် လွှတ်တင်မည့်အစီအစဉ်ရွှေ့ဆိုင်း
ဇွန်လ(၁၉)ရက်နေ့တွင် လွှတ်တင်ရန် ပြင်ဆင်ထားသော အန်ဒဲဗားလွန်းပျံယာဉ် စီမံကိန်းကို နာဆာက ဒုတိယအကြိမ် ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။ ထိုနေ့နံနက် အစောပိုင်းက လွန်းပျံယာဉ်၏ ဟိုက်ဒြိုဂျင်လှောင်ကန်မှ အန္တရာယ်ရှိစေနိုင်လောက်သည့် ဓာတ်ငွေ့ယိုစိမ့်မှုတစ်ခု ဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ပြီးနောက် ဒုံးပျံလွှတ်တင်မှုကို (၁)နာရီကြာ ရွှေ့ဆိုင်းထားရန် တာဝန်ရှိသူများက စီစဉ်ခဲ့သည်။ ထိုအတောအတွင်း သိုလှောင်ကန် ချွတ်ယွင်းမှုကို ပြန်လည်ပြုပြင် တပ်ဆင်ရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေသောကြောင့် လွှတ်တင်မည့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ ထိုနေရာရှိ ဟိုက်ဒြိုဂျင်ပိုက်လိုင်းများ ယိုစိမ့်နေမှုကို ဇွန်လ(၁၄)ရက်နေ့ကလည်း တစ်ကြိမ်တွေ့ရှိခဲ့သဖြင့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသေးသလို ဇွန်လ(၁၇)ရက်နေ့တွင် လွှတ်တင်ရန် စီစဉ်ထားမှုကို ရွှေ့ဆိုင်းခဲ့ရသေးသည်။ ထိုကိစ္စအား စိတ်ကျေနပ်သည်အထိ ပြင်ဆင်နိုင်ရန် လွန်းပျံယာဉ် လွှတ်တင်မည့် အစီအစဉ်အား ဇူလိုင်လအထိ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း နာဆာက အတည်ပြုခဲ့သည်။ အန်ဒဲဗား လွန်းပျံယာဉ်တွင် အလားတူ ပြဿနာမျိုး လွန်ခဲ့သည့်(၃)လကလည်း ဖြစ်ပွားခဲ့ဖူးသေးသည်။ “ကျွန်တော်တို့ ပြဿနာရဲ့အစကို ခြေရာခံပြီး ရှာနေပါတယ်။ ဒီကိစ္စကို သေချာပြင်နိုင်မယ်ဆိုတာလည်း သေချာပါတယ်”ဟု လွန်းပျံယာဉ်လွှတ်တင်ရေး လက်ထောက်မန်နေဂျာ လီရွိုင်းကိန်းက ပြောကြားခဲ့သည်။ “ဘေးအကင်းဆုံး အနေအထားနဲ့ မြန်နိုင်သမျှမြန်မြန် လွှတ်တင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။ မတ်လအတွင်းကလည်း တစ်ကြိမ်ကြုံခဲ့ဖူးသည့် အဆိုပါ ပြဿနာအတွက် အင်ဂျင်နီယာများအနေနှင့် အဖြေမရှာနိုင်ခဲ့ကြောင်း သိရသည်။ လွန်းပျံယာဉ် လွှတ်တင်ရေး ပညာရှင်များသည် လွှတ်တင်မည့်နေ့ မတိုင်ခင် တစ်ရက်က မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နေမှုကြောင့် ဟိုက်ဒြိုဂျင် ဖြည့်တင်းမှုကို (၃)နာရီကြာ ရွှေ့ဆိုင်းခဲ့ရကြောင်း ပြောကြားခဲ့သေးသည်။ လွှတ်တင်ခါနီးတွင် ဓာတ်ငွေ့ယိုစိမ့်မှု ပေါ်ပေါက်နေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် လွန်းပျံယာဉ်နှင့် လိုက်ပါမည့် နက္ခတ်ဗေဒပညာရှင် (၇)ဦးလုံးကို ဟူစတန်ရှိ ဂျွန်ဆန် အာကာသ လေ့လာရေးစခန်းသို့ ပြန်လည်ပို့ဆောင်ပေးလိုက်ရကြောင်း သတင်းရရှိသည်။


Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နာဆာ ၏ အန္တရာယ်အများဆုံး အာကာသ ခရီးစဉ်

alt

ဟာဘယ် နက္ခတ်ကြည့် မှန်ပြောင်းကြီးအား ပြုပြင်ရေး အတွက် စေလွှတ်လိုက်သော အတ္တလန်တိတ် လွန်းပျံယာဉ် ခရီးစဉ်သည် အလွန် အန္တရာယ်များသည့် ခရီးစဉ် တခု ဖြစ်ခဲ့ရကြောင်း နာဆာ အဖွဲ့ကြီးက ၀န်ခံ လိုက်သည်။

မေလ(၁၁) ရက်နေ့က အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာ ပျံသန်း ထွက်ခွာသွားသည့် အတ္တလန်တိတ် လွန်းပျံ ယာဉ်တွင် အမေရိကန် ရေတပ်မှ လေယာဉ်မှူးဟောင်း စကော့ဒ် အော်လ်မန်က ဦးဆောင်သွားပြီး စုစုပေါင်း အဖွဲ့ဝင် (၇)ဦး လိုက်ပါ သွားခဲ့သည်။

အဆိုပါ ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ဟာဘယ် မှန်ပြောင်းကြီးကို (၅) ကြိမ်မြောက် ပြုပြင်ရန် အတွက်ဖြစ်ပြီး မြေမျက်နှာပြင် အထက် မိုင်ပေါင်း (၃၅၀) တွင် ပြင်ဆင်မှုများ ပြုလုပ် ရမည်ဖြစ်သည်။ ယခင်က မည်သည့် လွန်းပျံယာဉ်မျှ ကမ္ဘာမြေအထက် မိုင် (၂၅၀) အထက်သို့ မတက်ခဲ့ဖူးသောကြောင့် ယခုလုပ်ငန်းသည် အလွန် အန္တရာယ်ကြီးမားသည့် အခြေအနေတွင် ရှိကြောင်း နာဆာကဆိုသည်။

