Powered by Blogger.
RSS

ကမ္ဘာဂြိုဟ်နှင့်တူသော 'စူပါမြေကမ္ဘာ' ဂြိုဟ်သစ်တစ်လုံးတွေ့ရှိ

(အေအက်ဖ်ပီ)
အောင်သာလင်း ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)

ဝါရှင်တန်- သက်ရှိများနေနိုင်သည့် ဤ မြေကမ္ဘာနှင့်တူသော ဂြိုဟ်တစ်လုံးကို ဤနေစကြ၀ဠာ အပြင်ဘက်၌ ကက်ပလာ အာကာသ မှန်ပြောင်းဖြင့် တွေ့ထားကြောင်း အမေရိကန်နာဆာ အဖွဲ့မှ ဒီဇင်ဘာလ ၅ ရက်တွင် ကြေညာသည်။

ပြင်သစ် နက္ခတ္တသိပ္ပံပညာရှင်များကလည်း သက်ရှိများနေနိုင်ဖွယ်ရှိသည့် ကျောက်သားဖြင့်ပြီးသော ဂြိုဟ်တစ်လုံးကို ဤနေစကြ၀ဠာ အပြင်ဘက်တွင် မိမိ တို့ ပထမဆုံးအကြိမ်တွေ့ရှိကြောင်း ယခု နှစ်ဦးပိုင်းက ကြေညာသည်။

သို့သော် ၂၀၀၉ ခုနှစ်ကတည်းက စတင်တွေ့ရှိ စူးစမ်းလာခဲ့သည့် Kepler-22b ဟု အမည်ပေးထားသော ယခုဂြိုဟ်တုသစ်မှာလည်း အမေရိကန်အာကာသ အေဂျင် စီအနေဖြင့် ပထမဆုံး အတည်ပြု ပြောကြားနိုင်ခဲ့သော ဂြိုဟ်ဖြစ်သည်။

အတည်ပြုခြင်းဆိုသည်မှာ သင့်တင့်သော အခြေအနေများဖြင့် ထိုနေစကြ၀ဠာ၌ ယခုဂြိုဟ်သစ် အမှန်တကယ်ရှိနေခြင်းကိုသာ ဆိုလိုပြီး ဂြိုဟ်သစ်ပေါ်၌ သက်ရှိများ အသေအချာရှိနေသည်ဟု ဆိုလို ခြင်းမဟုတ်ဟုဆိုသည်။

မြေကမ္ဘာနှင့်တူသည့် ယင်းကဲ့သို့ သော ဂြိုဟ်များသည် ရေရှိနိုင်ဖို့အတွက် ၎င်းတို့၏ နေနှင့်မနီးလွန်း မဝေးလွန်း သည့်နေရာတွင် ရှိနေရမည့်အပြင် သက်ရှိများ ရှင်ကျန်မျိုးပွားနိုင်ရေး အတွက် သင့်တင့်သည့်အပူချိန်နှင့် လေထုလည်းရှိနေရမည် ဖြစ်သည်။

"Kepler-22b ဟာ သက်ရှိတွေ နေနိုင်လောက်တဲ့ ဇုန်နယ်ထဲမှာရှိတာ သေချာပါတယ်။ အခြေခံမျက်နှာပြင် တစ်ခုခုသာ ရှိနေရင်တော့ ဒီဂြိုဟ်ရဲ့ အပူချိန်လည်း ကောင်းနေဖို့များပါ တယ်"ဟု နာဆာအဖွဲ့ အေမီသုတေသန ဌာနမှ ကက်ပလာ သုတေသနမှူး ဘီးဘို ရပ်ကီက ဆိုသည်။

နေနှင့်တူသော ကြယ်တစ်လုံးကို အလင်းနှစ် ၆၀၀ ခန့်အကွာမှ ရက် ၂၉၀ တစ်ပတ်နှုန်းဖြင့် လှည့်ပတ်နေသော Kepler-22b သည် ဤကမ္ဘာဂြိုဟ်ထက် ၂ ဒသမ ၄ ဆ ပိုကြီးသည်။

နက္ခတ္တဗေဒသိပ္ပံသုတေသန မှတ်တမ်းတွင် စူပါမြေကမ္ဘာများ (Super-Earths) အဆင့်အုပ်စု၌ စာရင်းသွင်းထားသည်။

Kepler-22b ဂြိုဟ်၏ မျက်နှာပြင် အထက် အနီးဝန်းကျင်အပူချိန်ကို ၇၂ ဒီဂရီ ဖာရင်ဟိုက် (၂၂ ဆဲဆီးယပ်) ခန့်ဟု ခန့်မှန်းထားပြီး ဂြိုဟ်အမျိုးအစားမှာ ကျောက်သားလော၊ ဓာတ်ငွေ့လော၊ သို့တည်းမဟုတ် အရည်လော သိပ္ပံ ပညာရှင်များ မသိကြသေးပေ။

နေရှေ့မှ ဖြတ်သန်းသွားနေသော Kepler-22b ၏ ပထမဆုံးပုံရိပ်ကို ၂၀၀၉ ခုနှစ်၊ မတ်လတွင် နာဆာမှ Kepler အာကာသယာဉ် လွှတ်တင်ပြီး မကြာမီမှာပင် ယာဉ်ပေါ်တွင် အသင့် တပ်ဆင်ထားသော (အာကာသသို့ သယ်ဆောင်ခဲ့သည့် ကင်မရာများ အနက် အကြီးဆုံးဖြစ်သည့်) ကင်မရာ ဖြင့် ရိုက်ယူရရှိခဲ့သည်။

