Powered by Blogger.
RSS

Space Shuttle

အာကာသလွန်းပျံယာဉ် (Space Shuttle) သည် လူလိုက်ပါသော အာကာသ mission များအတွက် အမေရိကန်နိုင်ငံ အမျိုးသား လေကြောင်းနှင့် အာကာသဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့ (National Aeronautics and Space Administration – NASA) မှ ပိုင်ဆိုင်သော ပြန်လည်အသုံးပြုနိုင်သည့် စနစ်ပါရှိသော အာကာသယာဉ် (reusable launch system and orbital spacecraft) ဖြစ်သည်။ အဆိုပါ အာကာသလွန်းပျံယာဉ်ကို အာကာသပို့ဆောင်ရေးစနစ် (Space Transportation System) ဟူ၍လည်းခေါ်ဆိုသည်။ ထိုစနစ်ကို ဒုံးပျံပစ်လွှတ်မှု (rocket launch) ၊ ပတ်လမ်းဆိုင်ရာ အာကာသယာဉ် (orbital spacecraft) နှင့် ပြန်လည်ဝင်ရောက်နိုင်သည့် အာကာသယာဉ် (re-entry spaceplane) စသည်တို့ဖြင့် ဖွဲ့စည်းထားသည်။ ၁၉၈၁ ခုနှစ်တွင် စမ်းသပ်ပစ်လွှတ်မှု လေးကြိမ်ပြုလုပ်ခဲ့ပြီး ၁၉၈၂ ခုနှစ် အစပိုင်းတွင် စတင်ပစ်လွှတ်ခဲ့သည်။ အဆိုပါ အာကာသပို့ဆောင်ရေးစနစ် (STS) ကို ၂၀၁၁ ခုနှစ်၌ပစ်လွှတ်မှု ၁၃၅ ကြိမ် ပြီးမြောက်လျှင် ရပ်ဆိုင်းမည်ဟု အစီအစဉ်ပြုလုပ်ထားသည်။ ဂြိုဟ်တုပေါင်းများစွာနှင့် ဂြိုဟ်သွားအာကာသယာဉ်များစွာ တို့ကို ပို့ဆောင်လွှတ်တင်ပေးနိုင်ခဲ့သည်။ အာကာသသိပ္ပံ သုတေသနစမ်းသပ်မှုများနှင့် နိုင်ငံတကာ အာကာသစခန်းတည်ဆောက်မှုများတွင် ပါဝင်ခဲ့သည်။

NASA ၊ US ကာကွယ်ရေးဌာန ၊ ဥရောပအာကာသအေဂျင်စီ ၊ ဂျပန်နိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့အတွက် အာကာသပတ်လမ်းအတွင်း လှည့်ပတ်နေသော mission များ ပြုလုပ်ရာတွင် အသုံးပြုခဲ့သည်။ အမေရိကန်နိုင်ငံမှ STS နှင့် လွန်းပျံယာဉ် operation များအတွက် အကုန်အကျခံခဲ့သည်။ ယခင်အနောက် ဂျာမနီမှ Spacelab D1 အတွက် အကုန်အကျခံခဲ့ပြီး လက်ရှိ ဂျာမနီနိုင်ငံမှ Spacelab D2 အတွက် အကုန်အကျခံခဲ့သည်။ အာကာသသိပ္ပံ သုတေသန ဓာတ်ခွဲခန်းဖြစ်သော SL-J အတွက် ဂျပန်နိုင်ငံမှ တစ်စိတ်တစ်ပိုင်း အကုန်အကျခံခဲ့သည်။

အာကာသလွန်းပျံယာဉ်တွင် လိမ္မော်ရင့်ရောင်ရှိသော ပြင်ပလောင်စာဆီကန် (External Tank – ET) ၊ အဖြူရောင်ရှိသော လောင်စာခဲသုံးတွန်းကန် ဒုံးပျံ နှစ်ခု (Solid Rocket Booster – SRB) ၊ အာကာသယာဉ်မှုးများနှင့် payload တို့ပါဝင်သော ပတ်လမ်းအတွင်း ၀င်ရောက်သည့် အာကာသယာဉ် (Orbiter Vehicle – OV) တို့ပါဝင်သည်။ STS စနစ်တွင် ပါရှိသော Single-stage Payload Assist Module နှင့် Two-stage Inertial Upper Stage တို့ဖြင့် အမြင့်ပေ ပိုမိုမြင့်မားသော ပတ်လမ်းများ အတွင်းသို့ payload များကို ပို့ဆောင်နိုင်သည်။ Vehicle Assembly Building ထဲ၌ အာကာသလွန်းပျံယာဉ်ကို တစ်ဆင့်ပြီးတစ်ဆင့် တပ်ဆင်၍ explosive bolt ရှစ်ခု ပါရှိသော ရွေ့လျားနိုင်သည့် ပစ်လွှတ်စင် (mobile launch platform) တွင် တပ်ဆင်သည်။ အဆိုပါ explosive bolt များသည် ပစ်လွှတ်မှု စတင်ချိန်တွင် လောင်စာခဲသုံးတွန်းကန် ဒုံးပျံများ (SRBs) စတင် အလုပ်လုပ်နိုင်ရန် ဖောက်ခွဲမှု (detonate) ကိုပြုလုပ်သည်။

ပြင်ပလောင်စာဆီကန်၊ တွန်းကန်ရေးဒုံးပျံများနှင့် ချိတ်ဆက်ပြီးသော လွန်းပျံယာဉ်သည် ရွေ့လျားပစ်လွှတ်စင်မှနေ၍ သမားရိုးကျဒုံးပျံများကဲ့သို့ပင် ထောင်လိုက်တည့်မတ်စွာ ပစ်လွှတ်သည်။ ၄င်း၏ ပစ်လွှတ်မှုကို Solid rocket Booster နှစ်ခုမှနေ၍ ပင့်တင်မှုအား (lift force) ပေးသည်။ ထို့ပြင် လွန်းပျံယာဉ်တွင် တပ်ဆင်ထားသော အဓိကအင်ဂျင်သုံးခုမှလည်း ပင့်တင်မှုအား ထုတ်လုပ်ပေးသည်။ အဆိုပါ အင်ဂျင်သုံးခုသည် ပြင်ပလောင်စာဆီကန်တွင် ထည့်သွင်းထားသော ဟိုက်ဒရိုဂျင် အရည်နှင့် အောက်စီဂျင် အရည်တို့ဖြင့် မောင်းနှင်ခြင်းဖြစ်သည်။ လွန်းပျံယာဉ်ပစ်လွှတ်မှုဖြစ်စဉ်တွင် အဆင့်နှစ်ဆင့် ပါရှိသည်။ ပထမအဆင့်အနေဖြင့် လောင်စာခဲသုံးတွန်းကန် ဒုံးပျံနှစ်ခုသည် ပစ်လွှတ်မှု စတင်ချိန်တွင် အပိုကန်အား (additional thrust) ကို ထုတ်လုပ်ပေးသည်။ ပစ်လွှတ်မှုစတင်ပြီး နှစ်မိနစ်ကြာချိန်တွင် explosive bolt များကို အသုံးပြု၍ တွန်းကန်ဒုံးပျံနှစ်ခုကို ဖြုတ်ချလိုက်သည်။ အဆိုပါ တွန်းကန်ဒုံးပျံနှစ်ခုသည် အတ္တလန္တိတ် သမုဒ္ဒရာထဲသို့ လေထီးဖြင့်ကျရောက်သည်။ ပင်လယ်ထဲရှိ ထိုဒုံးပျံနှစ်ခုကို NASA recovery သင်္ဘောဖြင့် သယ်ဆောင်ပြီး မွမ်းမံခြင်းပြုလုပ်ကာ ပြန်လည်အသုံးပြုမည် ဖြစ်သည်။ လွန်းပျံယာဉ်နှင့် ပြင်ပလောင်စာဆီကန်တို့သည် အဓိကအင်ဂျင်သုံးခု၏ ပါဝါကိုအသုံးပြုကာ ရေပြင်ညီပျံသန်းမှုလမ်းကြောင်း (horizontal flight path) အတိုင်း ဆက်လက်တက်ရောက်သွားမည် ဖြစ်သည်။ ပျံသန်းမှုအရှိန်သည် ပတ်လမ်းနိမ့် ပတ်လမ်း (low earth orbit) ထဲသို့ ၀င်ရောက်နိုင်သည့် အရှိန်ဖြစ်သည့် တစ်နာရီလျှင် ၁၇၅၀၀ မိုင် (တစ်စက္ကန့်လျှင် ၇.၈ ကီလိုမီတာ) သို့ရောက်ရှိလာလျှင် အဓိကအင်ဂျင်များကို ပိတ်ချလိုက်မည် ဖြစ်သည်။ ထို့နောက် ပြင်ပလောင်စာဆီကန်ကို လေထုထဲသို့ စွန့်ပစ်လိုက်မည်ဖြစ်ပြီး အဆိုပါ လောင်စာဆီကန်သည် လေထုထဲတွင် လောင်ကျွမ်းပျက်စီးသွားမည် ဖြစ်သည်။ ထိုသို့ ပြင်ပလောင်စာဆီကန်ကို စွန့်ပစ်ပြီးနောက် ပတ်လမ်းအတွင်းဝင်ရောက်ခြင်းအား ထိန်းကြောင်းမောင်းနှင်မည့် စနစ်ပါရှိသော အင်ဂျင်များ (orbital maneuvering system – OMS) ကိုအသုံးပြုပြီး လွန်းပျံယာဉ်၏ ပတ်လမ်းကို ထိန်းညှိပေးမည် ဖြစ်သည်။