အတ္တလန်တိတ် လွန်းပျံယာဉ် တစုံတရာ အဆင်မပြေခဲ့ပါက ထပ်မံ လွှတ်တင်ရန် အန်ဒယ်ဗား လွန်းပျံယာဉ်ကိုလည်း အဆင်သင့် ပြင်ထားသော်လည်း လွှတ်တင်စဉ်တွင် မပြောပလောက်သော ထိခိုက်ပျက်စီးမှု အနည်းငယ် ရှိခဲ့သည်ဟု နာဆာက ထုတ်ဖေါ် ဝန်ခံလိုက်သည်။

သက်တမ်း (၁၉) နှစ် ရှိပြီဖြစ်သည့် ဟာဘယ် မှန်ပြောင်းကြီးသည် ကမ္ဘာကို ပတ်လမ်းအတိုင်း အကြိမ်ပေါင်း (၉၇၀၀၀) ကျော် ပတ်ခဲ့ပြီး ဓာတ်ပုံပေါင်း (၆)သိန်းကျော်မျှ ရိုက်ကူး ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဟာဘယ် အာကာသ မှန်ပြောင်း ပြင်ဆင်မှု လုပ်ငန်းပြီးဆုံး

alt

ဟာဘယ် အာကာသ မှန်ပြောင်းကြီးကို အာကာသ အတွင်း အပြင်ထွက်၍ ပြုပြင်နေသည့် နက္ခတ်ဗေဒ ပညာရှင်များ၏ လုပ်ငန်းအားလုံး ပြီးဆုံး သွားပြီ ဖြစ်ကြောင်း သိရှိရသည်။

မေလ (၁၈) ရက်နေ့က မှန်ပြောင်းကြီးအား ပြန်လည် ပြင်ဆင်မှု လုပ်ငန်းအားလုံး ပြီးစီး သွားပြီ ဖြစ်ကြောင်း နာဆာက ထုတ်ပြန် ကြေညာလိုက်ပြီး အတ္တလန္တစ် လွန်းပျံယာဉ်မှ အာကာသ သူရဲကောင်းများသည် လူသားတို့၏ စွန့်စားမှုသမိုင်းတွင် အကြီးမားဆုံး မှတ်တိုင် တခုကို စိုက်ထူ လိုက်ခြင်းဟု ချီးကျူး ပြောကြားလိုက်သည်။

ယခုအခါ သက်တမ်း ၁၉နှစ်ရှိသော မှန်ပြောင်းကြီးသည် အာကာသ၏ လျှို့ဝှက်ချက်များကို ယခင်ကထက် ပိုမိုပြောင်မြောက်စွာ ဖော်ထုတ် နိုင်တော့မည်ဖြစ်သည်။ ထို မှန်ပြောင်းကြီးအား ပြင်ဆင်ခြင်းနှင့် ပိုမို ကောင်းမွန်အောင် အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများကို (၅)ရက် မျှကြာအောင် ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ယခုအခါ ဟာဘယ် မှန်ပြောင်းကြီး၏ ကြံ့ခိုင်မှု အနေအထားသည် အကောင်းဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ပြီး နောက်ထပ်(၅)နှစ်မှ (၁၀)နှစ် အတွင်း ပြင်ဆင်မှုများ ထပ်မံပြုလုပ်ရန် မလိုအပ်သော အနေအထားထိ ရောက်ရှိလာပြီဟု နာဆာက ထုတ်ဖော် ကြေညာသွားသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နာဆာနှင့် အပြိုင် ဥရောပ အာကာသ အေဂျင်စီမှ နက္ခတ္တဗေဒမှန်ပြောင်း လွှတ်တင်

alt

နာဆာ နှင့် အပြိုင် အာကာသ လေ့လာရေး လုပ်ငန်းများ ကို အရှိန်မြှင့်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ဥရောပ အာကာသ အေဂျင်စီ က ကြီးမားသော နက္ခတ္တဗေဒ လေ့လာရေး မှန်ပြောင်းကြီး တခုကို အာကာသ အတွင်း လွှတ်တင် လိုက်ပြီ ဖြစ်သည်။

မေလ (၁၄) ရက် နေ့က ဟာချယ် အာကာသ မှန်ပြောင်းကြီး တင်ဆောင် သွားသည့် Arian 5 လွန်းပျံယာဉ် ကို ပြင်သစ် ဂွီအာနာ မှ လွှတ်တင် လိုက်ခြင်း ဖြစ်သည်။ ထို အာကာမှန် ပြောင်းကြီး လွှတ်တင် ရခြင်းမှာ အာကာသ ၏ ဖြစ်တည်မှု မူလ အစ ကို လေ့လာ နိုင်ရန် ဖြစ်ကြောင်း ပြင်သစ် နိုင်ငံ ဂြိုဟ်တု လွှတ်တင်ရေး ဌာန Arianespace မှ CEO ဖြစ်သူ ဂျင်းယက်လီဂေါ က ပြောကြား ခဲ့သည်။

ဟာချယ် မှန်ပြောင်းကြီး သည် နာဆာ မှ လွှတ်တင် ထားသည့် နာမည်ကျော် ဟာဘယ် မှန်ပြောင်း ကဲ့သို့ပင် အာကာသ ၏ လျှို့ဝှက်ချက်များ ကို ရှာဖွေဖော် ထုတ်ပေးနိုင်မည် ဟု ဥရောပ အာကာသ အေဂျင်စီ က ယုံကြည် ထားသည်။

