Powered by Blogger.
RSS

ကမ္ဘာ့အမြန်ဆုံး လူစီး လေယာဉ်


http://www.hin4ooe.com/main/temp/May%2030,%202011/luselayyin.gif

လူသားတို့သည် ကုန်းနေသတ္တဝါများသာ ဖြစ်ကြသော်လည်း ၎င်းတို့၏ တီထွင်ဉာဏ်၊ ကြိုးပမ်း အားထုတ်မှုတို့ကြောင့် ရေပြင် အဏ္ဏဝါကိုသာမက ဝေဟင်တိမ်လွှာကိုပါ အောင်နိုင်ခဲ့ပါပြီ။ ထို့အပြင် စိတ်ကြိုက် လှုပ်ရှားနိုင်သော အာကာယံထက်တွင် မြန်သည်ထက် မြန်မြန်သွားလာနိုင်အောင် ကြံဆောင်ခဲ့ရာမှ ကမ္ဘာ့အမြန်ဆုံး ဂုဏ်ဒြပ်ခံ လေယာဉ်ပျံများ ပေါ်ပေါက်လာခဲ့ရသည်။ လက်ရှိ ကမ္ဘာ့အမြန်ဆုံး လူစီးလေယာဉ်ပျံမှာ SR-71 Blackbird ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် Blackbird သည် လက်ရှိ ကမ္ဘာသုံး လေယာဉ်ဖျက် ဒုံးကျည်များ၏ ရန်မှ ရှောင်ကွင်းနိုင်သော အံ့ဖွယ် လေယာဉ်ပျံလည်း ဖြစ်သည်။


ထောက်လှမ်းရေး မဟူရာငှက်

အမေရိကန် ပြည်ထောင်စု အခြေစိုက် Lockheed ကုမ္ပဏီမှ ထုတ်လုပ်သော ထောက်လှမ်းရေး လေယာဉ် ပုံစံအမှတ် SR-71 လျှို့ဝှက်အမည် မဟူရာငှက် (Blackbird) သည် အသံထက် (၃)ဆခန့် ပိုမြန်အောင် မောင်းနှင်နိုင်သော ဗျူဟာမြောက် ထောက်လှမ်းရေး လေယာဉ် ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ်က ပေါ်ထွန်းခဲ့သော Lockheed A-12 ထောက်လှမ်းရေး လေယာဉ်က အခြေခံ၍ ပြုလုပ်ခဲ့သော လူသိနည်း စီမံကိန်းတစ်ခု၏ အကျိုးရလဒ် ဖြစ်သည့် Blackbird သည် လေကြောင်းအန္တရာယ် ခြိမ်းခြောက်မှုများကို ကျော်လွှား၍ ထောက်လှမ်းရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် ဒီဇိုင်း ထုတ်ထားသည်။ ထို့အပြင် ၎င်းပေါ်ထွန်းစနှစ်များက ရေဒါ ထောက်လှမ်းမှုမှ ရှောင်ရှားနိုင်စွမ်းရှိခဲ့ပြီး ယခုခေတ် ရေဒါများကသာ Blackbird ကို ထောက်လှမ်း သိရှိနိုင်သည်။ သို့သော် ကမ္ဘာ့အမြန်ဆုံးဟု ဂုဏ်တင်လောက်သော အမြန်နှုန်းကြောင့် ရေဒါများသည် Black bird ကို ခေတ္တမျှသာ ထောက်လှမ်း သိရှိနိုင်ပြီး များမကြာမီ မျက်ခြည်ပြတ်သွား ကြရသည်။ မဟူရာငှက်ဟူသော အမည်နာမနှင့် လိုက်ဖက်သည့် ထောက်လှမ်းရေး လေယာဉ်ပင် ဖြစ်သည်။