လွန်းပျံယာဉ်သည် အာကာသယာဉ်မှုးများ ၊ ဂြိုဟ်တုများနှင့် အာကာသစခန်း အစိတ်အပိုင်းများ စသည်တို့ကို ကမ္ဘာ့လေထု အပေါ်ဆုံးအလွှာဖြစ်သော Thermosphere အတွင်း၌ ရှိသည့် ပတ်လမ်းနိမ့် ပတ်လမ်းသို့ ပို့လွှတ်ပေးသည်။ ယေဘုယျအနေဖြင့် လွန်းပျံယာဉ်တွင် အဖွဲ့ဝင် ၅ ဦးမှ ၇ ဦး အထိပါဝင်သည်။ အဆိုပါ အဖွဲ့မှ အဖွဲ့ဝင် နှစ်ဦးသည် Commander နှင့် Pilot ဖြစ်သည်။ ၄င်းတို့ နှစ်ဦးသည် အနည်းဆုံး စမ်းသပ်ပျံသန်းမှု (test flight) လေးခုကို ပြုလုပ်ပြီးထားသူများ ဖြစ်ရမည်။ လွန်းပျံယာဉ်သည် payload capacity ကို ၂၂၇၀၀ ကီလိုဂရမ် (ပေါင် ၅၀၀၀၀) အထိ သယ်ဆောင်နိုင်ပြီး ပစ်လွှတ်မှု အစီအစဉ် (launch configuration) ပေါ်မူတည်၍ ထို့ထက်ပိုပြီး သယ်ဆောင်နိုင်သည်။ လွန်းပျံယာဉ်၏ အပေါ်ပိုင်းတွင် အလျားလိုက်ပါရှိသော ကြီးမားသည့် ကုန်ပစ္စည်းများထားရှိရန် နေရာသည် လက်ရှိ အာကာသယာဉ်များနှင့် မတူသော လွန်းပျံယာဉ်၏ အားသာချက်တစ်ခု ဖြစ်သည်။ အဆိုပါ နေရာသည် Hubble အာကာသ တယ်လီစကုပ် ကဲ့သို့သော ကြီးမားသည့် ဂြိုဟ်တုများကို သယ်ယူပို့ဆောင်ပေးနိုင်ပြီး ချို့ယွင်းနေသော ဂြိုဟ်တုများကို ဖမ်းယူ၍ ကမ္ဘာမြေပေါ် ပြန်လည်ပို့ဆောင်ပေးနိုင်သည်။

လွန်းပျံယာဉ်၏ mission များပြီးဆုံးသောအခါ orbit maneuvering system (OMS) တွန်းကန်အင်ဂျင်များကို အသုံးပြု၍ ပတ်လမ်းကို တဖြည်းဖြည်းနိမ့်ဆင်းကာ ကမ္ဘာ့လေထုအလွှာ အောက်ပိုင်းသို့ ပြန်လည် ၀င်ရောက်လာသည်။ အဆိုပါ ပြန်လည်ဝင်ရောက်ခြင်းဖြစ်စဉ်အတွင်း လွန်းပျံယာဉ်သည် လေထုအလွှာ အမျိုးမျိုးကို ဖြတ်သန်းခြင်းဖြင့် ၄င်း၏ hypersonic အရှိန်ကို aerobraking ပုံစံဖြင့် လျှော့ချသည်။ လေထုလွှာအောက်သို့ ရောက်ရှိ၍ မြေပြင်သို့ ဆင်းသက်သော အဆင့်များတွင် လွန်းပျံယာဉ်သညိ glider ကဲ့သို့ပင် လေဟုန်စီး၍ ဆင်းသက်သည်။ သို့သော် reaction control system (RCS) တွန်းကန်အင်ဂျင်များနှင့် fly-by wire စနစ်များက လွန်းပျံယာဉ်ပြန်လည်ဆင်းသက်ချိန်တွင် တိကျသော ပျံသန်းမှုပုံစံရရှိစေရန် ပြုလုပ်ပေးသည်။ ထို့ကြောင့် ပြန်လည်ဆင်းသက်ရာ၌ spaceplane ကဲ့သို့ပင် ရှည်လျားသော လေယာဉ်ပြေးလမ်း လိုအပ်သည်။ လွန်းပျံယာဉ်၏ aerodynamic ပုံစံသည် လေထုအတွင်းသို့ ပြန်လည်ဝင်ရောက်ရာ၌ ဖြစ်ပေါ်လာသော အရှိန်နှင့် ဖိအားများကွဲပြားမှု ၊ hypersonic အရှိန်ဖြင့် ပျံသန်းနိုင်မှု ၊ လေထုအတွင်း အသံထက်လျော့သော အမြန်နှုန်း (subsonic) ဖြင့် ပျံသန်းနိုင်မှု အစရှိသည့် အချက်များကို အခြေခံ၍ တည်ဆောက်ထားသည်။

လွန်းပျံယာဉ်၏ အစောပိုင်းနှစ်များ

အာကာသလွန်းပျံယာဉ်အား ပုံစံထုတ်လုပ်ခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းစဉ်တို့ကို ၁၉၇၀ ခုနှစ် အစောပိုင်းနှစ်များတွင် စတင်ခဲ့သော်လည်း Apollo program မပြုလုပ်မီ ၁၉၆၀ ခုနှစ်များကပင် စိတ်ကူးစိတ်သန်းရရှိခဲ့သည်။ အာကာသမှနေ၍ လေယာဉ်တစ်စင်ကဲ့သို့ မြေပြင်ပေါ်ကို ပြန်လည်ဆင်းသက်လာနိုင်သော အာကာသယာဉ်တစ်စီး တည်ဆောက်ရန် စိတ်ကူးအား National Advisory Committee for Aeronautics မှ ၁၉၅၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် aeronautic သုတေသနစမ်းသပ်မှု တစ်ခုဖြစ်သော X-15 လေယာဉ်ကို စတင်စမ်းသပ်စဉ်က ရရှိခဲ့သည်။

၁၉၅၈ ခုနှစ်တွင် X-15 လေယာဉ်၏ သဘောတရားကို အခြေခံ၍ X-series spaceplane များကို ဆက်လက် တည်ဆောက်ခဲ့သည်။ အာကာသယာဉ်မှုး အမ်းစထရောင်းသည် X-15 နှင့် X-20 လေယာဉ်များကို မောင်းနှင်ပျံသန်းရန် ရွေးချယ်ခံခဲ့ရသည်။ သို့သော X-20 လေယာဉ်သည် တည်ဆောက်သည့် အဆင့်သို့ မရောက်ရှိခဲ့ပေ။ နှစ်များစွာကြာပြီးနောက် ၁၉၆၆ ဇန်န၀ါရီလတွင် NASA မှ X-20 လေယာဉ်ပုံစံနှင့်တူသော HL-10 ဟုခေါ်သော လေယာဉ်တစ်မျိုးကို တည်ဆောက်ခဲ့သည်။ HL ၏အဓိပ္ပာယ်မှာ horizontal landing ဖြစ်သည်။

၁၉၆၀ ခုနှစ်များတွင် US လေတပ်သည် မျိုးဆက်သစ် အာကာသ သယ်ယူပို့ဆောင်ရေး စနစ်များကို သုတေသနပြုလုပ်ခြင်းအား အစဉ်တစိုက် လျှို့ဝှက်စွာ ပြုလုပ်ခဲ့သည်။ ထိုသို့ လျှို့ဝှက်စွာ ပြုလုပ်ခြင်းများတွင် ဈေနှုန်းသက်သာ၍ တစ်စိတ်တစ်ပိုင်းပြန်လည် အသုံးပြုနိုင်သော ပုံစံ (semi-reusable design) များလည်း ပါဝင်သည်။ US လေတပ်သည် ဈေးနှုန်းကြီးမားသော တစ်ခါသုံး ဒုံးပျံများ အသုံးပြုသည့် program များကို Class I ဟု သတ်မှတ်ပြီး တစ်စိတ်တစ်ပိုင်းပြန်လည် အသုံးပြုနိုင်သော ပုံစံများ အသုံးပြုသည့် program များကို Class II ဟုသတ်မှတ်၍ အပြည့်အ၀ပြန်လည်အသုံးချနိုင်သောပုံစံများ အသုံးပြုသည့် program များကို Class III ဟု ခွဲခြားသတ်မှတ်ခဲ့ကြသည်။ ၁၉၆၇ ခုနှစ်တွင် NASA ရုံးချုပ်၌ ကျင်းပခဲ့သော စာတမ်းဖတ်ပွဲတစ်ခုတွင် လူလိုက်ပါသော အာကာသယာဉ်ခရီးစဉ်များကို ပြုလုပ်ရန် ၄င်း ဋ္ဌာန၏ အုပ်ချုပ်ရေးမှုးဖြစ်သူ George Muller မှ ဒီဇိုင်းပုံစံများကို ရွေးချယ်လေ့လာမှု ပြုခဲ့သည်။ ထိုစာတမ်းဖတ်ပွဲသို့ လူပေါင်း ရှစ်ဆယ်ကျော်တက်ရောက်၍ များပြားသော ဒီဇိုင်းများကို ပြသခဲ့သည်။ ထိုဒီဇိုင်းများတွင် X-20 (Dyno-soar) ကဲ့သို့သော လေတပ်၏ အစောပိုင်း ဒီဇိုင်းများလည်း ပါဝင်သည်။