ဟာချယ်သည် လွှတ်တင် ခဲ့သမျှ မှန်ပြောင်းများ အနက် အကြီးမားဆုံး ဖြစ်ပြီး ဂြိုဟ်များ မည်ကဲ့သို့ စတင်ဖွဲ့စည်း ပေါ်ပေါက် လာသည် ဆိုသော လျှို့ဝှက်ချက်များ ကို ဖော်ထုတ် နိုင်မည်ဟု ဥရောပ အာကာသပညာရှင်များ က မျှော်လင့် ထားသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အတ္တလန္တစ်အကာသာယာဉ်မှူးများ Hubbleမှန်ပြောင်းဆီသို့ အောင်မြင်စွာရောက်ရှိ

http://www.planet.com.mm/news/newsimg/May09/atlantis2002.jpg

အတ္တလန္တစ်လွန်းပျံယာဉ်ဖြင့် လိုက်ပါသွားသည့် အာကာသယာဉ်မှူးများသည် Hubbleအာကာသ မှန်ပြောင်းကြီးဆီသို့ အောင်မြင်စွာ ရောက်ရှိသွားပြီဖြစ်ကြောင်း NASAက ကြေညာလိုက်သည်။ အဖွဲ့ဝင်များအားလုံးသည် မေလ(၁၃)ရက်နေ့ GMTစံတော်ချိန် (၁၅း၀၀)နာရီက ရောက်ရှိခဲ့ပြီဖြစ်ပြီး (၁၆း၅၄)နာရီတွင် စက်ရုပ်လက်တံများ အသုံးပြုပြီး Hubbleကို ပြင်ဆင်မွမ်းမံမှုများ စတင်ပြုလုပ်နေပြီဟု NASAက ကြေညာသည်။

Hubble

Hubble
(Hubble အာကာသမှန်ပြောင်း)

ထိုလုပ်ငန်း မပြီးမချင်း အာကာသ လွန်းပျံယာဉ်တွင် လိုက်ပါသွားမည့် နက္ခတ်ဗေဒ ပညာရှင်(၇)ဦးမှာ အလွန်အလုပ်များနေမည်ဖြစ်ကြောင်း NASAက ပြောကြားခဲ့သည်။ သက်တမ်း(၁၉)နှစ်ရှိပြီဖြစ်သော Hubbleမှန်ပြောင်းကြီးဆီ ရောက်ရှိသည်အထိ အတ္တလန္တစ်လွန်းပျံယာဉ်သည် ကမ္ဘာမြေအထက် မိုင်(၃၅၀)အထိ ပျံသန်းသွားခဲ့ရသည်။ Hubbleသို့ မရောက်မီ လမ်းခုလတ်တွင် အာကာသယာဉ်မှူး တစ်ဦးဖြစ်သည့် ကမ္ဘာမြေပေါ်ရှိ ပေးလုပ်ပင်လယ်ကွေ့ကို ဓာတ်ပုံရိုက်ပြီး ကမ္ဘာမြေသို့ ပြန်လည်ပေးပို့ခဲ့သည်။

Astro Mike

Astro Mike
(အာကာသယာဉ်မှူးမိုက်နှင့် ၎င်း၏ Twitter သတင်းပေးပို့ချက်စာမျက်နှာ)

နက္ခတ်ဗေဒ ပညာရှင် မိုက်ကယ်မက်ဆီမီနိုသည် Twitterတွင် Astro-Mikeဟူသော အမည်ဖြင့် Accountတစ်ခု ဖွင့်ထားပြီး ထိုAccountသို့ ၎င်းတို့Mission၏ လုပ်ငန်းစဉ် အခြေအနေများကို ပေးပို့ဖော်ပြခဲ့သည်။ ၎င်းက မြေကမ္ဘာပေါ်ရှိ ထိန်းသိမ်းရေးစခန်းသို့ ပေးပို့သော သတင်းများကို ထိုစခန်းရှိ ၎င်း၏မိတ်ဆွေများက Twitterတွင် ပြန်လည်ဖော်ပြပေးရန် မက်ဆီမီနိုက ကြိုတင်စီစဉ်သွားခဲ့သည်။ NASAက အာကာသယာဉ်မှူး အဖွဲ့သည် ခရီးစဉ်တလျှောက်လုံးတွင် စိတ်လှုပ်ရှားဖွယ်ကောင်းသော ဓာတ်ပုံများကို ရိုက်ကူးပြီး ကမ္ဘာမြေသို့ ပြန်ပို့ပေးခဲ့ကြောင်း၊ ၎င်းတို့၏ လုပ်ငန်းစဉ်အားလုံး ချောချောမောမော ပြီးဆုံးမည်ဟု မျှော်လင့်ထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Atlantis

Atlantis

(Atlantis အာကာသယာဉ်မှ ကမ္ဘာမြေအား ရိုက်ကူးထားသည့် ဓာတ်ပုံ)

အတ္တလန္တစ်ယာဉ်မှူးများ၏ ပေးပို့သော သတင်းအရ အာကာသမှန်ပြောင်းကြီး၏ ရှေ့ဘက်တစ်နေရာတွင် ထိခိုက်ပျက်စီးနေကြောင်း၊ ထိုနေရာသည် အာကာသမှန်ပြောင်းကြီးနှင့် ချိတ်ဆက်ထားသည့် တောင်ပံများအနီးတွင်ရှိကြောင်း သိရှိရသည်။ NASAက ယာဉ်မှူးများသည် လိုအပ်သောပြုပြင်မှုများ ပြုလုပ်ပြီး ကာကွယ်ရေးစနစ်များကိုလည်း အဆင့်မြှင့်ခဲ့မည်ဖြစ်ကြောင်း၊ ထို့နောက်တွင် ယာဉ်မှူး(၅)ဦးသည် အာကာသအတွင်း လမ်းလျှောက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မူလက ယခုMissionအတွက် အလွန်စိုးရိမ်ခဲ့သော်လည်း ယခုအခါ အခြေအနေကောင်းမွန်ပြီး စိတ်ချရဖွယ် အနေအထားရှိကြောင်းလည်း NASAက ပြောကြားသွားသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂျုပီတာဂြိုလ်ကို နာဆာ နှင့် အီးယူ အာကာသ အေဂျင်စီတို့ ပူးပေါင်းလေ့လာမည်

alt

နာဆာနှင့် ဥရောပ အာကာသ အေဂျင်စီတို့ ပူးပေါင်းကာ ဂျူပီတာဂြိုဟ်ကို လေ့လာမှုများ ပြုလုပ်သွားရန် စတင် စီစဉ်နေကြောင်း အဖွဲ့အစည်း (၂) ခုလုံးက သတင်း ထုတ်ပြန် ကြေညာခဲ့သည်။