အချက်အလက်များကို ယင်းကင်မရာဖြင့် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအထိ မြေကမ္ဘာသို့ ရိုက်ကူး ပေးပို့နေဦးမည်ဖြစ်သည်။

"နာဆာအဖွဲ့သည် ယခင်ကတည်းကပင် ဂြိုဟ်၊ သို့မဟုတ် အရံဂြိုဟ်ဟု ထင်ရသော အရာဝတ္ထုပေါင်း ၂,၃၂၆ ခုကို ဤနေစကြ၀ဠာ ပြင်ပ၌ စူးစမ်းလေ့လာ ခဲ့သည့်အနက် ယခုအခါ ဂြိုဟ်ဖြစ်ရန် အလားအလာများစွာရှိသည့် ဂြိုဟ်သစ် ပေါင်း ၁,၀၉၄ လုံးကို ဖော် ထုတ်နိုင်ပြီဖြစ် ကြောင်း ယခုသီတင်းပတ်တွင်း ကယ်လီ ဖိုးနီးယားပြည်နယ်၌ ကျင်းပသော ညီလာခံတစ်ခုသို့ တင်သွင်းသည့် နာဆာ သုတေသနစာတမ်း၌ ဖော်ပြထားသည်။

ဒေါ်လာ သန်း ၆၀၀ ခန့်ကုန်ကျသည့် Kepler ခရီးစဉ်သည် မြေကမ္ဘာ ဂြိုဟ်နှင့်တူသော ဂြိုဟ်များကို အခြား နေစကြ၀ဠာများ၌ ရှာဖွေလေ့လာရန် ဆောင်ရွက်သည့် နာဆာ၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

Kepler အာကာသ ယာဉ်သည် အခြားသော နေစကြ၀ဠာ များရှိ (ဤကမ္ဘာဂြိုဟ်အရွယ်ခန့်အထိ ငယ်သည့်) ဂြိုဟ်များကို ထောက်လှမ်း ရှာဖွေလျက်ရှိသည်။

ဤနေစကြ၀ဠာပြင်ပရှိ ဂြိုဟ်သုံးလုံးကို သက်ရှိများနေနိုင်မည့် ဂြိုဟ်များအဖြစ် ကမ္ဘာ့နက္ခတ္တဗေဒသိပ္ပံပညာရှင်များ လက်ခံထားပြီး ဖြစ်သည်။

ပြင်သစ်သိပ္ပံပညာရှင်များ ယခုနှစ် မေလ၌တွေ့ခဲ့သည့် Gliese 581d ဂြိုဟ်၊ ဆွစ်သိပ္ပံပညာရှင်များ ယခုနှစ် ဩဂုတ်လတွင် တွေ့ခဲ့သည့် HD85512b ဂြိုဟ်နှင့် ယခုနှစ် မတ်လတွင် နောက်ဆုံးတွေ့သည့် Kepler-22b ဂြိုဟ်တို့ဖြစ်သည်။

Gliese 581d နှင့် HD85512b တို့သည် ဤနေစကြ၀ဠာမှ နေထက် အရွယ်အစားပိုငယ်၊ ပို၍လည်းအေးသော နေများကို လှည့်ပတ် ကြောင်း တွေ့ရသည်။

ဤနေစကြ၀ဠာမှ နေနှင့် တူသော နေတစ်စင်းအား မနီးလွန်း မဝေးလွန်းသည့် အကွာအဝေး (သက်ရှိ များရှင်သန်နိုင်သည့် အပူချိန် ရှိသည့် နေပတ်လမ်း) မှ လှည့်ပတ်နေသော တွေ့ရှိထားပြီး ဂြိုဟ်များတွင်ကား Kepler-22b သည် အရွယ်အစား အငယ်ဆုံးဖြစ်သည် ဟုလည်း နာဆာ ကဆိုသည်။

Kepler-22b အတည်ပြုလက်ခံရေးတွင် တက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော ဥရောပသိပ္ပံပညာရှင်များသည် Gliese 581d နှင့် HD85512b ဂြိုဟ်နှစ်လုံးကို ရှာဖွေ၍ အတည်ပြုချက် ရခဲ့ပြီးဖြစ်သည်ဟု သိရသည်။

Kepler အာကာသမှန်ပြောင်းဖြင့် ယနေ့အထိ စူးစမ်းစစ်ဆေးချက်အရ ထောက်လှမ်းတွေ့ရှိထားသည့် ဤ နေစကြ၀ဠာပြင်ပရှိ ဂြိုဟ်သစ်ပေါင်း ၂,၃၂၆ လုံးအနက် ဂြိုဟ်နှင့် အရံဂြိုဟ် (လ) စုစုပေါင်း ၄၈ လုံးကို သက်ရှိများ နေနိုင်သည့် အလားအလာရှိသော ဂြိုဟ်များအဖြစ် စာရင်းပြုထားပြီးဖြစ်သည်။

Credit : Myanmar Times

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...