၁၉၆၈ ခုနှစ်တွင် NASA သည် Integrated Launch and Re-entry Vehicle (ILRV) ကို စတင်ပြုလုပ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အာကာသလွန်းပျံယာဉ် အဓိကအင်ဂျင် (Space Shuttle Main Engine) အတွက် ပြိုင်ပွဲများ ပြုလုပ်ခဲ့သည်။ Houston နှင့် Huntsville မြို့များရှိ NASA ၏ ရုံးများမှနေ၍ ILRV အားလေ့လာမှုများကို ပတ်လမ်းအတွင်းသို့ payload အား လွှတ်တင်ပြီး လေထုထဲသို့ ပြန်လည်ဝင်ရောက်ကာ ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆင်းသက်သော အာကာသယာဉ်တစ်ခု ပြုလုပ်ရန် စီမံချက် (Request For Proposal – RFP) ကိုထုတ်ပြန်ကြေငြာခဲ့သည်။ ထိုစီမံချက်ကို ပြန်ကြားချက်အနေဖြင့် ကြီးမားသော တွန်းကန်ဒုံးပျံနှင့် သေးငယ်သော အာကာသယာဉ်တို့ ပါဝင်သည့် two-stage design တစ်ခုဖြစ်သော DC – 3 လွန်းပျံယာဉ်ကို တီထွင်ခဲ့သည်။

၁၉၆၉ ခုနှစ်တွင် သမ္မတ ရစ်ချက်နစ်ဆင်မှ အာကာသလွန်းပျံယာဉ်စီမံကိန်းကို တိုးတက်အောင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၇၃ ခုနှစ် သြဂုတ်လတွင် X-24B Spaceplane သည် ကမ္ဘာ့လေထုထဲသို့ ပြန်လည်ဝင်ရောက်၍ horizontal landing ကိုပြုလုပ်ခဲ့သည်။

လွန်းပျံယာဉ်များ

အာကာသလွန်းပျံယာဉ်ကို သက်တမ်းအားဖြင့် operation ပြုလုပ်သောအချိန် ၁၀ နှစ် (သို့မဟုတ်) လွှတ်တင်မှု အကြိမ် ၁၀၀ အထိ ဒီဇိုင်းပြုလုပ်ထားသည်။ နောက်ပိုင်းတွင် ထို့ထက်ပို၍ ကြာရှည်ခဲ့သည်။ လွန်းပျံယာဉ်ကို ဒီဇိုင်းပြုလုပ်ရာတွင် တာဝန်ရှိသော Maxime Faget သည် Mercury ၊ Gemini နှင့် Apollo အာကာသယာဉ်များ ဒီဇိုင်းဆွဲရာတွင် ပါဝင်ခဲ့သည်။ လွန်းပျံယာဉ်၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်သည် ကြီးမားသော စီးပွားရေးဆိုင်ရာ ဂြိုဟ်တုများနှင့် စစ်ဖက်ဆိုင်ရာ လျှို့ဝှက်ဂြိုဟ်တုများကို ထည့်သွင်းနိုင်သည်။ ထို့ပြင် polar orbit များသို့ ပစ်လွှတ်မည့် အမေရိကန်လေတပ်၏ လျှို့ဝှက် mission များအတွက် လိုအပ်သော အကွာအဝေးကို အကျဉ်းချုံ၍ ပစ်လွှတ်နိုင်မည်ဖြစ်သည်။ တွန်းကန်ဒုံးပျံများနှင့် ပြန်လည်အသုံးမပြုနိုင်သော လောင်စာဆီကန်တို့အား ရွေးချယ်ခြင်းမှာ အရွယ်အစားကြီးမားသော ဂြိုဟ်တုများ ဖြန့်ကျက်ချထားနိုင်ရန် အတွက် ဟူသော ပင်တဂွန်စစ်ဋ္ဌာနချုပ်၏ ဆန္ဒကြောင့် ဖြစ်သည်။ ထို့ပြင် အာကာသခရီးစဉ်များတွင် ကုန်ကျစရိတ်သက်သာစေရန်အတွက် ပြန်လည်အသုံးပြုနိုင်သော အစိတ်အပိုင်းများ ပါဝင်သည့် အာကာသပို့ဆောင်ရေး စနစ်များကို ပြုလုပ်ရန် ဟူသော သမ္မတ နစ်ဆင်၏ ဆုံးဖြတ်ချက်ကြောင့်လည်း ဖြစ်သည်။

ပျံသန်းနိုင်သော အာကာသလွန်းပျံယာဉ် (၆)စီးကို ဆောက်လုပ်ခဲ့သည်။ ပထမဦးဆုံး အနေဖြင့် တည်ဆောက်ခဲ့သော Enterprise (OV – 101) လွန်းပျံယာဉ်ကို အာကာသအတွင်းသို့ လွှတ်တင်ခြင် မပြုခဲ့ဘဲ လေဟုန်စီးခြင်း (gliding) နှင့် မြေပြင်ပေါ်သို့ ဆင်းသက်ခြင်း (landing) တို့ကိုသာ စမ်းသပ်ခဲ့သည်။ တည်ဆောက်ခဲ့ပြီးသော လွန်းပျံယာဉ်များမှာ Challenger (OV – 099) ၊ Columbia (OV – 102) ၊ Discovery (OV – 103) ၊ Atlantis (OV – 104) နှင့် Endeavour (OV – 105) တို့ ဖြစ်သည်။ Enterprise လွန်းပျံယာဉ်ကို approach and landing test (ALT) program များတွင် အသုံးပြုပြီးနောက် အာကာသအတွင်း ပျံသန်းနိုင်ရန် ရည်ရွယ်ခဲ့သော်လည်း Challenger လွန်းပျံယာဉ်အား structural test article (STA) – 099 ကို အဆင့်မြှင့်တင်ပေးခြင်းက ပို၍တွက်ခြေကိုက်ကြောင်း တွေ့ရှိခဲ့သည်။ Challenger လွန်းပျံယာဉ်သည် ၁၉၈၆ ခုနှစ်တွင် လွှတ်တင်ပြီး ၇၃ စက္ကန့်အကြာတွင် ပေါက်ကွဲပျက်စီးခဲ့သည်။ Challenger ၏ အစားထိုးအနေဖြင့် Endeavour အာကာသလွန်းပျံယာဉ်ကို အရန်စက်ပစ္စည်း အစိတ်အပိုင်းများဖြင့် တည်ဆောက်ခဲ့သည်။ Columbia လွန်းပျံယာဉ်သည် ၂၀၀၃ ခုနှစ်တွင် လေထုအတွင်း ပြန်လည်ဝင်ရောက်စဉ် ပေါက်ကွဲ ပျက်စီးခဲ့သည်။ (Challenger နှင့် Columbia လွန်းပျံယာဉ်များ ပျက်စီးခဲ့ပုံကို နောက်ပိုင်းတွင် ဆက်လက် တင်ပြပါမည်။) Endeavour လွန်းပျံယာဉ်တည်ဆောက်စရိတ်မှာ အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ ကုန်ကျခဲ့သည်။ အာကာသလွန်းပျံယာဉ် ခရီးစဉ်တစ်ခု လွှတ်တင်ခြင်းအတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ၄၅၀ သန်းဖြစ်သည်။

၂၀၀၈ ခုနှစ်အစောပိုင်းတွင် ပါမောက္ခ Roger A. Pielke, Jr. က အာကာသလွန်းပျံယာဉ် program သည် စုစုပေါင်း ဒေါ်လာ ၁၇၀ ဘီလီယံ ကုန်ကျနေပြီဟု ခန့်မှန်းခဲ့သည်။ ထို့ကြောင့် လွန်းပျံယာဉ် တစ်ခါပျံသန်းလျှင် ဒေါ်လာ ၁.၅ ဘီလီယံခန့် ပျမ်းမျှကုန်ကျနေသည်။

Space Transportation System

အမှန်စင်စစ် အာကာသလွန်းပျံယာဉ်ဟု ခေါ်ဆိုခြင်းသည် အဓိပ္ပာယ် မဆီလျော်ပေ။ ၄င်း၏ အမည်မှန်မှာ အာကာသ သယ်ယူပို့ဆောင်ရေးစနစ် ဟူ၍ ဖြစ်သည်။ ထိုစနစ်တွင် ပတ်လမ်းအတွင်း လှည့်ပတ်သည့် ယာဉ် (orbiter) ၊ ပြင်ပလောင်စာဆီကန် (external tank) နှင့် လောင်စာခဲသုံး တွန်းကန်ဒုံးပျံ နှစ်ခု (solid rocket booster) တို့ ပါဝင်သည်။ အဆိုပါ ပစ္စည်းများ အားလုံး စုပေါင်းတပ်ဆင်ထားခြင်းကို “stack” ဟု ခေါ်ဆိုသည်။ ၄င်း ပစ္စည်းများကို Apollo Saturn V ဒုံးပျံတပ်ဆင်ရန် တည်ဆောက်ခဲ့သော vehicle assembly building ထဲတွင် တပ်ဆင်သည်။ ၄င်းပစ္စည်းများထဲမှ ပထမဦးဆုံးအနေဖြင့် ပတ်လမ်းအတွင်း လှည့်ပတ်သည့်ယာဉ် (orbital vehicle) အကြောင်းကို ဆက်လက် တင်ပြမည် ဖြစ်သည်။