ဓာတ်ငွေ့များ ပေါကြွယ်ဝသည့် ဂျူပီတာဂြိုဟ် မျက်နှာပြင်ကို လေ့လာမှုများ ပြုလုပ်နိုင်မည့် စက်ရုပ်နှစ်ခု လွှတ်တင်သွားရန် အဖွဲ့နှစ်ခု သဘောတူညီ ခဲ့ပြီး (၂၀၂၆) ခုနှစ်တွင် အကောင်အထည် ပေါ်လာမည့် အဆိုပါ ပရောဂျက်မှာ ဒေါ်လာ ဘီလျံများစွာ ကုန်ကျမည်ဟု သိရသည်။

စက်ရုပ်တခုစီကို အဖွဲ့အစည်း တခုစီက တာဝန်ယူ တည်ဆောက်မည် ဖြစ်ပြီး ယခု ပရောဂျက်သည် နေအဖွဲ့ အစည်းအကြောင်း လူသားများ ပိုမို သိရှိ လာနိုင်စေရေး အရေးပါသည့် ခြေလှမ်းတခုဟု နာဆာက ရည်ညွှန်းခဲ့သည်။

ဂျူပီတာအား ဓာတ်ငွေ့ ဘီလူးကြီးဟု တင်စား ခေါ်ဝေါ်နေကြပြီး ၎င်းတွင် ဂြိုဟ်ရံလ (၄) လုံးရှိသည် ဆိုသည့် အချက်များမှ လွဲပြီး အသေးစိတ် တိတိကျကျ ဖော်ထုတ်နိုင်မှုများ မရှိသေးသောကြောင့် ယခု ပရောဂျက်အား နက္ခဗေဒ ပညာရှင်များက မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိနေကြောင်း သတင်းရရှိသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နာဆာအဖွဲ့ကြီး၏ အန္တရာယ်အများဆုံး အကာသာခရီးစဉ်

http://www.planet.com.mm/news/newsimg/May09/nasa200.jpg

NASAအဖွဲ့သည် သမိုင်းတလျှောက် အန္တရာယ်အများဆုံး Missionအဖြစ် သတ်မှတ်ရမည့် အာကာသလွန်းပျံယာဉ် လွှတ်တင်မှုအဖြစ် မေလ(၁၁)ရက်နေ့က အကာသလွန်းပျံယာဉ် အတ္တလန္တစ်(Atlantis)ကို လွှတ်တင်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ လွန်းပျံယာဉ်တွင် နက္ခတ်ဗေဒပညာရှင် (၇)ဦး လိုက်ပါသွားပြီး Hubbleအာကာသ မှန်ပြောင်းကြီးကို ပြန်လည်ပြင်ဆင်ရန် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယခုMissionကို အမေရိကန် ရေတပ်တိုက်လေယာဉ်မှူးဟောင်း စကော့တ်အော့တ်မန်က ဦးဆောင်သွားမည်ဖြစ်သည်။

Atlantis

Atlantis
(အတ္တလန္တစ်အာကာသလွန်းပျံယာဉ်လွှတ်တင်စဉ်)

အသက်(၄၉)နှစ်ရှိ အော့တ်မန်သည် Top Gunဇာတ်ကားတွင် မင်းသားတွမ်ခရုစ်အတွက် လူစားထိုး လေယာဉ်မောင်းပေးဖူးသည့် နာမည်ကျော် လေသူရဲတစ်ဦးဖြစ်ပြီး ယခုအခါတွင် ကမ္ဘာမြေအထက် မိုင်(၃၅၀)အကွာရှိ မှန်ပြောင်းကြီး ပြင်ဆင်ရေးလုပ်ငန်းတွင် ခေါင်းဆော်ရတော့မည်ဖြစ်သည်။ ဒေါ်လာ(၇)ဘီလျံ ကုန်ကျသည့် အဆိုပါစီမံကိန်းကြီးအတွက် NASAအနေနှင့် ဒေါ်လာ(၁.၄)ဘီလျံ ထည့်ဝင်ခဲ့ပြီး Hubbleမှန်ပြောင်းကြီးအား ပဉ္စမနှင့် နောက်ဆုံးအကြိမ်အဖြစ် ပြုပြင်ခြင်းလည်းဖြစ်ကြောင်း သိရသည်။

Atlantis

Atlantis
(၂၀၀၂ခုနှစ်က Hubble မှန်ပြောင်းအား ပြုပြင်ခဲ့စဉ်)

အော့တ်မန်ဦးဆောင်သည့်အဖွဲ့သည် အတ္တလန္တစ်လွန်းပျံယာဉ်နှင့် ထွက်ခွာသွားခြင်းဖြစ်ပြီး ထိုအစီအစဉ် ချွတ်ချော်တိမ်းစောင်းခဲ့ပါက အစားထိုးရန် အန်ဒဲဗားလွန်းပျံယာဉ်ကို အဆင်သင့် ပြင်ဆင်ထားကြောင်း NASAက ဆိုသည်။ ဖလော်ရီဒါမှ လွှတ်တင်လိုက်သော လွန်းပျံယာဉ်သည် Gyroscopeအသစ်(၆)ခုနှင့် ဘက်ထရီများကို သယ်ဆောင်သွားပြီး ပညာရှင်အဖွဲ့သည် အပူကာအလွှာတစ်ခုကိုလည်း မှန်ပြောင်းကြီးတွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ (၁၉၉၀)ပြည့်နှစ်က အာကာသအတွင်း လွှတ်တင်ခဲ့သည့် Hubbleမှန်ပြောင်းကြီးမှာ သတ်တမ်း(၁၉)နှစ်ရှိခဲ့ပြီဖြစ်ပြီး အာကာသ သုတေသနလုပ်ငန်းများအတွက် အလွန်တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုကြီးဖြစ်ကြောင်း NASAက ပြောဆိုခဲ့ဖူးသည်။