ဂြိုဟ်သား နည်းပညာ

အမေရိကန် ပြည်ထောင်စု နီဗားဒါး ပြည်နယ်ရှိ Groom Lake ဒေသသည် Area-51 ဟူသော အမည်ဖြင့် ကျော်ကြားသော နေရာတစ်နေရာ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၏ ခေတ်အမီဆုံး၊ အဆန်းသစ်ဆုံး လက်နက်များကိုသာ သီးသန့် ထုတ်လုပ်သော နေရာဖြစ်သောကြောင့် ဂြိုဟ်သား နည်းပညာများကို တိတ်တဆိတ် အသုံးချနေသည့် နေရာတစ်ခုအဖြစ် ကျော်ကြားသော Area-51 တွင် Blackbird ကို ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။ Blackbird ၏ ရှေ့ပြေးပုံစံဖြစ်သော Lockheed A-12 ကို ကလဲရင့်(စ်)ဂျွန်ဆင် ဆိုသူက တီထွင်ခဲ့ခြင်း ဖြစ်ပြီး ၁၉၆၂ ခုနှစ် ဧပြီလ (၂၅) ရက်နေ့တွင် စတင် ပျံသန်းနိုင်ခဲ့သည်။ A-12 (၁၃) စီး တည်ဆောက်ခဲ့ပြီး ၎င်းတို့အနက်တွင် ကြားဖြတ် တိုက်ခိုက်ရေး ရှေ့ပြေးပုံစံ၊ လူမဲ့လေယာဉ် တင်ဆောင်ရေး ရှေ့ပြေးပုံစံတို့ ပါရှိခဲ့သည်။ A-12 သည် ဗီယက်နမ်နိုင်ငံနှင့် ကိုရီးယားဒီမိုကရက်တစ် သမ္မတနိုင်ငံတို့၌ ထောက်လှမ်းရေး တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် တာဝန်မှ အနားယူခဲ့သည်။ A-12 နည်းပညာကို အခြေခံကာ Blackbird ကို ပုံစံထုတ်ခဲ့ခြင်းဟု လူသိများသော်လည်း အမှန်စင်စစ်မှာမူ Blackbird သည် A-12 ၏ နောက်ပ်ါထွန်းလာသော ထောက်လှမ်းရေး လေယာဉ် စီမံကိန်း ဖြစ်ပြီး ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေး တာဝန်များကို ပူးတွဲ ထမ်းဆောင်နိုင်ရန် ဖန်တီးထားခြင်းဖြစ်သည်။ ထို့အပြင် ၁၉၆၀ ပြည့်လွန်နှစ်များ၏ အကောင်းဆုံး နည်းပညာများကို ပေါင်းစု အသုံးချထားခြင်းမျိုး ဖြစ်သောကြောင့် Blackbird ၏ ဒီဇိုင်းနှင့် စွမ်းဆောင်ရည်မှာ ဂြိုဟ်သား နည်းပညာများကို အခြေခံထားသကဲ့သို့ ရှိသည်။


မဟူရာ တည်ဆောက်ပုံ