Orbital Vehicle (ပတ်လမ်းအတွင်း လှည့်ပတ်သည့်ယာဉ်)

ပတ်လမ်းအတွင်း လှည့်ပတ်သည့်ယာဉ်သည် သမားရိုးကျ လေယာဉ်ပျံတစ်စင်းနှင့် ဆင်တူသည်။ ၄င်းသည် တြိဂံပုံစံတောင်ပံများ (delta wings) ကို အသုံးပြုထားပြီး အတွင်းဖက် တောင်ပံဦးစွန်းသည် ၈၁ ဒီဂရီရှိ၍ အပြင်ဖက်တောင်ပံဦးစွန်းသည် ၄၅ ဒီဂရီ ရှိသည်။ ၄င်း၏ ထောင်လိုက် ထိန်းမတ်ပေးသော တောင်ပံ (vertical stabilizer) ၏ ဦးစွန်းသည် ၅၀ ဒီဂရီ ရှိသည်။ Elevon လေးခုကို တောင်ပံ၏ အဖျားစွန်းပိုင်းတွင် တပ်ဆင်ထားသည်။ လေထုထဲသို့ ပြန်လည်ဝင်ရောက်ပြီး မြေပြင်သို့ဆင်းသက်ခြင်းတွင် ပြုလုပ်ရန် အသုံးပြုသော rudder/speed brake ကို stabilizer ၏ အမြီးစွန်းပိုင်းတွင် တပ်ဆင်ထားသည်။

ယာဉ်၏ကြီးမားသော ကုန်ပစ္စည်းထားရာ အခန်းသည် အလျား ပေ ၆၀ (၁၈ မီတာ) ၊ အနံ ၁၅ ပေ (၄.၆ မီတာ) ရှိ၍ ယာဉ်ပျံကိုယ်ထည်၏ နေရာ အများအပြားကို ရယူထားသည်။ ယာဉ်ပျံကိုယ်ထည် အပေါ်ပိုင်းရှိ ကုန်ပစ္စည်းထားရာ အခန်းကို အချိုးညီသော တံခါးနှစ်ချပ်ဖြင့် ဖုံးအုပ်ထားသည်။ ထို တံခါးနှစ်ချပ်သည် အခန်း၏ တစ်ဖက်တစ်ချက်တွင် ပတ္တာကဲ့သို့ ချိတ်ဆွဲထားသည်။ Payload များကို ယာဉ်၏ ကုန်ပစ္စည်းထားရာ အခန်းထဲသို့ အလျားလိုက်ထည့်သွင်းသည်။ ပစ်လွှတ်စင်ပေါ်တွင် ယာဉ်ကို ထောင်လိုက် ထားရှိ၍ အာကာသထဲသို့ ရောက်ရှိပြီး ဆွဲငင်အားမဲ့ အခြေအနေရောက်လျှင် payload ကို ယာဉ်ပေါ်တွင် ပါရှိသည့် အာကာသယာဉ်မှုးမှ ထိန်းချုပ်သော စက်ရုပ်လက်တံ (robotic remote manipulator arm) ဖြင့် ထောင်လိုက် လွှတ်ထုတ်သည်။ ထို့ပြင် အာကာသယာဉ်မှုး၏ အကူအညီဖြင့် လွှတ်တင်ခြင်း (Extra-Vehicular Activity – EVA) (သို့မဟုတ်) payload ၏ ကိုယ်ပိုင် ပါဝါဖြင့် လွှတ်ထုတ်ခြင်းတို့ကို ပြုလုပ်သည်။ (ဂြိုဟ်တုများအတွက်မူ ဒုံးပျံ၏ နောက်ဆုံးအဆင့် (upper stage) ဖြင့် တွဲဖက်လွှတ်ထုတ်ခြင်းကို ပြုလုပ်သည်။)

လွန်းပျံယာဉ်၏ အဓိကအင်ဂျင် (Space Shuttle main engine) သုံးခုကို ယာဉ်၏ ပဲ့ပိုင်းတွင် သုံးပွင့်ဆိုင်အနေအထားဖြင့် တပ်ဆင်ထားသည်။ အဆိုပါ အင်ဂျင်သုံးခု၏ nozzle များသည် အထက်နှင့် အောက်သို့ ၁၀.၅ ဒီဂရီနှင့် ဘေးဖက်သို့ ၈.၅ ဒီဂရီလှည့်နိုင်သည်။ ထိုသို့လှည့်နိုင်ရန် ပြုလုပ်ထားခြင်းမှာ လွန်းပျံယာဉ်မြေပြင်မှ မြင့်တက်စဉ်အတွင်း ၄င်း၏ တွန်းကန်အားလမ်းကြောင်းကို ထိန်းညှိ၍ ပြောင်းလဲပေးနိုင်ရန် ဖြစ်သည်။ လွန်းပျံယာဉ်ကို အလူမီနီယံသတ္တုလောဟာ (aluminum alloy) ဖြင့် အဓိကတည်ဆောက်ထားပြီး အင်ဂျင်ကိုမူ တိုက်တေနီယမ်သတ္တုလောဟာ (titanium alloy) ဖြင့် အဓိကဆောက်လုပ်ထားသည်။

လွန်းပျံယာဉ်သည် လွှတ်တင်သော mission ကိုလိုက်၍ အပိုထပ်ထည့်ထားသော ပစ္စည်းများ (add-ons) ဖြင့် ပေါင်းစပ်ကာ အသုံးပြုနိုင်သည်။ ၄င်း ပစ္စည်းများမှာ ပတ်လမ်းအတွင်းရှိ ဓာတ်ခွဲခန်းများ (orbital laboratories – Spacelab, Spacehub) ၊ ပိုမိုဝေးလံသော ပတ်လမ်းများသို့ payload ကို ပို့ဆောင်ပေးနိုင်သော ဒုံးယာဉ်များ (Inertial Upper Stage, Payload Assist module) ၊ Extended Duration Orbiter ၊ Multi-Purpose Logistics Modules နှင့် Canadarm (RMS) တို့ဖြစ်သည်။

External Tank (ပြင်ပလောင်စာဆီကန်)

အာကာသလွန်းပျံယာဉ် ပြင်ပလောင်စာဆီကန်၏ အဓိက လုပ်ငန်းစဉ်မှာ လွန်းပျံယာဉ် အင်ဂျင်များကို အောက်စီဂျင်နှင့် ဟိုက်ဒရိုဂျင်လောင်စာတို့ ပေးပို့ခြင်း ဖြစ်သည်။ ထို့ပြင် ၄င်းသည် ပတ်လမ်းအတွင်း လှည့်ပတ်သည့် ယာဉ်နှင့် လောင်စာခဲသုံးတွန်းကန် ဒုံးပျံ နှစ်ခုတို့ ချိတ်ဆက်ရာ အဓိကကျောရိုး မဏ္ဍိုင် အဖြစ်လည်း အသုံးပြုသည်။ ပြင်ပလောင်စာဆီကန်သည် လွန်းပျံယာဉ်စနစ်အတွင်း တစ်ခုတည်းသော ပြန်လည်အသုံးမပြုသည့် အစိတ်အပိုင်းဖြစ်သည်။ ပြင်ပလောင်စာဆီကန်ကို အစဉ်အမြဲစွန့်ပစ်နေသော်လည်း ၄င်းကို ပတ်လမ်းအတွင်းသို့ ယူဆောင်၍ အာကာသစခန်းနှင့် တွဲဖက်ခြင်းဖြင့် ပြန်လည်အသုံးပြုနိုင်သည်။

Solid Rocket Booster(SRB)(လောင်စာခဲသုံး တွန်းကန်ဒုံးပျံများ)

လောင်စာခဲသုံးတွန်းကန်ဒုံးပျံတစ်ခုစီသည် ပစ်လွှတ်နေစဉ်အတွင်း တွန်းကန်အား 12.5 million newtons (2.8 million lbf) ထုတ်လုပ်သည်။ အဆိုပါ ပမာဏသည် ပစ်လွှတ်စဉ်အတွင်း လိုအပ်သည့် တွန်းကန်အား (thrust) ၏ ၈၃ ရာခိုင်နှုန်းရှိသည်။ SRB များကို ပစ်လွှတ်ပြီး နှစ်မိနစ်အကြာ အမြင့်ပေ ၁၅၀၀၀၀ (၄၆ ကီလိုမီတာ) သို့ ရောက်ရှိလျှင် ဖြုတ်ခွာခြင်းလုပ်ငန်းစဉ် (jettison operation) ကို ပြုလုပ်သည်။ ထို့နောက် SRB များသည် လေထီးဖြင့် အတ္တလန္တိတ် သမုဒ္ဒရာထဲသို့ ကျရောက်သွားမည် ဖြစ်သည်။ SRB များ၏ ကိုယ်ထည်ကို သံမဏိ (steel) ဖြင့် ပြုလုပ်ထားပြီး အထူအားဖြင့် လက်မ၀က် (13mm) ရှိသည်။ SRB များကိုအကြိမ်များစွာ ပြန်လည်အသုံးပြုနိုင်သည်။ STS – 1 မှစတင်၍ လွန်းပျံယာဉ် mission ပေါင်း ၄၈ ခုမှ စုဆောင်းထားသော SRB ကိုယ်ထည်များကို ၂၀၀၉ ခုနှစ်တွင် Ares I အာကာသလွှတ်တင်ရေးဒုံးပျံ၏ အင်ဂျင် စမ်းသပ်မှုတွင် အသုံးပြုခဲ့သည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Ariane 5 လွှတ်တင်ရေးဒုံးပျံမှ Intelsat New Dawn ဂြိုဟ်တုနှင့် Yahsat Y1A ဂြိုဟ်တုနှစ်လုံးကို အောင်မြင်စွာ ပူးတွဲလွှတ်တင်နိုင်ခဲ့