Atlantis

Atlantis
(အတ္တလန္တစ်အာကာသယာဉ်မှူးများ လေ့ကျင့်မှုပြုလုပ်နေစဉ်)

NASAက ယခုပြင်ဆင်မှု ခရီးစဉ်သည် အလွန်အန္တရာယ်များပြီး အာကာသယာဉ်မှူးများ၏ အသက်အတွက် စိုးရိမ်စရာများပင်ရှိကြောင်း ၀န်ခံခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သမိုင်းတလျှောက် အာကာသယာဉ်များ တက်ရောက်ဖူးသည့် အမြင့်ဆုံးအဆင့်မှာ မိုင်(၂၅၀)ထိသာရှိပြီး ယခုလွန်းပျံယာဉ်မှာမူ မိုင်(၃၅၀)အထိ ထိုးတက်ရသဖြင့်ဖြစ်ကြောင်း NASAက ရှင်းလင်းပြောဆိုခဲ့သည်။ (၁၇)ရာစု နက္ခတ်ဗေဒပညာရှင် ဂယ်လီလီယို၏ အာကာသမှန်ပြောင်း ပုံစံငယ်နောက်ပိုင်း အကြီးမားဆုံး နက္ခတ်ဗေဒဆိုင်ရာ အောင်မြင်မှုကြီးအဖြစ် သတ်မှတ်ခံထားရသည့် Hubbleမှန်ပြောင်းကြီးသည် ကမ္ဘာကို အကြိမ်ပေါင်း (၉၇၀၀၀)ကျော်မျှ ပတ်ခဲ့ပြီးဖြစ်ကာ မိုင်ပေါင်းဘီလျံနှင့်ချီ ပျံသန်းခဲ့ပြီးဖြစ်သည်။ ထို့အပြင် နက္ခတ်ဗေဒပညာရှင်များအတွက် အလွန်အသုံးဝင်သည့် ဓာတ်ပုံပေါင်း (၆၀၀၀၀၀)ကျော်ကိုလည်း NASAသို့ ပြန်လည်ပေးပို့ထားနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်္ဂါဂြိုဟ် ပေါ်တွင် မြစ်ချောင်းများ စီးဆင်း နေခဲ့ဟုဆို

alt

မားစ်ဂြိုဟ် ပေါ်တွင် မကြာသေးမီ အချိန်ကထိ မြစ်ချောင်းများ စီးဆင်း နေခဲ့ကြောင်း ယူဆရသည့် ဓာတ်ပုံ မှတ်တမ်းများကို နာဆာက ရရှိခဲ့ ပြီးနောက် မားစ်ဂြိုဟ်တွင် သက်ရှိများ နေထိုင်ခဲ့ကြောင်း ကောက်ချက်များကို ပိုမို အားကောင်း လာစေခဲ့သည်။

ရေခဲမြစ်များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသည်ဟု ယူဆရသော မြစ် လမ်းကြောင်းများကို သက်သေအဖြစ် ခိုင်ခိုင်မာမာ တွေ့ရှိခဲ့ပြီဟု မားစ်ဂြိုဟ် လေ့လာရေး ပညာရှင်များက ဆိုသည်။

လွန်ခဲ့သော နှစ်ပေါင်း (၄.၆) ဘီလျံခန့်က နေအဖွဲ့ အစည်းအတွင်း၌ အတူစတင် ပေါ်ထွန်းလာသည်ဟု ယူဆရသော မားစ်ဂြိုဟ်တွင် ပြီးခဲ့သည့် နှစ်ပေါင်း (၁.၂၅) သန်းမှ စတင်ကာ မကြာမြင့်မီ အချိန်အထိ မြစ်ချောင်းများ ရှိနေခဲ့ပြီး ဖြစ်ကြောင်း သုတေသီများက မှတ်ချက် ချခဲ့သည်။

အမေရိကန် အာကာသ စခန်းရှိ မားစ်ဂြိုဟ် လေ့လာရေး အတွက် တပ်ဆင်ထားသော အလွန် အားကောင်းသည့် မှန်ပြောင်းများ မှတဆင့် ရရှိခဲ့သော ပုံရိပ်များတွင် ယခုကဲ့သို့ မြစ်ချောင်းများ ဖြတ်သန်း စီးဆင်းခဲ့သည့် အခြေအနေများကို ထောက်လှမ်း သိရှိလာခြင်းဟု နာဆာက အတည်ပြု ကြေငြာသွားသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

GPS စက်ငယ်များဖြင့် ပြည်တွင်းကားလမ်းကြောင်းရှာဖွေမှုပြုနိုင်

http://www.planet.com.mm/news/newsimg/March09/632009_GPS_b.jpg

ကုမ္ပဏီများမှ အသုံးပြုလျက်ရှိသည့်ကားများ၊ အရောင်းကားများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများတွင်ရှိသောကားများသည် နေ့စဉ်နှင့်အမျှပြေးဆွဲမောင်းနှင်လျက်ရှိရာ၌ တနေ့တာသွားခဲ့သည့်ခရီးစဉ်များအား မှတ်တမ်းတင်နိုင်သည့် Fleet Management System အား ပိုမိုတွင်ကျယ်စွာအသုံးပြုလာနိုင်ကြောင်းသိရသည်။

