Powered by Blogger.
RSS

အန်ဒဲဗားလွန်းပျံယာဉ် စီမံကိန်းကိုရွှေ့ဆိုင်း

အန်ဒဲဗားအာကာသလွန်းပျံယာဉ် လွှတ်တင်မည့်အစီအစဉ်ရွှေ့ဆိုင်း
ဇွန်လ(၁၉)ရက်နေ့တွင် လွှတ်တင်ရန် ပြင်ဆင်ထားသော အန်ဒဲဗားလွန်းပျံယာဉ် စီမံကိန်းကို နာဆာက ဒုတိယအကြိမ် ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။ ထိုနေ့နံနက် အစောပိုင်းက လွန်းပျံယာဉ်၏ ဟိုက်ဒြိုဂျင်လှောင်ကန်မှ အန္တရာယ်ရှိစေနိုင်လောက်သည့် ဓာတ်ငွေ့ယိုစိမ့်မှုတစ်ခု ဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ပြီးနောက် ဒုံးပျံလွှတ်တင်မှုကို (၁)နာရီကြာ ရွှေ့ဆိုင်းထားရန် တာဝန်ရှိသူများက စီစဉ်ခဲ့သည်။ ထိုအတောအတွင်း သိုလှောင်ကန် ချွတ်ယွင်းမှုကို ပြန်လည်ပြုပြင် တပ်ဆင်ရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေသောကြောင့် လွှတ်တင်မည့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ ထိုနေရာရှိ ဟိုက်ဒြိုဂျင်ပိုက်လိုင်းများ ယိုစိမ့်နေမှုကို ဇွန်လ(၁၄)ရက်နေ့ကလည်း တစ်ကြိမ်တွေ့ရှိခဲ့သဖြင့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသေးသလို ဇွန်လ(၁၇)ရက်နေ့တွင် လွှတ်တင်ရန် စီစဉ်ထားမှုကို ရွှေ့ဆိုင်းခဲ့ရသေးသည်။ ထိုကိစ္စအား စိတ်ကျေနပ်သည်အထိ ပြင်ဆင်နိုင်ရန် လွန်းပျံယာဉ် လွှတ်တင်မည့် အစီအစဉ်အား ဇူလိုင်လအထိ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း နာဆာက အတည်ပြုခဲ့သည်။ အန်ဒဲဗား လွန်းပျံယာဉ်တွင် အလားတူ ပြဿနာမျိုး လွန်ခဲ့သည့်(၃)လကလည်း ဖြစ်ပွားခဲ့ဖူးသေးသည်။ “ကျွန်တော်တို့ ပြဿနာရဲ့အစကို ခြေရာခံပြီး ရှာနေပါတယ်။ ဒီကိစ္စကို သေချာပြင်နိုင်မယ်ဆိုတာလည်း သေချာပါတယ်”ဟု လွန်းပျံယာဉ်လွှတ်တင်ရေး လက်ထောက်မန်နေဂျာ လီရွိုင်းကိန်းက ပြောကြားခဲ့သည်။ “ဘေးအကင်းဆုံး အနေအထားနဲ့ မြန်နိုင်သမျှမြန်မြန် လွှတ်တင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။ မတ်လအတွင်းကလည်း တစ်ကြိမ်ကြုံခဲ့ဖူးသည့် အဆိုပါ ပြဿနာအတွက် အင်ဂျင်နီယာများအနေနှင့် အဖြေမရှာနိုင်ခဲ့ကြောင်း သိရသည်။ လွန်းပျံယာဉ် လွှတ်တင်ရေး ပညာရှင်များသည် လွှတ်တင်မည့်နေ့ မတိုင်ခင် တစ်ရက်က မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နေမှုကြောင့် ဟိုက်ဒြိုဂျင် ဖြည့်တင်းမှုကို (၃)နာရီကြာ ရွှေ့ဆိုင်းခဲ့ရကြောင်း ပြောကြားခဲ့သေးသည်။ လွှတ်တင်ခါနီးတွင် ဓာတ်ငွေ့ယိုစိမ့်မှု ပေါ်ပေါက်နေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် လွန်းပျံယာဉ်နှင့် လိုက်ပါမည့် နက္ခတ်ဗေဒပညာရှင် (၇)ဦးလုံးကို ဟူစတန်ရှိ ဂျွန်ဆန် အာကာသ လေ့လာရေးစခန်းသို့ ပြန်လည်ပို့ဆောင်ပေးလိုက်ရကြောင်း သတင်းရရှိသည်။


Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...