Powered by Blogger.
RSS

ဂြိုဟ်တုစီမံကိန်းအား အကောင်အထည်ဖော်ရာ၌ လိုက်နာစဉ်းစားရမည့်အဆင့်များ

ဂြိုဟ်တုစီမံကိန်းတွင် အာမခံထားရှိမှုသည် အရေးပါသောလိုအပ်ချက် တစ်ခုဖြစ်သည်။ စီးပွားဖြစ် ဂြိုဟ်တုတစ်ခု၏ အဓိကရည်ရွယ်ချက်မှာ ဂြိုဟ်တု၏ သက်တမ်းကုန်ဆုံးချိန်ထိ အမြတ်အစွန်းနှင့် ၀န်ဆောင်မှုကို အပြည့်အ၀ပေးနိုင်ရန်ဖြစ်သည်။ ဂြိုဟ်တုစတင်ပစ်လွှတ်ချိန်မှစ၍ သက်တမ်းကုန်ဆုံးချိန်အထိ အချိန်ကာလအတွင်းတွင် မမျှော်လင့်သောဖြစ်ရပ်များကြောင့် ဂြိုဟ်တုထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်ရာ၊ ယင်းသို့ဖြစ်ပေါ်ခဲ့လျှင် ဂြိုဟ်တု၏ ၀န်ဆောင်မှုများအတွက် ရရှိမည့်ဝန်ဆောင်ခသည် လျော့နည်း/ဆုံးရှုံးသွားမည်။ ထိုအခါ ဂြိုဟ်တုပိုင်ဆိုင်သော အဖွဲ့အစည်းတွင် ငွေကြေးပိုင်းဆိုင်ရာဆုံးရှုံးနစ်နာမှုဖြစ်ပေါ်မည်။ သို့ဖြစ်၍ မမျှော်လင့်သော ဂြိုဟ်တုထိခိုက် ပျက်စီးမှုများကြောင့် ငွေကြေးပိုင်းဆိုင်ရာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ပါက ပြန်လည်ကာမိစေရန် ဂြိုဟ်တုစီကိန်းတစ်လျောက် အာမခံမျိုးမျိုးထားရှိကြပါသည်။

ဂြိုဟ်တုတစ်ခုအားထုတ်လုပ်ခြင်း ၊လွှတ်တင်ခြင်းနှင့် အသုံးပြုခြင်း စသည်ဖြင့် အောက်ဖော်ပြပါအတိုင်း အချိန်ကာလ ( ၃ ) ပိုင်းခွဲခြားထားပါသည်-

(က) စတင်ထုတ်လုပ်ချိန်နှင့် မပစ်လွှတ်မီအချိန် (Manufacture and pre-launch)

(ခ) ပစ်လွှတ်စဉ်အချိန် ( Launch )

(ဂ) ပတ်လမ်းအတွင်းတည်ရှိ၍ ၀န်ဆောင်မှုပေးနေချိန် ( in-orbit operation )

အထက်စာပိုဒ်ပါ အချိန်ကာလ ( ၃ ) ပိုင်းလုံးတွင် မမျှော်လင့်သောဂြိုဟ်တုထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ တစ်နည်းအားဖြင့် ဂြိုဟ်တုကို စတင်ထုတ်လုပ်နေချိန်မှစ၍ ပတ်လမ်းအတွင်းတည်ရှိကာ သက်တမ်းကုန်ဆုံးချိန်ကာလအတွင်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ပေါ်ပေါက်နိုင်သည်ဖြစ်ရာ ဂြိုဟ်တုစတင်ထုတ်လုပ်ချိန်မှစ၍ ပတ်လမ်းအတွင်း သက်တမ်းကုန်ဆုံးချိန်အထိ အဆင့်ဆင့်အတိုင်းတွင် အာမခံထားရှိရန်လိုအပ်ပါသည်။ ယေဘုယျအားဖြင့် ဂြိုဟ်တုအာမခံထားရှိမှု အဆင့်များကိုလည်း ယင်းအချိန်ကာလ(၃) ပိုင်းနှင့် လိုက်လျောညီထွေမှုရှိစေရန် အောက်ပါအတိုင်း ( ၃ )မျိုးခွဲခြားထားပါသည်။

(က) စတင်ထုတ်လုပ်ချိန်နှင့် မပစ်လွှတ်မီအာမခံထားရှိခြင်း ( pre-launch insurance ) ။ မမျှော်လင့်သောဖြစ်ရပ်များကြောင့် တည်ဆောက်ဆဲနှင့် မပစ်လွှတ်မီကာလအတွင်း ဂြိုဟ်တုအစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးမှုကိုထေမိစေရန်အတွက် စတင်ထုတ်လုပ်စဉ်နှင့် မပစ်လွှတ်မီအချိန် အာမခံထားရှိရခြင်းဖြစ်ပါသည်။

(ခ) ပစ်လွှတ်စဉ်အချိန်တွင် အာမခံထားရှိရခြင်း (Launch insurance ) ။ဂြိုဟ်တုအား လွှတ်တင်ရေးဒုံးပျံ (launch vehicle ) ဖြင့် ပစ်လွှတ်စဉ်တွင် မမျှော်လင့်သော ဖြစ်ရပ်များကြောင့် လွှတ်တင်မှုမအောင်မြင်ပါက် ဂြိုဟ်တုပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ယင်းဆုံးရှုံးမှုများကို ကာမိစေရန်အတွက် ပစ်လွှတ်စဉ်အချိန်တွင် အာမခံထားရှိရခြင်းဖြစ်ပါသည်။

(ဂ) ပတ်လမ်းအတွင်းတည်ရှိ၍ ၀န်ဆောင်မှုပေးချိန်အာမခံထားရှိခြင်း ( In-orbit insurance ) ။ ပတ်လမ်းအတွင်းတည်ရှိ၍ ၀န်ဆောင်မှုပေးနေချိန်တွင် ဂြိုဟ်တုသည် အာကာသအတွင်းရှိ အရာဝတ္ထုများနှင့် ထိခိုက်မိခြင်း ၊ ဂြိုဟ်တု၏အစိတ်အပိုင်းများချို့ယွင်းခြင်း စသည့် မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် ပေါ်ပေါက်လာနိုင်သည့် ဆုံးရှုံးမှုများကို ခုမိစေရန် ပတ်လမ်းအတွင်းတည်ရှိ၍ ၀န်ဆောင်မှုပေးချိန်၌လည်း အာမခံထားရှိရခြင်းဖြစ်သည်။

1965 ခုနှစ်တွင် လွှတ်တင်ခဲ့သော စီးပွားဖြစ်ဆက်သွယ်ရေးဂြိုဟ်တုဖြစ်သည့် Intelsat 1 သည် ပထမဦးဆုံး ပစ်လွှတ်မှုအာမခံ (launch insurance ) ထားရှိခဲ့သော ဂြိုဟ်တုဖြစ်သည်။ ထို့နောက် 1968 ခုနှစ်တွင် လွှတ်တင်ခဲ့သော Intelsat 3 ဂြိုဟ်တုသည် မပစ်လွှတ်မီအချိန် ( pre-launch ) နှင့် ပစ်လွှတ်စဉ်အချိန် (launch) တို့အတွက် အာမခံစတင်ထားရှိခဲ့သော ဂြိုဟ်တုဖြစ်သည်။ ယခုကာလတွင်မူ အာကာသစီမံကိန်းများ၌ အာမခံထားရှိမှုသည် အရေးပါသော အခန်းကဏ္ဍအဖြစ် တွင်ကျယ်စွာ ပါဝင်လာပြီဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...