“အရောင်းကားတွေ၊ သက်ဆိုင်ရာကုမ္ပဏီကားတွေဟာ တစ်နေ့တစ်နေ့ ဘယ်ကိုသွားခဲ့လဲ။ ဘယ်နှစ်မိုင်သွားခဲ့လဲ။ ဘယ်အချိန်က ဘယ်လမ်းပေါ်ရောက်ခဲ့လဲ။ ဘယ်အချိန်ကဘယ်ဆိုင်ကိုဝင်ခဲ့လဲဆိုတာတွေကို စနစ်တကျမှတ်တမ်းတင် ပို့အတွက် Fleet Management System ကိုအသုံးပြုလို့ရပါတယ်။ ဒီစနစ်ကိုအသုံးပြုတဲ့အတွက် ကားတွေဟာဘယ်နေရာမှာ၊ ဘယ်နေ့က ဘယ်ကိုသွားခဲ့တယ်ဆိုတဲ့ မှတ်တမ်းမှတ်ရာတွေရှိခဲ့လို့ရှိရင် သူတို့အတွက် ကုန်ကျတဲ့ဓါတ်ဆီဖိုးတွေ၊ သူတို့ခိုင်းလိုက်တဲ့အလုပ်တွေ၊ သူတို့သွားခဲ့တဲ့တန်ဖိုးတွေကို ကျွန်တော်တို့စနစ်တကျမှတ်တမ်းတင်ပြီး အကျိုးအမြတ်ကိုတွက်ယူလို့ရပါတယ်” ဟု Concordia မှ တာဝန်ရှိသူကိုညီညီမင်းမှပြောကြားခဲ့သည်။

“ဥပမာ-ရန်ကုန်မြို့ရွှေဂုံတိုင်မှာ ကားတစ်စီးဟာဖြတ်သွားခဲ့တယ်ဆိုပါဆို့။ ဖြတ်သွားတဲ့ကားဟာ ရုံးကိုပြန်ရောက်လာတဲ့အချိန် download ပြန်လုပ်ယူတဲ့အခါမှာ ကားဟာ ရွှေဂုံတိုင်မီးပွိုင့်ကို ဘယ်နေ့ဘယ်အချိန် ဘယ်နှစ်နာရီမှာ ဖြတ်သွားခဲ့တယ်ဆိုတာကို မှတ်တမ်းတင်လို့ရပါတယ်။ ဒီမှတ်တမ်းဟာလည်း အင်မတန်အရေးကြီးတဲ့ မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်စထွက်သွားတဲ့နေရာနဲ့ ပြန်ဝင်ရောက်တဲ့နေရာတွေကို မှတ်တမ်းတင်ပေးထားတဲ့အတွက် နောက်ပိုင်းမှာ အင်မတန်တွင်ကျယ်လာမယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်” ဟု ၎င်းထပ်မံပြောကြားခဲ့သည်။

အဆိုပါဆော့ဖ်ဝဲကို အသုံးပြုရန်အတွက် အသေးစား GPS တစ်လုံးအား ကားတွင်ပါဝင်သော စီးကရက် Lighter ထွက်လာသော Power ကြိုးနှင့် ချိတ်ဆက်အသုံးပြုရမည်ဖြစ်သည့်အတွက် ပါဝါစားသက်သာကြောင်းသိရသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လေတိုက်နှုန်းဖြင့် မောင်းနှင်သော စက်မဲ့ယာဉ် ငှက်စိမ်းလေး စံချိန်ချိုး

alt

ယမန်နေ့က အမေရိကန်နိုင်ငံ နီဗါးဒါး ပြည်နယ်၊ အိုင်ဗင်ပါ့ဟ် ရေကန်ကြီး အနီးတွင် ဗြိတိန်နိုင်ငံ ဟမ်းရှိုင်းယားမှ အင်ဂျင်နီယာ ရစ်ချတ်ဂျာဂင်သည် ငှက်စိမ်းလေးဟု အမည်ရ လေတိုက်နှုန်းဖြင့် မောင်နှင်သော စက်မဲ့

ရေပြင် မြေပြင်သွားယာဉ်မှာ ယခင် အမေရိကန်လူမျိုး ဘော့(တ်) ချူးမာချာ တင်ထားသော စံချိန်အား ချိုးလိုက်ပြီ ဖြစ်သည်။

၁၀နှစ်ကျော်ကြာ အချိန်ယူ တီထွင်ခဲ့သော ရစ်ချတ်ဂျာဂင်မှာ ယမန်နေ့က နီဗါဒါးသဲကန္တာရတွင် ၁နာရီတွင် ၁၂၆.၁မိုင်ဖြင့် စံချိန်ချိုးလိုက်ပြီး ယခင်စံချိန်မှာ ၁၉၉၉ခုနှစ်က အမေရိကန်နိုင်ငံမှ ဘော့(တ်) ချူးမာချာ သည် သံမဏိဘဲကလေး အမည်နှင့် ၁နာရီ ၁၁၆မိုင်နှုန်းဖြင့် တင်ထားခဲ့ခြင်း ဖြစ်သည်။

ဘီဘီစီ သတင်းဋ္ဌာနသို့ မစ္စတာဂျာဂင် ပြောကြားရာတွင် သိပ်ကို ကြီးကျယ်တဲ့ ဖန်တီးမှုပါ တိကျသေခြာဖို့ အတွက် အချိန်အများကြီး ပေးဆပ်ရတာပဲ ရှိပါတယ်၊ ကီလိုချိန် ၆၀၀ သာလေးတဲ့ ဒီယာဉ်ကို ကာဗွန်ဖိုင်ဘာ နဲ့ ပြုလုပ်ထားပြီး သတ္တုဆိုလို့ အတောင်ပံဟန်ချက် ထိမ်းတဲ့ နေရာမှာရယ် ဘီးမှာပဲ ပါဝင်ကာ ဘာ စက်ကရိယာ အင်ဂျင်မော်တာမှ မပါဝင်ဖူးလို့ ဖြေဆိုသွားခဲ့သည်။ နောက်ထပ် လေအားဖြင့် ရေခဲပြင်၊ ကုန်းတွင်ပိုင်းတို့တွင် အမြန်ဆုံး သွားလာနိုင်မည့် ယာဉ်များထပ်မံ တည်ထွင် နေဦးမည်ဟု ပြောဆိုသွားပါသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပန်ကန်းပြားပျံဇာတ်လမ်းများနှင့် ဗြိတိန်ကာကွယ်ရေးဝန်းကြီးဌာန