မတ်လ ၃၀ ရက်နေ့တွင် မပစ်လွှတ်မီချို့ယွင်းမှုဖြစ်ပေါ်ခဲ့သောကြောင့် ရွေှ့ပြောင်းခဲ့ရသော Ariane 5 လွှတ်တင်ရေးဒုံးပျံ၏ ဒုတိယမြောက်ပြန်လည်လွှတ်တင်မှုကို ပြင်သစ်နိုင်ငံ၏ Kourou ဒုံပျံပစ်လွှတ်စခန်းမှ ဧပရယ် ၂၂ ရက်နေ့တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။ Intelsat New Dawn ဂြိုဟ်တုနှင့် Yahsat Y1A ဂြိုဟ်တုနှစ်လုံးကို တည်ငြိမ်ပတ်လမ်းသို့ တပြိုင်တည်းလွှတ်တင်ခဲ့ခြင်း ( dual-launch ) သည် Ariane 5 လွှတ်တင်ရေးဒုံးပျံ၏ ၅၇ ကြိမ်မြောက်ပစ်လွှတ်ခြင်းနှင့် ၄၃ ကြိမ်မြောက်အောင်မြင်ခြင်းဖြစ်သည်။ ယင်းပစ်လွှတ်မှုတွင် Ariane 5 လွှတ်တင်ရေးဒုံးပျံသည် ဂြိုဟ်တုနှစ်လုံး၏ စုစုပေါင်းအလေးချိန်ပမာဏ ၈၉၆၅ ကီလိုဂရမ် ကိုသယ်ဆောင်လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

Astrium နှင့် Thales company တို့မှ တည်ဆောက်ပေးသော အလေးချိန်ပမာဏ ၅၉၃၅ ကီလိုဂရမ် ရှိသည့် Yahsat Y1A ဂြိုဟ်တုသည် အရှေ့အလယ်ပိုင်းဒေသများ၊ အာဖရိက၊ ဥရောပနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ broadband internet ၊ business data နှင့် high-definition television ( HDTV ) ၀န်ဆောင်မှုများပေးနိုင်ဖြစ်သည်။ United Arab Emirates ၏ Al Yah Satellite Communication ompany မှ ပိုင်ဆိုင်သော Yahsat Y1A ဂြိုဟ်တုသည် တည်ငြိမ်ပတ်လမ်းအတွင်း အရှေ့ ၅၂.၅ ဒီဂရီ တွင်တည်ရှိ၍ ၁၅ နှစ်သက်တမ်းရှိမည်ဖြစ်ကြောင်း သိရှိရသည်။

Intelsat New Dawn ဂြိုဟ်တုသည် Orbital Science Corporation မှ တည်ဆောက်ခဲ့ပြီး ဖရိကနိုင်ငံများအတွက် wireless backhaul ၊ broadband နှင့် media ၀န်ဆောင်မှုများပေးနိုင်ရန် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ၁၅နှစ် သက်တမ်းရှိသော ယင်းဂြိုဟ်တုသည် အလေးချိန်ပမာဏ ၃၀၀၀ ကီလိုဂရမ်ရှိ၍ 28 C-band နှင့် 24 Ku-band 36MHz transponder များကိုသယ်ဆောင်ကာ တည်ငြိမ်ပတ်လမ်းအတွင်း အရှေ့ ၃၂.၈ ဒီဂရီတွင် တည်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာ့ဂြိုဟ်တု လွှတ်တင်ရေး ကော်မတီများ ဖွဲ့စည်းပြီး



နိုင်ငံတော်၏ ဆက်သွယ်ရေးနှင့် ပြန်ကြားရေး ကဏ္ဍအား စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် အတွက် နိုင်ငံတော်ပိုင် ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင် ရေး ဗဟို ကော်မတီနှင့် လုပ်ငန်း ကော်မတီအား ဖွဲ့စည်းပြီး ဖြစ်ကြောင်း ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့စွဲပါ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အမိန့်ကြော်ငြာစာ အမှတ် ၁၁/ ၂ဝ၁၁ တွင် ဖော်ပြ ပါရှိသည်။ အဆိုပါ ဗဟို ကော်မတီတွင် အဖွဲ့ဝင် ၅ ဦး ပါရှိကာ နာယက အဖြစ် အတွင်းရေးမှူး (၁)၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ အဖြစ် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ဝန်ကြီး တို့မှ ဆောင်ရွက်မည် ဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီး ဌာနနှင့် ကာကွယ်ရေး ဝန်ကြီး ဌာန တို့မှ တာဝန်ရှိသူများ ပါဝင်သည်။

ယင်းကော်မတီ အနေ ဖြင့် နိုင်ငံတော်ပိုင် ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်ရေး ဆိုင်ရာ မူဝါဒများ ချမှတ် ပေးခြင်း၊ ဂြိုဟ်တု လွှတ်တင်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာများ၊ စာချုပ် စာတမ်းများ အတည်ပြု နိုင်ရေး လမ်းညွှန် ဆောင်ရွက် ခြင်းနှင့် အာကာသ ဆိုင်ရာ နည်းပညာများ ရရှိ ပြန့်ပွား နိုင်ရေး လမ်းညွှန် ဆောင်ရွက် ခြင်းများကို လုပ်ဆောင်မည် ဖြစ်သည်။

လုပ်ငန်း ကော်မတီတွင် အဖွဲ့ဝင် ၇ ဦး ပါဝင်ပြီး ဥက္ကဋ္ဌ အဖြစ် ဆက်သွယ်ရေး ညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေး ညွှန်ကြားရေး မှူးရုံး၊ ကာကွယ်ရေး ဝန်ကြီး ဌာန အတွင်းရေးမှူး အဖြစ် ဦးဆောင် ညွှန်ကြား ရေးမှူး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်း ဝန်ကြီး ဌာန တို့မှ တာဝန် ယူကာ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အမှတ်(၂) လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာန၊ ပြန်ကြားရေး ဝန်ကြီး ဌာနနှင့် ကာကွယ်ရေး ဝန်ကြီး ဌာန များမှ တာဝန် ရှိသူများ ပါဝင်သည်။ အဆိုပါ ကော်မတီ၏ လုပ်ငန်း တာဝန် များမှာ နိုင်ငံတော် ပိုင် ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်ရေး ဆိုင်ရာ လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက် နိုင်ရန် တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ လုပ်ငန်းစဉ်များ အလိုက် ဆောင်ရွက်မှု များကို ဗဟို ကော်မတီသို့ တင်ပြ၍ လမ်းညွှန်မှု ခံယူခြင်း၊ ပြည်တွင်း ပြည်ပ ပညာရှင်များ ပေါင်းစည်း၍ ဂြိုဟ်တုနှင့် အာကာသ နည်းပညာ ဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခြင်း၊ ဂြိုဟ်တု တည်ဆောက်ခြင်း၊ လွှတ်တင်ခြင်း၊ ထိန်းချုပ်ခြင်း၊ သုံးစွဲခြင်းနှင့် အခြား လိုအပ်သည့် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များ စီမံ ဆောင်ရွက်ခြင်း၊ International Telecom munication Union (ITU) အပါအဝင် ပြည်ပ အဖွဲ့အစည်း များနှင့် ဆက်သွယ်ရေးနှင့် အာကာသ ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်း ဆောင်ရွက်ခြင်း၊ သဘော တူညီမှု ကိစ္စရပ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် အာကာသ ဆိုင်ရာ နည်းပညာများ ရရှိ ပြန့်ပွား နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက် ခြင်းများ ဖြစ်ကြောင်း သိရ သည်။