ကမ္ဘာပေါ်တွင် ခေတ်အမီဆုံးနှင့် သိရအခက်ဆုံး စီမံကိန်းတစ်ခု ဖြစ်သောကြောင့် SR-71 ၏ ပေါ်ထွက်လာပုံမှာလည်း လျှို့ဝှက်ဆန်းကြယ်လှသည်။ အသံထက် သုံးဆမြန်အောင် မောင်းနှင်နိုင်သော လေယာဉ်တစ်စီးသည် လေထု ပွတ်အားကြောင့် အပူချိန်တက်လာသည့် ဖြစ်ရပ်မျိုးကို အများဆုံး ကြုံတွေ့ရလေ့ ရှိသည်။ လေယာဉ်၏ အရှေ့ ဘက်ပိုင်းတွင် ဖိအားများစွာ တိုးလာနိုင်ပြီး အသံထက် မြန်အောင် သွားသည့်အချိန်တွင် ပေါ်ပေါက်လာလေ့ရှိသော အသံလွန်သိမ့်လှိုင်းကြောင့် လေယာဉ်၏ ကိုယ်ထည်ကို ပေါ့ပါးသလောက် ခိုင်မာသည့် အရာဝတ္ထု တစ်မျိုးမျိုးနှင့် တည်ဆောက်ရန် လိုအပ်စေသည်။ ထို့ကြောင့် ဤလုပ်ငန်းစဉ် အတွက် အသင့်တော်ဆုံး ဖြစ်သော တိုက်တေနီယမ် သတ္တုကို ဆိုဗီယက်တို့ထံမှ ဝယ်ယူခဲ့ရသည်။ အမေရိကန်တို့သည် နည်းပညာ ပေါက်ကြားမည် စိုးသောကြောင့် တိုက်တေနီယမ် ဝယ်ယူရသည့် အကြောင်းအရင်းကို ထုတ်ပြန်ခြင်း မပြုခဲ့ဘဲ ဆင်ခြေဆင်လက်များစွာနဲ့ လှည့်ဖြားဝယ်ယူခဲ့ရခြင်း ဖြစ်သည်။ လေယာဉ်တစ်စီးလုံးကို တိုက်တေနီယမ်ဖြင့် တည်ဆောက်ပါက ကုန်ကျစရိတ် အလွန်တက်သွားမည် ဖြစ်သဖြင့် လေယာဉ် တည်ဆောက်သူ Lockheed ကုမ္ပဏီသည် တိုက်တေနီယမ်ကို အခြားသတ္တုများနှင့် ရောစပ် အသုံးချခဲ့သည်။ အချောကိုင်ထားသော လေယာဉ်များကိုလည်း အနက်ရောင်နီးနီး ရှိသော နက်ပြာရောင် သုတ်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားစေရန် စီမံထားသည်။ ထို့အပြင် ရေဒါလှိုင်း ရိုက်ခတ်မှုမှ သက်သာရာရစေရန် လေယာဉ်၏ ကန့်လန့်ဖြတ် ဧရိယာကိုလည်း အကောင်းဆုံး အနေအထား အထိ လျော့ချထားသည်။ ၁၉၆၀ ပြည့်လွန်နှစ်များက အသုံးပြုခဲ့ကြသော ရေဒါများသည် Blackbird ကို ထောက်လှမ်း သိရှိနိုင်စွမ်း မရှိသည့်အပြင် ကောင်းကင်အပြာရောင် နောက်ခံ၌ အလွန်လျင်မြန်စွာ သွားလာနေသော Blackbird ကို သာမန်မျက်လုံးဖြင့် လွယ်ကူစွာ မမြင်ရသည့်အတွက် မဟူရာငှက်ဟူသော အမည်ကို ထိုက်တန်စွာ ရရှိခဲ့ခြင်း ဖြစ်သည်။