http://www.planet.com.mm/news/newsimg/March09/ufo2001.jpg

မကြာသေးမီက နိုင်ငံအတွင်း ပန်းကန်ပြားပျံဟု ယူဆရသည့် အရာများကို တွေ့ရှိမှုအကြိမ်ရေ များလာပြီးနောက်ပိုင်း အခြားသော ဂြိုလ်ကမ္ဘာများမှ ကျူးကျော်တိုက်ခိုက်မှုများ ဖြစ်လာနိုင်ကြောင်း စိုးရိမ်မှုများအား ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက စိုးရိမ်စရာမရှိဟု ပြောကြားလိုက်သည်။ ဗြိတိန်လေတပ်မတော်မှ လေသူရဲများအပါအ၀င် ရာနှင့်ချီသော မျက်မြင်သက်သေများက နော်ဖော့ခ်တွင် ထူးဆန်းသော ပုံသဏ္ဍန်ရှိသည့် အရာများ ပျံဝဲနေသည်ကို တွေ့မြင်ခဲ့ရသော်လည်း ၀န်ကြီးဌာနက ထိုနေရာများသည် ဗြိတိန်၏ စစ်ရေးမဟာမိတ် အမေရိကန်နိုင်ငံ၏ B2 အသံတိတ် ဗုံးကြဲလေယာဉ်များ အစမ်းလေ့ကျင့် ပျံသန်းမှုများ ကြိမ်ဖန်များစွာ ပြုလုပ်နေသည့် ဒေသများဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။




(B2 ဗုံးကြဲလေယာဉ်)

မျက်မြင်များအနေနှင့် အဆိုပါလေယာဉ်ကြီးများ၏ ပုံသဏ္ဍန်ကို ထင်ယောင်ထင်မှား ဖြစ်ကြခြင်းသာဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ ၀န်ကြီးဌာနက သူလျှိုထောက်လှမ်းရေး လုပ်ငန်းများကို စမ်းသပ်လေ့ကျင့်နေသည့် အမေရိကန်လေတပ်မတော်သည် ဗြိတိန်အစိုးရကို ကြိုတင်အကြောင်းမကြားဘဲ ပျံသန်းနေခဲ့ခြင်းကြောင့်ဟု ပြောဆိုခဲ့သည်။ ကာကွယ်ရေး ၀န်ကြီးဌာနသည် (၁၉၈၇)ခုနှစ်မှ (၁၉၉၃)ခုနှစ်အကြား ပန်းကန်ပြားပျံဖြစ်ရပ် (၁၂၀၀)ကျော်ကို လေ့လာဆန်းစစ်ထားသည့် မှတ်တမ်းများကို မကြာသေးမီက ပြည်သူများထံ ဖော်ထုတ်ပြသခဲ့သေးသည်။




(လူတစ်ဦးက အမှတ်မထင်ရိုက်ယူခဲ့သော ဓာတ်ပုံတွင်တွေ့ရသည့်

ကောင်းကင်ယံမှ ပန်းကန်ပြားပျံဟု ထင်ရသောအရာများ)

အမေရိကန်၏ အသံတိတ်စွမ်းရည်ရှိ ဗုံးကြဲလေယာဉ်နှင့် တိုက်လေယာဉ်များသည် အမေရိကန်လေတပ်၏ မဟာဗျူဟာအမြောက်ဆုံး တိုက်ခိုက်ရေးယန္တရားများဖြစ်ပြီး ၎င်းလေယာဉ်များ၏ တည်ဆောက်ပုံနှင့် ဖွဲ့စည်းထားသည့် ဓာတ်သတ္တုများကြောင့် ရေဒါဖြင့် ရှာမတွေ့နိုင်ချေ။ ယခုအခါ ရုရှားကလည်း အဆိုပါစွမ်းရည်ရှိ လေယာဉ်ကြီးများ ပုံစံထုတ် တည်ဆောက်နေပြီဟုသိရသည်။ ပန်းကန်ပြားပျံ ဖြစ်ရပ်ဆန်းများနှင့် ပတ်သတ်ပြီး ကောလဟာလအမျိုးမျိုး ထွက်ပေါ်နေသော်လည်း Auroraခေါ် သူလျိုလေယာဉ်ပျံများ စမ်းသပ်ပျံသန်းနေသည်ကို အမြင်မှားခဲ့မှုများလည်း ဖြစ်နိုင်ပါကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေငြာသွားသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စိန်ပွင့်များတွေ့ရှိမှုနှင့် ကြယ်တံခွန်ဝင်တိုက်ခဲ့ခြင်း အယူအဆ

http://www.planet.com.mm/news/newsimg/February09/diamond200.jpg

သေးငယ်သော စိန်ပွင့်လေးများစွာကို တွေ့ရှိခဲ့ရမှုသည် လွန်ခဲ့သော နှစ်ပေါင်း(၁၃၀၀၀)ခန့်က ကမ္ဘာကို ကြယ်တံခွန်တစ်ခု ၀င်တိုက်မိခဲ့သည်ဆိုသော အယူအဆကို ပိုမိုခိုင်မာလာစေခဲ့ကြောင်း သိရှိရသည်။ သိပ္ပံပညာရှင်များသည် မြောက်အမေရိကသို့ ဦးတည်တိုက်မိခဲ့သည့် အဆိုပါဖြစ်စဉ်အတွင်း ထိုဒေသနေ လူသားမျိုးနွယ်များ၊ အမွေးရှည် မမ်မတ်သ်ဆင်ကြီးများကို ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားစေရုံမျှမက နှစ်ပေါင်း(၁၃၀၀)ခန့်မျှ သက်တမ်းကြာမြင့်ခဲ့သော ရေခဲခေတ်ကိုပါ အဆုံးသတ်သွားစေခဲ့ကြောင်း ယုံကြည်နေကြသည်။ အတိတ်သမိုင်း၏ ဖြစ်ရပ်ဆန်းများကို ခြေရာခံဖော်ထုတ်နေကြသော ပညာရှင်များအနက်မှ ဒေါက်ကလပ်စ်ကနက်ဆိုသူ ပညာရှင်တစ်ဦးက မြောက်အမေရိက မြေထု၏ နေရာအတော်များများတွင် အနုကြည့်မှန်ပြောင်းနှင့် ကြည့်ရှုမှသာ တွေ့ရှိနိုင်သော အလွန်သေးငယ်သည့် စိန်မှုန်ကလေးများ ပြန့်နှံ့နေမှုသည် ကြယ်တံခွန်နှင့် ကမ္ဘာမြေတို့ အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်မိချိန်တွင် ထွက်ပေါ်လာသော အင်အားပြင်းထန်လှသည့် အပူစွမ်းအားထုကြီးကြောင့် ကာဘွန်ဓာတ်ပြောင်းမှုများ ဖြစ်ပွားခဲ့သော အထောက်အထားများ ဖြစ်နိုင်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။

