Powered by Blogger.
RSS

အာကာသစခန်းများ

ကမ္ဘာပေါ်ရှိ ဒုံးပျံလွှတ်တင်ရေးစခန်းများ၏ စုစုပေါင်းအရေအတွက်မှာ ၅၀ ကျော်ခန့်ရှိသည်။ ဒုံးပျံလွှတ်တင်ရေးစခန်းများသည် အာကာသအတွင်းသို့ ဂြိုဟ်တုများလွှတ်တင်ရန်အတွက် တည်ဆောက်ထားခြင်းဖြစ်သည်။ ၁၉၅၇ ခုနှစ်မှစတင်၍ ဂြိုဟ်တုပေါင်း ၅၀၀၀ ကျော်ကိုကမ္ဘာတစ်ဝန်းရှိ ဒုံးပျံလွှတ်တင်ရေးစခန်းများမှ လွှတ်တင်ခဲ့ကြသည်။ ကမ္ဘာပေါ်၌ ပစ်လွှတ်မှုအများဆုံးပြုလုပ်ခဲ့သော နာမည်ကျော်ကြားသည့် ဒုံးပျံလွှတ်တင်ရေးစခန်းများမှာ Cape Canaveral ၊ Vandenberg ၊ Baikonur ၊ Plesetsk ၊ Kourou ၊ Tanegashima ၊ Jiuquan ၊ Xichang နှင့် Sriharikota တို့ဖြစ်သည်။

Baikonur ဒုံးပျံလွှတ်တင်ရေးစခန်း ( မြောက်လတ္တီတွဒ် ၄၅.၆ ဒီဂရီ ၊ အရှေ့လောင်ဂျီတွဒ် ၆၃.၄ ဒီဂရီ )

၁၉၅၇ ခုနှစ် အောက်တိုဘာလ ၄ ရက် နေ့တွင် ဆိုဗီယက်ပြည်ထောင်စု၏ ပထမဦးဆုံးဂြိုဟ်တု Sputnik 1 ကို Baiknour ဒုံးပျံလွှတ်တင်ရေးစခန်းမှ R 7 ဒုံးပျံဖြင့် ပစ်လွှတ်ခဲ့သည်။ Baiknour ဒုံးပျံလွှတ်တင်ရေးစခန်းသည် ရုရှားနိုင်ငံ၏ အရေးပါဆုံးသော စခန်းတစ်ခုဖြစ်ပြီး ၁၉၅၅ ခုနှစ်တွင်တည်ဆောက်ခဲ့၍ Baiknour မြို့၏ အနောက်တောင်ဖက် မိုင်၂၃၀ အကွာတွင် တည်ရှိသည်။ Baiknour ဒုံးပျံလွှတ်တင်ရေးစခန်းသည် ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်ခဲ့သော ကာဇက်စတန်နိုင်ငံအတွင်း၌ တည်ရှိနေ၍ ယခုကာလတိုင် အသုံးပြုနေဆဲ လွှတ်တင်ရေးစခန်းတစ်ခုဖြစ်သည်။ အကြီးစားပစ်လွှတ်စင် ၉ ခုနှင့် ဒုံးပျံပစ်လွှတ်စင်ပေါင်း ၁၅ ခုကျော်ပါဝင်သည်။ ရုရှားနိုင်ငံ၏ လူလိုက်ပါသော အာကာသစီမံကိန်းများ၊ လသို့ပစ်လွှတ်သည့် စီမံကိန်းများနှင့် အခြားဂြိုဟ်များသို့ ပစ်လွှတ်သည့် အာကာသယာဉ်များကို အဆိုပါ လွှတ်တင်ရေးစခန်းမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ အာကာသအတွင်းသို့ ပထမဦးဆုံးရောက်ရှိခဲ့သည် လူသားဖြစ်သော ယူရီဂါဂါရင် လိုက်ပါမောင်းနှင်သည့် ဗော့စတော့ အာကာသယာဉ်ကို အဆိုပါလွှတ်တင်ရေးစခန်းမှ ပစ်လွှတ်ခဲ့သည်။