အံ့ဖွယ် အင်ဂျင် ပါဝါ

Blackbird ကို အသံထက် (၃.၂) ဆ အမြန်နှုန်းနှင့် ကောင်းစွာ ဝဲပျံနိုင်ရန် စီမံထားသော်လည်း ၎င်း၏ တာဘိုဂျက် အင်ဂျင်များ အတွင်း လေဝင်မှု အမြန်နှုန်းကို အသံ၏ ထက်ဝက်မျှသာ ရှိသော ပမာဏရှိစေရန် ကန့်သတ်ထားသည်။ လေယာဉ် ပျံသန်းနှုန်း မြင့်လာသည်နှင့်အမျှ အင်ဂျင်အတွင်း လေတိုးဝင်မှု နှုန်းလည်း မြင့်တက်လာမည်ဖြစ်ရာ ပြင်းထန်သော လေအားကြောင့် အင်ဂျင်ပျက်စီးမှုများမှ ကာကွယ်ရန် ဤသို့ စီစဉ်ထားခြင်း ဖြစ်သည်။ အင်ဂျင်၏ လေဝင်ပေါက်ရှေ့ဘက်တွင် အချွန်ပုံစံ လေဝင်ထိန်းစနစ် ပါဝင်ပြီး ပုံမှန်မောင်းနှင်ချိန်တွင် အဆိုပါ အချွန်မှာ ရှေ့သို့ ထွက်နေကာ အသံထက် (၃) ဆကျော် မောင်းနှင်နေသည့် အချိန်တွင် အင်ဂျင်အတွင်းသို့ (၂၆) လက်မခန့် တိုဝင်သွားရန် ဖန်တီးပေးထားသည်။ အပြင်မှလေများ တိုးဝင်လာလေ အင်ဂျင်အတွင်း မီးလောင်ပေါက်ကွဲမှု မြင့်တက်လာလေ ဖြစ်သောကြောင့် အရှိန်နှုန်း မြန်မြန်နှင့် မောင်းနှင်လေ ဆီစားသက်သာလေ ဖြစ်စေမည် ဖြစ်သည်။ Blackbird မပေါ်ထွန်းမီက တိုက်တေနီယမ်သတ္တုကို ဂျက်အင်ဂျင် လေထွက်ပေါက်များနှင့် အခြားအပူဒဏ်ခံ အစိတ်အပိုင်းများတွင် အသုံးပြုခဲ့သော်လည်း မဟူရာငှက်တွင်မူ တိုက်တေနီယမ် (၈၅)ရာခိုင်နှုန်း၊ အခြားသတ္တုစပ် (၁၅) ရာခိုင်နှုန်းဖြင့် ကိုယ်ထည်ကို တည်ဆောက် ဖန်တီးပေးထားသည်။ Blackbird တည်ဆောက်ရန် ဝယ်ယူခဲ့သော တိုက်တေနီယမ် သတ္တု (၈၀) ရာခိုင်နှုန်းကို မသန့်စင်သောကြောင့် ပယ်ချပစ်ခဲ့ရသည်ဟု မှတ်တမ်းများက ဖော်ပြထားသဖြင့် အမေရိကန်တို့ အလေးထား ဆောင်ရွက်ခဲ့ပုံကို သိရှိနိုင်သည်။
အင်ဂျင်နီယာများ၏ ကာလရှည် လေ့လာမှုများအရ ကိုယ်ထည် တည်ဆောက်ထားသော တိုက်တေနီယမ်သတ္တုသည် ပျံသန်းချိန် ကြာမြင့်သည်နှင့်အမျှ ပိုမိုကျစ်လျစ် ခိုင်မာလာကြောင်း သိရှိခဲ့ရသည်။ မြန်နှုန်းမြင့် ပျံသန်းစဉ် လေယာဉ်ကိုယ်ထည်ပေါ်၌ ကြုံတွေ့ရသော ဖိအားပြောင်းလဲမှု၊ အပူချိန် ပြောင်းလဲမှုများက လေယာဉ်ကိုယ်ထည်ကို အမာတင်ပေးသလို ဖြစ်စေကြောင်း အင်ဂျင်နီယာများက ရှင်းပြထားသည်။ ကိုယ်ထည်၏ အပိုင်းအစများကို သွပ်ပြားများကဲ့သို့ အခေါက်အတွန့်များဖြင့် ဖန်တီးထားပေးခြင်းမှာလည်း Blackbird ၏ ထူးခြားချက် ဖြစ်ပြီး ချောမွေ့သော မျက်နှာပြင်ပေါ်တွင် လေထုပွတ်အား ကျရောက်ပါက အဆိုပါ မျက်နှာပြင် ခေါက်ကျိုးသွားနိုင်သည့် အချက်ကို ကြိုတင် ကာကွယ်ထားခြင်း ဖြစ်သည်။