Source: Popular News Journal

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသစခန်းများ

ကမ္ဘာပေါ်ရှိ ဒုံးပျံလွှတ်တင်ရေးစခန်းများ၏ စုစုပေါင်းအရေအတွက်မှာ ၅၀ ကျော်ခန့်ရှိသည်။ ဒုံးပျံလွှတ်တင်ရေးစခန်းများသည် အာကာသအတွင်းသို့ ဂြိုဟ်တုများလွှတ်တင်ရန်အတွက် တည်ဆောက်ထားခြင်းဖြစ်သည်။ ၁၉၅၇ ခုနှစ်မှစတင်၍ ဂြိုဟ်တုပေါင်း ၅၀၀၀ ကျော်ကိုကမ္ဘာတစ်ဝန်းရှိ ဒုံးပျံလွှတ်တင်ရေးစခန်းများမှ လွှတ်တင်ခဲ့ကြသည်။ ကမ္ဘာပေါ်၌ ပစ်လွှတ်မှုအများဆုံးပြုလုပ်ခဲ့သော နာမည်ကျော်ကြားသည့် ဒုံးပျံလွှတ်တင်ရေးစခန်းများမှာ Cape Canaveral ၊ Vandenberg ၊ Baikonur ၊ Plesetsk ၊ Kourou ၊ Tanegashima ၊ Jiuquan ၊ Xichang နှင့် Sriharikota တို့ဖြစ်သည်။

Baikonur ဒုံးပျံလွှတ်တင်ရေးစခန်း ( မြောက်လတ္တီတွဒ် ၄၅.၆ ဒီဂရီ ၊ အရှေ့လောင်ဂျီတွဒ် ၆၃.၄ ဒီဂရီ )

၁၉၅၇ ခုနှစ် အောက်တိုဘာလ ၄ ရက် နေ့တွင် ဆိုဗီယက်ပြည်ထောင်စု၏ ပထမဦးဆုံးဂြိုဟ်တု Sputnik 1 ကို Baiknour ဒုံးပျံလွှတ်တင်ရေးစခန်းမှ R 7 ဒုံးပျံဖြင့် ပစ်လွှတ်ခဲ့သည်။ Baiknour ဒုံးပျံလွှတ်တင်ရေးစခန်းသည် ရုရှားနိုင်ငံ၏ အရေးပါဆုံးသော စခန်းတစ်ခုဖြစ်ပြီး ၁၉၅၅ ခုနှစ်တွင်တည်ဆောက်ခဲ့၍ Baiknour မြို့၏ အနောက်တောင်ဖက် မိုင်၂၃၀ အကွာတွင် တည်ရှိသည်။ Baiknour ဒုံးပျံလွှတ်တင်ရေးစခန်းသည် ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်ခဲ့သော ကာဇက်စတန်နိုင်ငံအတွင်း၌ တည်ရှိနေ၍ ယခုကာလတိုင် အသုံးပြုနေဆဲ လွှတ်တင်ရေးစခန်းတစ်ခုဖြစ်သည်။ အကြီးစားပစ်လွှတ်စင် ၉ ခုနှင့် ဒုံးပျံပစ်လွှတ်စင်ပေါင်း ၁၅ ခုကျော်ပါဝင်သည်။ ရုရှားနိုင်ငံ၏ လူလိုက်ပါသော အာကာသစီမံကိန်းများ၊ လသို့ပစ်လွှတ်သည့် စီမံကိန်းများနှင့် အခြားဂြိုဟ်များသို့ ပစ်လွှတ်သည့် အာကာသယာဉ်များကို အဆိုပါ လွှတ်တင်ရေးစခန်းမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ အာကာသအတွင်းသို့ ပထမဦးဆုံးရောက်ရှိခဲ့သည် လူသားဖြစ်သော ယူရီဂါဂါရင် လိုက်ပါမောင်းနှင်သည့် ဗော့စတော့ အာကာသယာဉ်ကို အဆိုပါလွှတ်တင်ရေးစခန်းမှ ပစ်လွှတ်ခဲ့သည်။

Cape Canaveral ဒုံးပျံလွှတ်တင်ရေးစခန်း ( မြောက်လတ္တီတွဒ် ၂၈.၅ ဒီဂရီ ၊ အနောက်လောင်ဂျီတွဒ် ၈၁ ဒီဂရီ )

အမေရိကန်ပြည်ထောင်စု၏ ထိပ်တန်းဒုံးပျံ လွှတ်တင်ရေးစခန်းတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ ၊ ဖလော်ရီဒါပြည်နယ်၌ တည်ရှိသည်။ စခန်းတွင် ကနေဒီအာကာသစင်တာနှင့် ဒုံးပျံလွှတ်တင်မှုများ လွန်းပျံယာဉ်များ ၊ ဂြိုဟ်တုများ၏ သွားလာမှုကို ထိန်းချုပ်သော mission control center တို့ပါရှိသည်။ ဧကလေးသောင်းကျော် ကျယ်ဝန်းပြီး အမေရိကန်နိုင်ငံ၏ ပထမဦးဆုံးဂြိုဟ်တုဖြစ်သည့် Explorer 1 ဂြိုဟ်တုနှင့် လပေါ်သို့လူသားများ ရောက်ရှိခဲ့သော ခရီးစဉ်ဖြစ်သည့် Apollo 11 အာကာသယာဉ်တို့ကို လွှတ်တင်ခဲ့သော စခန်းဖြစ်သည်။ ဒုံးပျံပစ်လွှတ်စင်ကြီး ( ၆ ) ခုအပါအ၀င် စုစုပေါင်း ဒုံးပျံပစ်လွှတ်စင် လေးဆယ်ကျော် တည်ရှိသည်။ ထိုစခန်းသည် အာကာသထိန်းချုပ်ရေးစခန်း ( ၃ )ခု ၏ ကွန်ယက်အောက်တွင် တည်ရှိပြီး အရှေ့ဘက်၌ ပင်လယ်ရှိခြင်းသည် အကောင်းဆုံးအားသာချက်ဖြစ်သည်။ သို့သော် အဆိုပါစခန်းမှနေ၍ ၀င်ရိုးစွန်းပတ်လမ်းသို့ ပစ်လွှတ်နိုင်ခြင်းမရှိပေ။

Vandanberg ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၃၄.၄ ဒီဂရီ ၊ အနောက်လောင်ဂျီတွဒ် ၁၂၀.၃၅ ဒီဂရီ)

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ လွမ်ပတ်မြို့၏ မြောက်ဘက် ၁၂ မိုင်အကွာနှင့် လော့အိန်ဂျယ်လိစ် မြို့၏ အနောက်မြောက်ဘက် ၁၅၀ မိုင်အကွာ၌ တည်ရှိသည်။ အဆိုပါ ဒုံးပျံလွှတ်တင်ရေးစခန်းတွင် ပစ်လွှတ်စင်ပေါင်း ၅၀ ကျော် တည်ရှိပြီး စစ်ဖက်ဆိုင်ရာဂြိုဟ်တုများနှင့် ထောက်လှမ်းရေးဂြိုဟ်တုများကိုသာ သီးသန့်ပစ်လွှတ်နေသော လွှတ်တင်ရေးစခန်းတစ်ခု ဖြစ်သည်။ ထို့ပြင် ၀င်ရိုးစွန်းပတ်လမ်းတွင် လှည့်ပတ်သည့် ဂြိုဟ်တုများကိုလည်း အဆိုပါပစ်လွှတ်ရေးစခန်းမှ လွှတ်တင်နေခြင်းဖြစ်သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် အမေရိကန်အစိုးရ၏ တိုက်ချင်းပစ်ဒုံးပျံများကို စမ်းသပ်ပစ်လွှတ်နေသော နေရာတစ်ခုလည်းဖြစ်သည်။

Kourou ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၅.၂ ဒီဂရီ ၊ အနောက်လောင်ဂျီတွဒ် ၅၂.၈ ဒီဂရီ )

၁၉၆၇ ခုနှစ်တွင် ဥရောပ အာကာသအေဂျင်စီမှ တောင်အမေရိကတိုက် ၊ ပြင်သစ်ဂီယာနာ နိုင်ငံ၌ ဒုံးပျံလွှတ်တင်ရေးစခန်းတစ်ခုကို တည်ဆောက်ခဲ့သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် အီကွေတာနှင့် နီးကပ်စွာတည်ရှိပြီး မည်သည့်ပတ်လမ်းကိုမဆို အလွယ်တကူ ပစ်လွှတ်နိုင်သောကြောင့် လက်ရှိပစ်လွှတ်ရေးစခန်းများအနက် အကောင်းဆုံးဟု ခေါ်ဆိုနိုင်သည်။ ၁၉၇၉ ခုနှစ် ၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဥရောပ အာကာသအေဂျင်စီ၏ ပထမဦးဆုံးဂြိုဟ်တု CAT ကို Ariane လွှတ်တင်ရေးဒုံးပျံဖြင့် ပစ်လွှတ်နိုင်ခဲ့သည်။ ထိုကဲ့သို့ ပစ်လွှတ်နိုင်ခြင်းကြောင့် ဥရောပအာကာသအေဂျင်စီကို အာကာသအတွင်းသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော သတ္တမမြောက်အဖွဲ့အစည်းတစ်ခု ဖြစ်လာစေခဲ့သည်။

တရုတ်နိုင်ငံ၏ ဒုံးပျံလွှတ်တင်ရေးစခန်းများ

၁၉၇၀ ခုနှစ် ဧပြီလ ၂၄ ရက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ပထမဦးဆုံးဂြိုဟ်တုဖြစ်သော Mao -1 ဂြိုဟ်တုကို Long March 1 လွှတ်တင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ပြီး ပဉ္စမမြောက်ဂြိုဟ်တုလွှတ်တင်နိုင်သော နိုင်ငံဖြစ်လာခဲ့သည်။