Cape Canaveral ဒုံးပျံလွှတ်တင်ရေးစခန်း ( မြောက်လတ္တီတွဒ် ၂၈.၅ ဒီဂရီ ၊ အနောက်လောင်ဂျီတွဒ် ၈၁ ဒီဂရီ )

အမေရိကန်ပြည်ထောင်စု၏ ထိပ်တန်းဒုံးပျံ လွှတ်တင်ရေးစခန်းတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ ၊ ဖလော်ရီဒါပြည်နယ်၌ တည်ရှိသည်။ စခန်းတွင် ကနေဒီအာကာသစင်တာနှင့် ဒုံးပျံလွှတ်တင်မှုများ လွန်းပျံယာဉ်များ ၊ ဂြိုဟ်တုများ၏ သွားလာမှုကို ထိန်းချုပ်သော mission control center တို့ပါရှိသည်။ ဧကလေးသောင်းကျော် ကျယ်ဝန်းပြီး အမေရိကန်နိုင်ငံ၏ ပထမဦးဆုံးဂြိုဟ်တုဖြစ်သည့် Explorer 1 ဂြိုဟ်တုနှင့် လပေါ်သို့လူသားများ ရောက်ရှိခဲ့သော ခရီးစဉ်ဖြစ်သည့် Apollo 11 အာကာသယာဉ်တို့ကို လွှတ်တင်ခဲ့သော စခန်းဖြစ်သည်။ ဒုံးပျံပစ်လွှတ်စင်ကြီး ( ၆ ) ခုအပါအ၀င် စုစုပေါင်း ဒုံးပျံပစ်လွှတ်စင် လေးဆယ်ကျော် တည်ရှိသည်။ ထိုစခန်းသည် အာကာသထိန်းချုပ်ရေးစခန်း ( ၃ )ခု ၏ ကွန်ယက်အောက်တွင် တည်ရှိပြီး အရှေ့ဘက်၌ ပင်လယ်ရှိခြင်းသည် အကောင်းဆုံးအားသာချက်ဖြစ်သည်။ သို့သော် အဆိုပါစခန်းမှနေ၍ ၀င်ရိုးစွန်းပတ်လမ်းသို့ ပစ်လွှတ်နိုင်ခြင်းမရှိပေ။

Vandanberg ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၃၄.၄ ဒီဂရီ ၊ အနောက်လောင်ဂျီတွဒ် ၁၂၀.၃၅ ဒီဂရီ)

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ လွမ်ပတ်မြို့၏ မြောက်ဘက် ၁၂ မိုင်အကွာနှင့် လော့အိန်ဂျယ်လိစ် မြို့၏ အနောက်မြောက်ဘက် ၁၅၀ မိုင်အကွာ၌ တည်ရှိသည်။ အဆိုပါ ဒုံးပျံလွှတ်တင်ရေးစခန်းတွင် ပစ်လွှတ်စင်ပေါင်း ၅၀ ကျော် တည်ရှိပြီး စစ်ဖက်ဆိုင်ရာဂြိုဟ်တုများနှင့် ထောက်လှမ်းရေးဂြိုဟ်တုများကိုသာ သီးသန့်ပစ်လွှတ်နေသော လွှတ်တင်ရေးစခန်းတစ်ခု ဖြစ်သည်။ ထို့ပြင် ၀င်ရိုးစွန်းပတ်လမ်းတွင် လှည့်ပတ်သည့် ဂြိုဟ်တုများကိုလည်း အဆိုပါပစ်လွှတ်ရေးစခန်းမှ လွှတ်တင်နေခြင်းဖြစ်သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် အမေရိကန်အစိုးရ၏ တိုက်ချင်းပစ်ဒုံးပျံများကို စမ်းသပ်ပစ်လွှတ်နေသော နေရာတစ်ခုလည်းဖြစ်သည်။

Kourou ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၅.၂ ဒီဂရီ ၊ အနောက်လောင်ဂျီတွဒ် ၅၂.၈ ဒီဂရီ )

