Powered by Blogger.
RSS

ကြယ်,ဂြိုဟ်နက္ခတ်,တာရာ နှင့် မြန်မာတို့အမြင်




မြန်မာနက္ခတ်ဗေဒင်(Myanmar Astrology) နှင့် အခြားသောနက္ခတ်ဗေဒင်ကျမ်းများကို မလေ့လာမီ နက္ခတ္တဗေဒ(Astronomy)နှင့်ပတ်သက်သော ကြယ်,ဂြိုဟ်,နက္ခတ်,တာရာဟူသောဝေါဟာရများ၏ သဘောသဘာဝများကို အနီးစပ်ဆုံး မှန်ကန်စွာ လေ့လာဖို့လို၏။ကျွန်ုပ်အား အလွယ်ကူဆုံး နှင့်မြန် ဆန်စွာကောက်ယူနိုင်သော လဂ်ကောက်နည်းရှိလျှင် ရေးပေးပါဦး ဟု ကော့မက်ပေးထားပါသဖြင့် နန္ဒာသိန်းဇံ၏ နက္ခတ်ဗေဒင်ပညာနှင့် မြန်မာတို့၏အတွေးအမြင်အစဉ်အလာမှ ကောက်နုတ်ဖော်ပြ ထားသော ဤစာစုကို လေ့လာကြည့်စေလိုပါသည်။မြန်မာမှုနယ်ပယ်တွင် ကြယ်,ဂြိုဟ်,နက္ခတ်, တာရာဟူသောဝေါဟာရများကို မကြခဏဆိုသလို ယှဉ်တွဲသုံးစွဲလေ့ရှိသောကြောင့် အတူတူပင်ဖြစ် သည်ဟု အချို့ ကထင်မှတ်ကြသကဲ့သို့ အချို့ ကလည်းသီးခြားဖြစ်သည်ဟု ထင်မှတ်မှားတတ်ကြ၏။

ကြယ်။ ။ ပထမဦးစွာ“ ကြယ်”(Star)အကြောင်းပြောရလျှင် သိပ္ပံအမြင်အားဖြင့် ကြယ်ဆိုသည်မှာ နေများဖြစ်
၍ အလင်းရောအပူပါလွှတ်ပေးသည်ဆိုသည်ကိုအားလုံးသိကြပြီးဖြစ်၏။အချို့ ကြယ်များသည် ကျွန်ုပ် တို့၏ နေမင်းကြီးထက် အဆပေါင်းများစွာ ကြီးမားကြပြီး အလင်းရောင်သည်လည်း အဆပေါင်း တစ်သန်းခန့် ပိုမိုတောက်ပကြသည်။ ၎င်းကြယ်များသည် ကျွန်ုပ်တို့၏ ကမ္ဘာနှင့် နေအကြားရှိ အကွာ အဝေးထက် အဆပေါင်းများစွာ ပိုဝေးသောကြောင့် သေးသေးငယ်ငယ်မျှသာ မြင်ကြရခြင်းဖြစ်၏။ ကြယ်တို့၏တောက်ပခြင်းအဆင့်ကိုလိုက်၍ အတန်းအစားခွဲထားရာ ကမ္ဘာမြေမှကြည့်သော် အတောက်ပဆုံးဟု ထင်ရသော“ဓူဝံကြယ်”မှာ ဒုတိယတန်းစားထဲ၌သာပါဝင်၏။ကျွန်ုပ်တို့အသိအမှတ် ပြုထားသော “နေမင်းကြီး”မှာ ကမ္ဘာနှင့်အနီးကပ်ဆုံး ကြယ်ကြီးတစ်လုံးမျှသာဖြစ်ပြီး ကြယ်များအနက် အလတ်တန်းစားမျှသာဖြစ်၏။အကြီးဆုံးကြယ်မှာ နေ၏အချင်းထက် အဆပေါင်း ၃၀၀၀-ရှိပြီး အသေး ငယ်ဆုံးကြယ်များမှာ နေ၏အချင်းအောက် ၄၀၀-ပုံ ၁-ပုံသာရှိကြ၏။

ဥပမာ.....“ဟင်္သာတာရာ”၏ စားလုပ်နားရှိ အက်ပ်စီလွန်အော်ရီဂေး(Epsilon Aurigae)ကြယ်ကြီးမှာ နေ၏အချင်းထက် အဆပေါင်း(၂၇၀၀)-မျှပိုမိုရှည်လျားကြီးမားသည်ဟုဆိုသည်။ မြန်မာနက္ခတ်ဗေဒင်(Myanmar Astrology)တွင်မူ “နေ”နှင့် “လ”ကို အခြားသော နက္ခတ်,တာရာ များကဲ့သို့ကြယ်မျိုးစုတွင်ထည့်သွင်း လက်ခံခြင်းမရှိဘဲ “နေ ကို” “တနင်္ဂနွေဂြိုဟ်”၊ “လ”ကို “တနင်္လာ ဂြိုဟ်”အဖြစ်သတ်မှတ်လေ့ရှိ၏။