Jiuquan ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၄၀.၆ ဒီဂရီ ၊ အရှေ့လောင်ဂျီတွဒ် ၉၉.၉ ဒီဂရီ)

Jiuquan ဒုံးပျံလွှတ်တင်ရေးစခန်းသည် တရုတ်-မွန်ဂိုလီးယားနယ်စပ် ၊ ဂိုဘီ သဲကန္တာရအတွင်းရှိ ကျိုးကွမ်းမြို့၌ တည်ဆောက်ထားပြီး ဘေဂျင်းမြို့တော်မှ မိုင်တစ်ထောင်ခန့်ကွာဝေးသည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် တရုတ်နိုင်ငံ၏ ပထမဦးဆုံးဒုံးပျံပစ်လွှတ်ရေးစခန်း တစ်ခုဖြစ်ပြီး မီတာ ၅၀ မြင့်သော ပစ်လွှတ်စင်များကို တည်ဆောက်ထားသည်။ Long March ဒုံးပျံများဖြင့် လေထုတိုင်းတာရေး ဂြိုဟ်တုများနှင့် မိုးလေ၀သဂြိုဟ်တုများကို ပစ်လွှတ်နေသောစခန်းတစ်ခု ဖြစ်သည်။ ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အာကာသယာဉ်မှုး ယန်လီဝေ လိုက်ပါသော Shenzhou 5 အာကာသယာဉ်ကို Long March-2F ဒုံးပျံဖြင့် အဆိုပါပစ်လွှတ်ရေးစခန်းမှ လွှတ်တင်နိုင်ခဲ့ပြီး တရုတ်နိုင်ငံသည် အာကာသအတွင်းသို့ လူသား ပို့ဆောင်ပေးနိုင်သော တတိယမြောက်နိုင်ငံအဖြစ် ရောက်ရှိလာခဲ့သည်။

Xichang ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၂၈.၂၅ ဒီဂရီ ၊ အရှေ့လောင်ဂျီတွဒ် ၁၀၂ ဒီဂရီ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပစ်လွှတ်ရေးစခန်း ( ၃ ) ခုအနက် အကြီးဆုံးစခန်းတစ်ခု ဖြစ်သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် အခြားစခန်းနှစ်ခုထက် ပိုမိုကောင်းမွန်သည့် တည်နေရာတွင် တည်ရှိနေသောကြောင့် ပတ်လမ်းအတွင်းသို့ ဂြိုဟ်တုကိုချောမောစွာ ပစ်လွှတ်နိုင်သည်။ ၇၆ မီတာမြင့်သော ပစ်လွှတ်စင်နှစ်ခု ပါဝင်၍ လက်ရှိတရုတ်နိုင်ငံ၏ Long March ဒုံးပျံများကို ပစ်လွှတ်နေသော နေရာတစ်ခုဖြစ်ပြီး ၁၉၈၄ ခုနှစ်၌ ပထမဦးဆုံးသော ဒုံးပျံကိုပစ်လွှတ်နိုင်ခဲ့သည်။ လူဦးရေထူထပ်သော နေရာများကို ဖြတ်သန်းပစ်လွှတ်ရခြင်းသည် အဆိုပါစခန်း၏ အကြီးမားဆုံး အားနည်းချက်ဖြစ်ပြီး ၁၉၉၆ ခုနှစ်၌ ပျက်ကျခဲ့သော Long March-3 ဒုံးပျံကြောင့် ၆ ယောက်သေဆုံးပြီး ၅၇ ယောက်ဒဏ်ရာ ရရှိခဲ့သည်။ ၁၉၉၅ ခုနှစ်တွင်လည်း Long March-2E ဒုံးပျံပေါက်ကွဲခဲ့သည့်အတွက် ၆ ယောက်သေဆုံး၍ ၂၃ ယောက်ဒဏ်ရာ ရရှိခဲ့သည်။

Taiyuan ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၃၇.၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၁၂.၆ ဒီဂရီ)

Taiyuan ဒုံးပျံလွှတ်တင်ရေးစခန်းသည် ၀ူဇီပြည်နယ်၌ တည်ရှိပြီး ထောက်လှမ်းရေးဂြိုဟ်တုနှင့် စောင့်ကြည့်လေ့လာရေးဂြိုဟ်တု များကဲ့သို့သော ၀င်ရိုးစွန်းပတ်လမ်းဂြိုဟ်တုများ ပစ်လွှတ်ရာတွင် အသုံးပြုသည့် လွှတ်တင်ရေးစခန်းတစ်ခု ဖြစ်သည်။ ၁၉၉၀ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ Iridium Constellation ဂြိုဟ်တုများကို ပစ်လွှတ်ခဲ့သော လွှတ်တင်ရေးစခန်းတစ်ခု ဖြစ်သည်။

Sriharikota Island ဒုံးပျံလွှတ်တင်ရေးစခန်း ( မြောက်လတ္တီတွဒ် ၁၃.၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၈၀.၄ ဒီဂရီ)

၁၉၈၀ ခုနှစ် ဇူလိုင်လ ၁၈ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ ပထမဦးဆုံးဂြိုဟ်တုကို Sriharikota ကျွန်းပေါ်ရှိ ဒုံးပျံလွှတ်တင်ရေးစခန်းမှ ပစ်လွှတ်ခဲ့ပြီး အာကာသထဲသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော အဌမမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် အိန္ဒိယနိုင်ငံအရှေ့ပိုင်းကမ်းခြေရှိ မဒရပ်မြို့၏ မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာ Sriharikota ကျွန်းပေါ်၌ တည်ရှိသည်။ ဒုံးပျံလွှတ်တင်ရေးစခန်းသည် ဧက ၁၄၅၀၀ ကျယ်ဝန်းပြီး သစ်တောများ ထူထပ်သောနေရာ ဖြစ်သည်။ မီတာ ၄၀ မြင့်သော ပစ်လွှတ်စင်တစ်ခုပါရှိပြီး တန် ၆၀၀ လေးသော ပစ်လွှတ်စင်တစ်ခုလည်း ပါရှိသည်။

ဂျပန်နိုင်ငံ၏ ဒုံးပျံလွှတ်တင်ရေးစခန်းများ

ကာဂိုရှီးမား ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၃၁.၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၃၁.၁ ဒီဂရီ)

၁၉၇၀ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိုဆုမိ ဟုအမည်ရသော ဂြိုဟ်တုကို Lumbda ဒုံးပျံဖြင့် ပစ်လွှတ်ခဲ့ပြီး ဂျပန်နိုင်ငံည် အာကာသထဲသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော စတုတ္ထမြောက်နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် ဂျပန်နိုင်ငံ ကျူရှုကျွန်းပေါ်တွင် တည်ရှိပြီး မူလက မိုးလေ၀သဂြိုဟ်တုများကို ပစ်လွှတ်ရန်ရည်ရွယ်ခဲ့ပြီး ယခုအချိန်တွင် အာကာသယာဉ်များကိုပါ ပစ်လွှတ်နိုင်ပြီ ဖြစ်သည်။ ဂျပန်နိုင်ငံ၏ ပထမဆုံးဂြိုဟ်တုခြောက်ခုကို ကာဂိုရှီးမား ဒုံးပျံလွှတ်တင်ရေးစခန်းမှ ပစ်လွှတ်ခဲ့ပြီး ယခုအချိန်ထိဂြိုဟ်တုပေါင်း နှစ်ဒါဇင်ကျော်ကို ပစ်လွှတ်နိုင်ခဲ့ပြီး ဖြစ်သည်။

တန်ဂါရှီးမား ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၃၀.၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၃၁ ဒီဂရီ)

ဂျပန်အာကာသဖွံ့ဖြိုးရေးအေဂျင်စီ၏ ရုံးစိုက်ရာနေရာဖြစ်ပြီး တိုကျိုမြို့မှ မိုင်ပေါင်း ၆၅၀ ကွာဝေးသော တန်ဂါရှီးမားကျွန်းပေါ်၌ တည်ရှိသည်။ ထိုစခန်းမှ အဓိကအားဖြင့် လောင်စာခဲသုံးနှင့် လောင်စာရည်သုံး ဒုံးပျံများကို စမ်းသပ်ပစ်လွှတ်လျက်ရှိသည်။