၁၉၆၇ ခုနှစ်တွင် ဥရောပ အာကာသအေဂျင်စီမှ တောင်အမေရိကတိုက် ၊ ပြင်သစ်ဂီယာနာ နိုင်ငံ၌ ဒုံးပျံလွှတ်တင်ရေးစခန်းတစ်ခုကို တည်ဆောက်ခဲ့သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် အီကွေတာနှင့် နီးကပ်စွာတည်ရှိပြီး မည်သည့်ပတ်လမ်းကိုမဆို အလွယ်တကူ ပစ်လွှတ်နိုင်သောကြောင့် လက်ရှိပစ်လွှတ်ရေးစခန်းများအနက် အကောင်းဆုံးဟု ခေါ်ဆိုနိုင်သည်။ ၁၉၇၉ ခုနှစ် ၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဥရောပ အာကာသအေဂျင်စီ၏ ပထမဦးဆုံးဂြိုဟ်တု CAT ကို Ariane လွှတ်တင်ရေးဒုံးပျံဖြင့် ပစ်လွှတ်နိုင်ခဲ့သည်။ ထိုကဲ့သို့ ပစ်လွှတ်နိုင်ခြင်းကြောင့် ဥရောပအာကာသအေဂျင်စီကို အာကာသအတွင်းသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော သတ္တမမြောက်အဖွဲ့အစည်းတစ်ခု ဖြစ်လာစေခဲ့သည်။

တရုတ်နိုင်ငံ၏ ဒုံးပျံလွှတ်တင်ရေးစခန်းများ

၁၉၇၀ ခုနှစ် ဧပြီလ ၂၄ ရက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ပထမဦးဆုံးဂြိုဟ်တုဖြစ်သော Mao -1 ဂြိုဟ်တုကို Long March 1 လွှတ်တင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ပြီး ပဉ္စမမြောက်ဂြိုဟ်တုလွှတ်တင်နိုင်သော နိုင်ငံဖြစ်လာခဲ့သည်။

Jiuquan ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၄၀.၆ ဒီဂရီ ၊ အရှေ့လောင်ဂျီတွဒ် ၉၉.၉ ဒီဂရီ)

Jiuquan ဒုံးပျံလွှတ်တင်ရေးစခန်းသည် တရုတ်-မွန်ဂိုလီးယားနယ်စပ် ၊ ဂိုဘီ သဲကန္တာရအတွင်းရှိ ကျိုးကွမ်းမြို့၌ တည်ဆောက်ထားပြီး ဘေဂျင်းမြို့တော်မှ မိုင်တစ်ထောင်ခန့်ကွာဝေးသည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် တရုတ်နိုင်ငံ၏ ပထမဦးဆုံးဒုံးပျံပစ်လွှတ်ရေးစခန်း တစ်ခုဖြစ်ပြီး မီတာ ၅၀ မြင့်သော ပစ်လွှတ်စင်များကို တည်ဆောက်ထားသည်။ Long March ဒုံးပျံများဖြင့် လေထုတိုင်းတာရေး ဂြိုဟ်တုများနှင့် မိုးလေ၀သဂြိုဟ်တုများကို ပစ်လွှတ်နေသောစခန်းတစ်ခု ဖြစ်သည်။ ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အာကာသယာဉ်မှုး ယန်လီဝေ လိုက်ပါသော Shenzhou 5 အာကာသယာဉ်ကို Long March-2F ဒုံးပျံဖြင့် အဆိုပါပစ်လွှတ်ရေးစခန်းမှ လွှတ်တင်နိုင်ခဲ့ပြီး တရုတ်နိုင်ငံသည် အာကာသအတွင်းသို့ လူသား ပို့ဆောင်ပေးနိုင်သော တတိယမြောက်နိုင်ငံအဖြစ် ရောက်ရှိလာခဲ့သည်။