ဂြိုဟ်။ ။“ ဂြိုဟ်”တွေအကြောင်းပြောကြစို့။အနောက်တိုင်း နက္ခတ္တဗေဒ၌ “ ဂြိုဟ်”(Planet)ဆိုသည်မှာ နေကိုဗဟိုပြု၍ လှည့်ပတ်နေသော ကောင်းကင်တန်ဆာများဟုယူဆ၏။ကြယ်နှင့်ကွာခြားချက်မှာ ဂြိုဟ်သည် ကိုယ်ပိုင်အလင်းရောင်မရှိ၊နေမှရသော တစ်ဆင့်ခံ အလင်းရောင်သာရှိ၏။နေကိုအကွာ အဝေးအသီးသီးမှ “ဘဲဥပုံပတ်လမ်း”(Elliptical path)အတိုင်း လှည့်ပတ်နေကြရာ ကမ္ဘာအပါအဝင် ဂြိုဟ်ပေါင်း(၉)လုံးရှိ၏။နေနှင့်အနီးဆုံးမှစ၍ဖော်ပြရလျှင် ဗုဒ္ဓဟူးဂြိုဟ်(Mercury)၊သောကြာဂြိုဟ် (Venus)၊ကမ္ဘာဂြိုဟ်(Earth)၊အင်္ဂါဂြိုဟ်(Mars)၊ကြာသပတေးဂြိုဟ်(Jupiter)၊စနေဂြိုဟ်(Saturn)၊ ရေးနပ်စ်ဂြိုဟ်(Uranus)၊နက်ပကျွန်းဂြိုဟ်(Neptune)နှင့် ပလူတိုဂြိုဟ်(Pluto)တို့ဖြစ်ကြပြီး ၎င်းတို့ အားလုံး အနောက်မှအရှေ့ သို့(လက်ဝဲရစ်ပုံစံ)လည်ကြ၏။သိပ္ပံအမြင်အရ ကျွန်ုပ်တို့ လက်ရှိနေထိုင် လျှက်ရှိသော စကြာဝဠာကို “နေ”တည်းဟူသော ကြယ်တစ်လုံး၊ဂြိုဟ်(၉)လုံး၊လ(၅၀)လုံးကျော်တို့ ဖြင့်ဖွဲစည်းထားသည်။မြန်မာမှုတွင် “ ဂြိုဟ်”ဟူသည်မှာ“အိမ်”(သို့)“ဗိမာန်”ဟုအဓိပ္ပာယ်ရပြီး သက် ဆိုင်ရာဂြိုဟ်အသီးသီး၌ ၎င်းတို့နှင့်သက်ဆိုင်သော ဂြိုဟ်မင်းများလည်း အသီးသီးရှိကြောင်း ယုံကြည် ကြ၏။“နေ”ကို “တနင်္ဂနွေဂြိုဟ်မင်း”၊“လ”ကို“တနင်္လာဂြိုဟ်မင်း”ဟူ၍သတ်မှတ်ကြပြီး အင်္ဂါဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ်၊ကြာသပတေးဂြိုဟ်၊သောကြာဂြိုဟ်၊စနေဂြိုဟ်တို့အပြင် ရာဟုဂြိုဟ်နှင့် ကိတ်ဂြိုဟ်ဟူ၍ လည်းရှိသည်။စင်စစ် ရာဟုနှင့်ကိတ်သည် ဂြိုဟ်အစစ်များမဟုတ်ကြပါ။နေကြောင့်ဖြစ်ပေါ်လာသော ကမ္ဘာ့အရိပ်ထွက်ရာဆုံချက်ကို ရာဟုဂြိုဟ်နှင့် နေနှင့်ကမ္ဘာအကြားရှိဆုံချက်ကို ကိတ်ဂြိုဟ် ဟုသတ် မှတ်ပြီးယင်းဆုံချက်အမှတ် ၂-ခုသည်မျဉ်းဖြောင့်အနေအထားရှိကာ ၁၂-ရာသီစက်ဝန်း တစ်ပတ် (၃၆၀ံ)ပြည့်ရန် ၁၈-နှစ်ကြာ၏။နေ,လကြတ်ရာတွင် အဓိက စိုးမိုးပါ၍ ၁၈-နှစ် နေ,လကြတ်ကိန်း ဖြစ်ပေါ်စေ၏။

မြန်မာ့နက္ခတ္တဗေဒတွင် “လ”သည် ကမ္ဘာနှင့်သက်ဆိုင်သော “လ”တစ်လုံးတည်းသာလျှင်ဖြစ်၏။ စင်စစ် သိပ္ပံအမြင်အရ ကမ္ဘာတွင် လ(၁)လုံးရှိကာ ဗုဒ္ဓဟူးဂြိုဟ် နှင့် သောကြာဂြိုဟ်တို့တွင် လ(၁) လုံးမျှမရှိကြ။အင်္ဂါဂြိုဟ်တွင် လ(၂)လုံး၊ယူရေးနပ်စ်ဂြိုဟ်တွင် လ(၁၅)လုံး၊ကြာသပတေးဂြိုဟ်တွင် လ(၆)လုံး၊စနေဂြိုဟ်တွင် လ(၂၀)လုံး၊ပလူတိုဂြိုဟ်တွင် လ(၁)လုံး၊နက်ပကျွန်းဂြိုဟ်တွင် လ(၈)လုံး ရှိကြောင်း တွေ့ရှိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...