အခြားဒုံးပျံလွှတ်တင်ရေးစခန်းများ

အထက်ပါ ဒုံးပျံလွှတ်တင်ရေးစခန်းများအပြင် ကမ္ဘာတစ်ဝန်း၌ အခြားပစ်လွှတ်ရေးစခန်းများလည်း တည်ရှိသည်။ ယင်းတို့အတွင်းမှ အချို့သည် နိုင်ငံပိုင်စခန်းများဖြစ်ပြီး အချို့သည် NASA နှင့် ဥရောပအာကာသ အေဂျင်စီ၏ စခန်းများဖြစ်သည်။ NASA ၏ Tran-Atlantic landing အတွက် စပိန်၊ ဆီနီဂေါနှင့် မော်ရိုကိုနိုင်ငံတို့တွင် စခန်း( ၃ )ခုတည်ဆောက်ထားသည်။ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အစ္စရေးနိုင်ငံသည် အာကာသအတွင်းသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော န၀မမြောက်နိုင်ငံဖြစ်ခဲ့ပြီး ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင်လည်း အီရတ်နိုင်ငံသည် အာကာသအတွင်းသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော ဆယ်နိုင်ငံမြောက်နိုင်ငံဖြစ်လာသည်။ အီတလီနိုင်ငံ ၊ ဆမ်မာရီ ကျွန်းအနီး၌ရှိသော ပစ်လွှတ်ရေးစခန်းသည် ရေပြင်ပေါ်၌ တည်ဆောက်ထားသော ပစ်လွှတ်ရေးစခန်းတစ်ခု ဖြစ်သည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အ​မေရိကန်​​တွင် ​ဒေါ်လာ ၄ သန်း​​​တန် ​နောက်ဆုံး​​​ပေါ် ​ထောက်လှမ်း​ရေး​​​​​​​လေယာဉ်​​တီထွင်

alt

အ​မေရိကန်​နိုင်ငံမှ စစ်ဖက်​ဆိုင်ရာ ပညာရှင်များ​​သည် ​ဒေါ်လာ ၄ သန်း​ကျော် တန်ဖိုး​ရှိသည့်​ ​နောက်ဆုံး​ပေါ် ​ထောက်လှမ်း​ရေး​ သူလျှို​​လေယာဉ်​လေး​ တစ်စင်း​အား​ တီထွင်​လိုက်သည်။ ၁၆ လက်မသာရှိ​သော ​လေယာဉ်ငယ်​လေး​သည် ငှက်ပိတုံး​လေး​ တစ်​ကောင်နှင့်​ ပုံစံ​တူ​အောင် တည်​ဆောက်ထား​ပြီး​ အ​လေး​ချိန်မှာ AA ဓာတ်ခဲ တစ်လုံး​ထက်ပင် ​လျော့​နည်း​သည်။

အိတ်ထဲတွင် အလွယ်တကူ ထည့်​ယူသွား​နိုင်​သော ​လေယာဉ်​လေး​ကို ပင်တဂွန် စစ်ဌာနချုပ်က ​ဖော်ပြလိုက်သည်။ ယင်း​လေယာဉ်ငယ် စီမံကိန်း​ကို အချိန် ၅ နှစ်မျှယူ၍ တည်​ဆောက်ခဲ့​ပြီး​ ငှက်နှင့်​အလွန်တူ​သော ​လေယာဉ်​လေး​သည် တစ်နာရီလျင် ၁၁ မိုင်နှုန်း​ထိ ပျံသန်း​နိုင်​ကြောင်း​ သိရသည်။ စစ်ဖက်​အကြီး​အကဲများ​က အလွန်​သေး​ငယ်​သော ကင်မရာ​လေး​များ​ကို ငှက်ပိတုံး​ ​လေယာဉ်​​လေး​တွင် ထည့်​သွင်း​ကာ စစ်ပွဲဇုန်များ​တွင် ရန်သူ့​​စခန်း​ တည်​နေရာကို လျှို့​ဝှက်​​ထောက်လှမ်း​နိုင်မည်ဟု ယုံကြည်​နေကြသည်။ 

လေကိုဆန်၍ ပျံနိုင်​သော ငှက်က​လေး​များ​ကို ကမ္ဘာ​ပေါ်တွင် ​ထောက်လှမ်း​ရေး​လေယာဉ်များ​ ထုတ်လုပ်​ရောင်း​ချ​နေသည့်​ အကြီး​ဆုံး​ ကုမ္ပဏီကြီး​ တစ်ခုဖြစ်​သော AeroVironment က မိတ်ဆက်​ပြသ​ခဲ့​ခြင်း​​ဖြစ်သည်။ အ​မေရိကန် စစ်တပ်သည် ​ထောက်လှမ်း​ရေး​​အတွက် တစထက်တစ ​သေး​ငယ်​သော ကိရိယာ​လေး​များ​ကို အသုံး​ပြုလာပြီး​ ယမန်နှစ်ကလည်း​ ၄ ​ပေါင်မျှသာ အ​လေး​ချိန်ရှိ​သော ​လေယာဉ်ငယ်များ​ကို ​ထောင်နှင့်​ချီ မှာယူခဲ့​ကြောင်း​ သိရှိရသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသအမှိုက်သရိုက်က ဂြိုလ်တုများအတွက် ခြိမ်းခြောက်မှုဖြစ်လာ

“နောက်ထပ် (၂)နှစ်၊ (၃)နှစ်အတွင်း အာကာသ အမှိုက်တွေကြောင့် ဂြိုဟ်တုတွေ ထိခိုက်မိတာမျိုး ပိုပြီးအဖြစ်များလာနိုင်တယ်”
အာကာသအမှိုက်သရိုက်က ဂြိုလ်တုများအတွက် ခြိမ်းခြောက်မှုဖြစ်လာ

အနာဂတ်ကာလတွင် ကမ္ဘာပတ် လမ်းကြောင်းအတွင်း လွှင့်တင်မည့် ဂြိုဟ်တုများအတွက် အာကာသ အမှိုက်သရိုက်များက အလွန်ကြီးမားသော ခြိမ်းခြောက်မှုများ ဖြစ်လာစေနိုင်ကြောင်း ပညာရှင်များက ပြောကြားလိုက်သည်။ သုတေသီများက လာမည့်နှစ် အနည်းငယ်အတွင်း ကမ္ဘာပတ် လမ်းကြောင်းထဲတွင် အာကာသ အမှိုက်များ ထူပြောစွာ ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။


ကမ္ဘာပတ် လမ်းကြောင်းထဲသို့ ဂြိုဟ်တုများ လွှတ်တင်နိုင်ခဲ့သည်မှာ နှစ်ပေါင်း(၅၀)ကျော် ကြာမြင့်လာသည်နှင့်အတူ စွန့်ပစ်ပစ္စည်းများ မြောပါနေသည့် အာကာသ အမှိုက်များလည်း ထုနှင့်ထည်နှင့် တိုးပွားလာခဲ့သည်။ “နောက်ထပ် (၂)နှစ်၊ (၃)နှစ်အတွင်း အာကာသ အမှိုက်တွေကြောင့် ဂြိုဟ်တုတွေ ထိခိုက်မိတာမျိုး ပိုပြီးအဖြစ်များလာနိုင်တယ်”ဟု အမေရိကန် အမျိုးသား အကာသ အေဂျင်စီ (NASA)မှ ကမ္ဘာပတ်လမ်းအတွင်းရှိ အမှိုက်များ စောင့်ကြည့်ရေးရုံး တာဝန်ခံ ဂျင်းစ်စတန်စ်ဘယ်ရီက space.comသို့ ပြောကြားခဲ့သည်။


ဟူစတန်တွင် အခြေစိုက်သော ဂျွန်ဆန်အာကာသစင်တာသည် ကမ္ဘာပတ်လမ်းအတွင်း ပိုမိုတိုးပွားလာသည့် အာကာသ အမှိုက်များ၏ အခြေအနေကို တောက်လျှောက်စောင့်ကြည့် လေ့လာလျက်ရှိသည်။ ဧပြီလ (၅)ရက်နေ့က အာကာသ အမှိုက်တစ်ခုသည် နိုင်ငံတကာ အာကာသစခန်း (ISS)ကို ၀င်တိုက်မိလု အခြေအနေမျိုး ဖြစ်ခဲ့ရာ ISSတွင် တာဝန်ထမ်းဆောင်နေသော နက္ခတ်ဗေဒ ပညာရှင် (၃)ဦးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။ ယင်းအမှိုက်စသည် (၂၀၀၇)ခုနှစ်က တရုတ်နိုင်ငံမှ လွှတ်တင်လိုက်သော တန်ပြန်ဂြိုဟ်တု ထောက်လှမ်းရေး စမ်းသပ်စနစ် တစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခင်ကလည်း ISSအပြင် ကမ္ဘာပတ်လမ်းအတွင်းရှိ ဂြိုဟ်တုများသည် အာကာသ အမှိုက်များ၏ ထိခိုက်လာနိုင်သော အနေအထားမျိုးနှင့် ကြုံတွေ့ခဲ့ရဖူးသည်။ ယင်းတို့သည် ကမ္ဘာပတ်လမ်းအတွင်း တစ်နာရီ မိုင်(၁၇၅၀၀)နှုန်းထိ မြန်နှုန်းမြင့်မားစွာ သွားလာနေတတ်ကြောင်း သိရသည်။ ပညာရှင်များက ကမ္ဘာပတ် လမ်းကြောင်းအတွင်း ဘေ့စ်ဘော ဘောလုံးထက် ပိုကြီးသည့် အမှိုက်စ (၂၀၀၀၀)ကျော်၊ ကျောက်ဒိုးတစ်ခုစာထက် ပိုကြီးသည့် အမှိုက်စပေါင်း (၅၀၀၀၀၀)ကျော်ထိ ရှိနေကြောင်း သတိပေး ပြောဆိုထားသည်။ ပညာရှင်များသည် ဂြိုဟ်တုများကို အန္တရာယ် ပေးနိုင်လောက်ဖွယ်ရှိသော အမှိုက်အစအန (၂၂၀၀၀)ကျော်ကို ခြေရာခံ ထောက်လှမ်းနေသော်လည်း ယင်းတို့ကို အချိန်ပြည့် စောင့်ကြည့်နိုင်ခြင်း မရှိဟုလည်း သတင်းများက ဖော်ပြသွားသည်။

Source: Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...