Xichang ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၂၈.၂၅ ဒီဂရီ ၊ အရှေ့လောင်ဂျီတွဒ် ၁၀၂ ဒီဂရီ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပစ်လွှတ်ရေးစခန်း ( ၃ ) ခုအနက် အကြီးဆုံးစခန်းတစ်ခု ဖြစ်သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် အခြားစခန်းနှစ်ခုထက် ပိုမိုကောင်းမွန်သည့် တည်နေရာတွင် တည်ရှိနေသောကြောင့် ပတ်လမ်းအတွင်းသို့ ဂြိုဟ်တုကိုချောမောစွာ ပစ်လွှတ်နိုင်သည်။ ၇၆ မီတာမြင့်သော ပစ်လွှတ်စင်နှစ်ခု ပါဝင်၍ လက်ရှိတရုတ်နိုင်ငံ၏ Long March ဒုံးပျံများကို ပစ်လွှတ်နေသော နေရာတစ်ခုဖြစ်ပြီး ၁၉၈၄ ခုနှစ်၌ ပထမဦးဆုံးသော ဒုံးပျံကိုပစ်လွှတ်နိုင်ခဲ့သည်။ လူဦးရေထူထပ်သော နေရာများကို ဖြတ်သန်းပစ်လွှတ်ရခြင်းသည် အဆိုပါစခန်း၏ အကြီးမားဆုံး အားနည်းချက်ဖြစ်ပြီး ၁၉၉၆ ခုနှစ်၌ ပျက်ကျခဲ့သော Long March-3 ဒုံးပျံကြောင့် ၆ ယောက်သေဆုံးပြီး ၅၇ ယောက်ဒဏ်ရာ ရရှိခဲ့သည်။ ၁၉၉၅ ခုနှစ်တွင်လည်း Long March-2E ဒုံးပျံပေါက်ကွဲခဲ့သည့်အတွက် ၆ ယောက်သေဆုံး၍ ၂၃ ယောက်ဒဏ်ရာ ရရှိခဲ့သည်။

Taiyuan ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၃၇.၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၁၂.၆ ဒီဂရီ)

Taiyuan ဒုံးပျံလွှတ်တင်ရေးစခန်းသည် ၀ူဇီပြည်နယ်၌ တည်ရှိပြီး ထောက်လှမ်းရေးဂြိုဟ်တုနှင့် စောင့်ကြည့်လေ့လာရေးဂြိုဟ်တု များကဲ့သို့သော ၀င်ရိုးစွန်းပတ်လမ်းဂြိုဟ်တုများ ပစ်လွှတ်ရာတွင် အသုံးပြုသည့် လွှတ်တင်ရေးစခန်းတစ်ခု ဖြစ်သည်။ ၁၉၉၀ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ Iridium Constellation ဂြိုဟ်တုများကို ပစ်လွှတ်ခဲ့သော လွှတ်တင်ရေးစခန်းတစ်ခု ဖြစ်သည်။

Sriharikota Island ဒုံးပျံလွှတ်တင်ရေးစခန်း ( မြောက်လတ္တီတွဒ် ၁၃.၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၈၀.၄ ဒီဂရီ)

၁၉၈၀ ခုနှစ် ဇူလိုင်လ ၁၈ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ ပထမဦးဆုံးဂြိုဟ်တုကို Sriharikota ကျွန်းပေါ်ရှိ ဒုံးပျံလွှတ်တင်ရေးစခန်းမှ ပစ်လွှတ်ခဲ့ပြီး အာကာသထဲသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော အဌမမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် အိန္ဒိယနိုင်ငံအရှေ့ပိုင်းကမ်းခြေရှိ မဒရပ်မြို့၏ မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာ Sriharikota ကျွန်းပေါ်၌ တည်ရှိသည်။ ဒုံးပျံလွှတ်တင်ရေးစခန်းသည် ဧက ၁၄၅၀၀ ကျယ်ဝန်းပြီး သစ်တောများ ထူထပ်သောနေရာ ဖြစ်သည်။ မီတာ ၄၀ မြင့်သော ပစ်လွှတ်စင်တစ်ခုပါရှိပြီး တန် ၆၀၀ လေးသော ပစ်လွှတ်စင်တစ်ခုလည်း ပါရှိသည်။