ကိုယ်ထည်အတွင်း တည်ဆောက်ပုံမှာလည်း မြန်နှုန်းမြင့် သွားလာစဉ် ကြုံတွေ့ရမည့် မဟာဖိအားများကို ကြိုတင် တွက်ချက်ထားသည့်အနေဖြင့် မြေပြင်ပေါ်တွင် ပွရောင်းရောင်းသာ ရှိနေစေရန် စီမံထားသည်။ မည်မျှ ပွရောင်းရောင်း နိုင်သနည်းဟု ဆိုရလျှင် လေယာဉ်ပျံ တက်စဉ် ဆီတိုင်ကီမှ ဆီယိုဖိတ်သည် အထိ ကိုယ်ထည် မလုံခြုံဟု ဆိုသည်။ လေယာဉ် လေထဲရောက်ခါမှ အမြန်နှုန်းကြောင့် ကိုယ်ထည် ကျစ်လျစ် သွားစေမည် ဖြစ်သည်။ ယိုဖိတ်သွားသော လေယာဉ်ဆီကို ဝေဟင်ပေါ်၌ ပျံသန်းရင်း ပြန်လည် ဖြည့်တင်းယူရသည်။


ကိုယ်ပျောက် လေယာဉ်

လက်ရှိကာလတွင် ကိုယ်ပျောက် လေယာဉ်၊ ရေဒါပျောက် လေယာဉ် အစရှိသော ကိစ္စများသည် အဆန်းမဟုတ်တော့ဘဲ ကိုယ်ပျောက် ရဟတ်ယာဉ်များပင် ပေါ်ပေါက်နေပြီ ဖြစ်သည်။ ကန့်လန့်ဖြတ် ဧရိယာ နည်းပါးလျှင် ရေဒါမြင်ကွင်း၌ ပေါ်ရန် ခက်ခဲသည်ဟု ရှာဖွေတွေ့ရှိပြီးနောက် ပေါ်ပေါက်လာသော လေယာဉ်ပီပီ Blackbird သည် အပေါ်အောက် ပြားကပ်ကပ်နှင့် ချပ်ချပ်ရပ်ရပ်ရှိသော ကိုယ်ထည်ဖြင့် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် လေယာဉ်၏ ထောင့်စွန်းများတွင် ရေဒါလှိုင်းကို စုပ်ယူနိုင်သော ပစ္စည်းများ တပ်ဆင်ထားရှိရာ ရေဒါလှိုင်း ပြန်ကန်ထွက်မည့် အရေးကို အကောင်းဆုံး အနေအထားအထိ တားဆီးထားသည်။ မည်သို့ပင်ဖြစ်စေ ယနေ့ခေတ်ပေါ် ရေဒါများသည် Blackbird ကို အလွယ်တကူ ထောက်လှမ်း သိရှိနိုင်ပြီး အသံထက် (၃) ဆ မြန်အောင် ပျံသန်းသည့် အခါမျိုး၌ Blackbird ၏ မီးခိုးတန်းသည် အလွန်သိသာသော အနေအထားမျိုး၌ ရှိနေသည်။ ထို့ကြောင့်လည်း Blackbird များ စစ်ဘက် တာဝန် ထမ်းဆောင်ခဲ့သော ၁၉၆၆ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း ရန်သူများဘက်မှ ပစ်ချရန် ကြိုးပမ်းမှု အကြိမ် (၄၀၀၀) ကျော် ရှိခဲ့သည်။ Blackbird တွင် အီလက်ထရွန်နစ် တန်ပြန်ကာကွယ်ရေး စနစ်များ မပါဝင်သော်လည်း မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များအတွက် Blackbird ၏ အမြန်နှုန်းမှာ အလွန်မြင့်မားနေသောကြောင့် အရှိန်မြှင့် ပျံသန်းလိုက်ရုံဖြင့် ဒုံးကျည်နှင့် ပစ်ချခံရမည့်ဘေးမှ ကာကွယ်ပြီးသား ဖြစ်သွားခဲ့သည်။ ပေ (၈၀၀၀၀) အမြင့်မှ ပျံသန်းရသော လေယာဉ်ဖြစ်သောကြောင့် လေယာဉ်မှူးများ အသက်ရှူ မဝသည့် ဘေးမှ ကာကွယ်ရန် ဖိအားမြင့် ဝတ်စုံများကို အသုံးပြုထားပြီး အလားတူ ဝတ်စုံများကို အာကာသ လွန်းပြန်ယာဉ်များပေါ်တွင်ပါ အသုံးပြုထားသည်။ လေထုကို အမြန်နှုန်းမြင့်မြင့်ဖြင့် ခွင်း၍သွားရသောကြောင့် ကိုယ်ထည် အပူချိန် (၂၃၀)ဒီဂရီစင်တီဂရိတ် အထိ တက်လာနိုင်သဖြင့် ယာဉ်မှူးအခန်းကို လေအေးပေးထားရသည်။ မြန်နှုန်းမြင့် ကိုယ်ပျောက်လေယာဉ်အဖြစ် ရပ်တည်နိုင်ရန် အထူးအသားပေးထားသောကြောင့် Blackbird တွင် လက်နက်ဟူ၍ သီးသီးသန့်သန့် မရှိလှဘဲ ထောက်လှမ်းရေး ကင်မရာများသာ တပ်ဆင်ထားလေ့ ရှိသည်။ ကမ္ဘာ့အမြန်ဆုံး လူစီးလေယာဉ်အဖြစ် လည်းကောင်း၊ ဂြိုဟ်သား နည်းပညာကို သုံးစွဲထားသည်ဟု သတင်းကြီးသော လေယာဉ်တစ်စီးအဖြစ်လည်းကောင်း ဂုဏ်သတင်း ပျံ့လွင့်ခဲ့သည့် SR-71 Blackbird များသည် ယခုအခါ စစ်ဘက် တာဝန်မှ အနားယူသွားပြီ ဖြစ်သော်လည်း ၎င်းတို့၏ ရန်သူနယ်မြေအတွင်း ထိုးဖောက်ဝင်ရောက် ထောက်လှမ်းခြင်း စွန့်စားခန်းများ၊ နည်းပညာကို အမြင့်ဆုံးအထိ ဆွဲယူအသုံးချခဲ့ပုံများသည် နောင်လာမည့် နှစ်ပေါင်းများစွာအထိ လူပြောများနေစေဦးတော့မည် ဖြစ်ပါသည်။

ဟင်းလေးအိုး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...