http://www.planet.com.mm/mocintranet/userfiles/Image/ACFDD92.jpg

ကြီးမားသော တုန်ဟည်းမှုကြီးနှင့်အတူ မစ္စစ္စပီမြစ်အတွင်း ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် အထောက်အထားများကို ပညာရှင်များက တွေ့ရှိထားပြီး မာရေးစပရင်းစ်၊ အာရီဇိုးနားတို့တွင် အပူချိန် မြင့်မားမှုနှင့် ဖိအားသက်ရောက်မှု အလွန်များခြင်းတို့ကြောင့် စိန်အဖြစ် အသွင်ပြောင်းသွားသည့် ကာဘွန်ဒြပ်များစွာကို ပညာရှင်များ ဖော်ထုတ်လာနိုင်ခဲ့သည်။ ကြယ်တံခွန်နှင့်အတူ ပါလာခဲ့သော ဥက္ကာခဲများက ထိုဒေသရှိ နေရာအနှံ့အပြားတွင် မီးလောင်မိုးစက်များသဖွယ် ကျရောက်လောင်ကျွမ်းပြီး သက်ရှိသက်မဲ့ အရာများအားလုံးကို ပျက်စီးစေခဲ့ကြောင်း သုတေသနပညာရှင် ကနက်က ပြောဆိုခဲ့သည်။ ထိုကြယ်တံခွန် တိုက်ခိုက်မှုကြီးသည် လွန်ခဲ့သော နှစ်ပေါင်း(၆၅)သန်းက ဒိုင်နိုဆော သတ္တ၀ါကြီးများအား မျိုးသုဉ်းပျောက်ကွယ်သွားစေသည့် ကြယ်တံခွန်တိုက်ခိုက်မှုကြီးနောက် ဒုတိယအကြိမ် ကမ္ဘာသို့ ထိခိုက်ခဲ့သည့် အာကာသကပ်ဆိုးကြီးအဖြစ် ပညာရှင်များက ယူဆထားကြသည်။ ကောင်းကင်မှတဆင့် မီးလုံးကြီးများ အဆက်မပြတ် ကျဆင်းလာသည့် မြင်ကွင်းသည် စိတ်ကူးနှင့်ပင် ကြောက်စရာကောင်းကြောင်း သုတေသနပညာရှင် အလန်ဝက်စ်က ပြောဆိုခဲ့သည်။

ပူလောင်သော ဖြာထွက်စွမ်းအင်နှင့်အတူ လူနှင့်တိရစ္ဆာန်များ၊ အပင်များအားလုံး အရည်ပျော်ခဲ့သလို အပူငွေ့များနှင့် ရေလျံမှုများက ဆီးနှင်းများကို အရည်ပျော်စေခြင်းဖြင့် ရေခဲခေတ်ကို နိဋ္ဌိတံစေခဲ့ကြောင်း ပညာရှင်များက ရှင်းလင်းပြောဆိုခဲ့သည်။ ထိုဖြစ်စဉ်အတွင်း မမ်မတ်သ်နှင့် မာစတိုဒွန်ဆင်များ၊ ဓားကောက်အစွယ်ရှည် ကျားကြီးများ၊ အမေရိကန် လည်ရှည်ကုလားအုတ်များ၊ မျက်နှာတို ၀က်ကံများ၊ အမေရိကန်ခြင်္သေ့များ အပါအ၀င် နို့တိုက်သတ္တ၀ါ (၃၅)မျိုးခန့်ကို ကမ္ဘာမြေပေါ်မှ အပြီးတိုင် ပျောက်ကွယ်သွားစေခဲ့ကြောင်း အော်ရီဂွန်၊ ကယ်လီဖိုးနီးယား၊ မြောက်ပိုင်းအာရီဇိုးနား၊ အိုကလာဟိုးမားနှင့် ဒီပေါလ် တက္ကသိုလ်တို့မှ သုတေသန အဖွဲ့များက ကောက်ချက်ချခဲ့ကြသည်။ ၎င်းတို့၏ တွေ့ရှိချက်များကိ သိပ္ပံဂျာနယ် Natureတွင် ထည့်သွင်းဖော်ပြခဲ့ပြီး ယခုတွေ့ရှိမှုကြောင့် ခန့်မှန်းချေ လွန်ခဲ့သောနှစ်ပေါင်း (၁၂၉၀၀)ခန့်က ကမ္ဘာမြေသို့ ကြယ်တံခွန်တစ်ခု ၀င်တိုက်ခဲ့ကြောင်း ခိုင်ခိုင်မာမာ လက်ခံရတော့မည်ဟု ရေးသားထားသည်။ စိန်ပွင့်များတွေ့ရှိခဲ့သည့် ဒေသများအနက် အိုကလာဟိုးမား၊ မီချီဂန်၊ တောင်ပိုင်း ကာရိုလိုင်းနားနှင့် ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာ ခရိုင်တို့လည်း ပါရှိခဲ့ကြောင်း သတင်းရရှိသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...