ဂျပန်နိုင်ငံ၏ ဒုံးပျံလွှတ်တင်ရေးစခန်းများ

ကာဂိုရှီးမား ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၃၁.၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၃၁.၁ ဒီဂရီ)

၁၉၇၀ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိုဆုမိ ဟုအမည်ရသော ဂြိုဟ်တုကို Lumbda ဒုံးပျံဖြင့် ပစ်လွှတ်ခဲ့ပြီး ဂျပန်နိုင်ငံည် အာကာသထဲသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော စတုတ္ထမြောက်နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် ဂျပန်နိုင်ငံ ကျူရှုကျွန်းပေါ်တွင် တည်ရှိပြီး မူလက မိုးလေ၀သဂြိုဟ်တုများကို ပစ်လွှတ်ရန်ရည်ရွယ်ခဲ့ပြီး ယခုအချိန်တွင် အာကာသယာဉ်များကိုပါ ပစ်လွှတ်နိုင်ပြီ ဖြစ်သည်။ ဂျပန်နိုင်ငံ၏ ပထမဆုံးဂြိုဟ်တုခြောက်ခုကို ကာဂိုရှီးမား ဒုံးပျံလွှတ်တင်ရေးစခန်းမှ ပစ်လွှတ်ခဲ့ပြီး ယခုအချိန်ထိဂြိုဟ်တုပေါင်း နှစ်ဒါဇင်ကျော်ကို ပစ်လွှတ်နိုင်ခဲ့ပြီး ဖြစ်သည်။

တန်ဂါရှီးမား ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၃၀.၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၃၁ ဒီဂရီ)

ဂျပန်အာကာသဖွံ့ဖြိုးရေးအေဂျင်စီ၏ ရုံးစိုက်ရာနေရာဖြစ်ပြီး တိုကျိုမြို့မှ မိုင်ပေါင်း ၆၅၀ ကွာဝေးသော တန်ဂါရှီးမားကျွန်းပေါ်၌ တည်ရှိသည်။ ထိုစခန်းမှ အဓိကအားဖြင့် လောင်စာခဲသုံးနှင့် လောင်စာရည်သုံး ဒုံးပျံများကို စမ်းသပ်ပစ်လွှတ်လျက်ရှိသည်။

အခြားဒုံးပျံလွှတ်တင်ရေးစခန်းများ

အထက်ပါ ဒုံးပျံလွှတ်တင်ရေးစခန်းများအပြင် ကမ္ဘာတစ်ဝန်း၌ အခြားပစ်လွှတ်ရေးစခန်းများလည်း တည်ရှိသည်။ ယင်းတို့အတွင်းမှ အချို့သည် နိုင်ငံပိုင်စခန်းများဖြစ်ပြီး အချို့သည် NASA နှင့် ဥရောပအာကာသ အေဂျင်စီ၏ စခန်းများဖြစ်သည်။ NASA ၏ Tran-Atlantic landing အတွက် စပိန်၊ ဆီနီဂေါနှင့် မော်ရိုကိုနိုင်ငံတို့တွင် စခန်း( ၃ )ခုတည်ဆောက်ထားသည်။ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အစ္စရေးနိုင်ငံသည် အာကာသအတွင်းသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော န၀မမြောက်နိုင်ငံဖြစ်ခဲ့ပြီး ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင်လည်း အီရတ်နိုင်ငံသည် အာကာသအတွင်းသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော ဆယ်နိုင်ငံမြောက်နိုင်ငံဖြစ်လာသည်။ အီတလီနိုင်ငံ ၊ ဆမ်မာရီ ကျွန်းအနီး၌ရှိသော ပစ်လွှတ်ရေးစခန်းသည် ရေပြင်ပေါ်၌ တည်ဆောက်ထားသော ပစ်လွှတ်ရေးစခန်းတစ်ခု ဖြစ်သည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...