Powered by Blogger.
RSS

Space Shuttle

အာကာသလွန်းပျံယာဉ် (Space Shuttle) သည် လူလိုက်ပါသော အာကာသ mission များအတွက် အမေရိကန်နိုင်ငံ အမျိုးသား လေကြောင်းနှင့် အာကာသဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့ (National Aeronautics and Space Administration – NASA) မှ ပိုင်ဆိုင်သော ပြန်လည်အသုံးပြုနိုင်သည့် စနစ်ပါရှိသော အာကာသယာဉ် (reusable launch system and orbital spacecraft) ဖြစ်သည်။ အဆိုပါ အာကာသလွန်းပျံယာဉ်ကို အာကာသပို့ဆောင်ရေးစနစ် (Space Transportation System) ဟူ၍လည်းခေါ်ဆိုသည်။ ထိုစနစ်ကို ဒုံးပျံပစ်လွှတ်မှု (rocket launch) ၊ ပတ်လမ်းဆိုင်ရာ အာကာသယာဉ် (orbital spacecraft) နှင့် ပြန်လည်ဝင်ရောက်နိုင်သည့် အာကာသယာဉ် (re-entry spaceplane) စသည်တို့ဖြင့် ဖွဲ့စည်းထားသည်။ ၁၉၈၁ ခုနှစ်တွင် စမ်းသပ်ပစ်လွှတ်မှု လေးကြိမ်ပြုလုပ်ခဲ့ပြီး ၁၉၈၂ ခုနှစ် အစပိုင်းတွင် စတင်ပစ်လွှတ်ခဲ့သည်။ အဆိုပါ အာကာသပို့ဆောင်ရေးစနစ် (STS) ကို ၂၀၁၁ ခုနှစ်၌ပစ်လွှတ်မှု ၁၃၅ ကြိမ် ပြီးမြောက်လျှင် ရပ်ဆိုင်းမည်ဟု အစီအစဉ်ပြုလုပ်ထားသည်။ ဂြိုဟ်တုပေါင်းများစွာနှင့် ဂြိုဟ်သွားအာကာသယာဉ်များစွာ တို့ကို ပို့ဆောင်လွှတ်တင်ပေးနိုင်ခဲ့သည်။ အာကာသသိပ္ပံ သုတေသနစမ်းသပ်မှုများနှင့် နိုင်ငံတကာ အာကာသစခန်းတည်ဆောက်မှုများတွင် ပါဝင်ခဲ့သည်။

NASA ၊ US ကာကွယ်ရေးဌာန ၊ ဥရောပအာကာသအေဂျင်စီ ၊ ဂျပန်နိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့အတွက် အာကာသပတ်လမ်းအတွင်း လှည့်ပတ်နေသော mission များ ပြုလုပ်ရာတွင် အသုံးပြုခဲ့သည်။ အမေရိကန်နိုင်ငံမှ STS နှင့် လွန်းပျံယာဉ် operation များအတွက် အကုန်အကျခံခဲ့သည်။ ယခင်အနောက် ဂျာမနီမှ Spacelab D1 အတွက် အကုန်အကျခံခဲ့ပြီး လက်ရှိ ဂျာမနီနိုင်ငံမှ Spacelab D2 အတွက် အကုန်အကျခံခဲ့သည်။ အာကာသသိပ္ပံ သုတေသန ဓာတ်ခွဲခန်းဖြစ်သော SL-J အတွက် ဂျပန်နိုင်ငံမှ တစ်စိတ်တစ်ပိုင်း အကုန်အကျခံခဲ့သည်။

အာကာသလွန်းပျံယာဉ်တွင် လိမ္မော်ရင့်ရောင်ရှိသော ပြင်ပလောင်စာဆီကန် (External Tank – ET) ၊ အဖြူရောင်ရှိသော လောင်စာခဲသုံးတွန်းကန် ဒုံးပျံ နှစ်ခု (Solid Rocket Booster – SRB) ၊ အာကာသယာဉ်မှုးများနှင့် payload တို့ပါဝင်သော ပတ်လမ်းအတွင်း ၀င်ရောက်သည့် အာကာသယာဉ် (Orbiter Vehicle – OV) တို့ပါဝင်သည်။ STS စနစ်တွင် ပါရှိသော Single-stage Payload Assist Module နှင့် Two-stage Inertial Upper Stage တို့ဖြင့် အမြင့်ပေ ပိုမိုမြင့်မားသော ပတ်လမ်းများ အတွင်းသို့ payload များကို ပို့ဆောင်နိုင်သည်။ Vehicle Assembly Building ထဲ၌ အာကာသလွန်းပျံယာဉ်ကို တစ်ဆင့်ပြီးတစ်ဆင့် တပ်ဆင်၍ explosive bolt ရှစ်ခု ပါရှိသော ရွေ့လျားနိုင်သည့် ပစ်လွှတ်စင် (mobile launch platform) တွင် တပ်ဆင်သည်။ အဆိုပါ explosive bolt များသည် ပစ်လွှတ်မှု စတင်ချိန်တွင် လောင်စာခဲသုံးတွန်းကန် ဒုံးပျံများ (SRBs) စတင် အလုပ်လုပ်နိုင်ရန် ဖောက်ခွဲမှု (detonate) ကိုပြုလုပ်သည်။

ပြင်ပလောင်စာဆီကန်၊ တွန်းကန်ရေးဒုံးပျံများနှင့် ချိတ်ဆက်ပြီးသော လွန်းပျံယာဉ်သည် ရွေ့လျားပစ်လွှတ်စင်မှနေ၍ သမားရိုးကျဒုံးပျံများကဲ့သို့ပင် ထောင်လိုက်တည့်မတ်စွာ ပစ်လွှတ်သည်။ ၄င်း၏ ပစ်လွှတ်မှုကို Solid rocket Booster နှစ်ခုမှနေ၍ ပင့်တင်မှုအား (lift force) ပေးသည်။ ထို့ပြင် လွန်းပျံယာဉ်တွင် တပ်ဆင်ထားသော အဓိကအင်ဂျင်သုံးခုမှလည်း ပင့်တင်မှုအား ထုတ်လုပ်ပေးသည်။ အဆိုပါ အင်ဂျင်သုံးခုသည် ပြင်ပလောင်စာဆီကန်တွင် ထည့်သွင်းထားသော ဟိုက်ဒရိုဂျင် အရည်နှင့် အောက်စီဂျင် အရည်တို့ဖြင့် မောင်းနှင်ခြင်းဖြစ်သည်။ လွန်းပျံယာဉ်ပစ်လွှတ်မှုဖြစ်စဉ်တွင် အဆင့်နှစ်ဆင့် ပါရှိသည်။ ပထမအဆင့်အနေဖြင့် လောင်စာခဲသုံးတွန်းကန် ဒုံးပျံနှစ်ခုသည် ပစ်လွှတ်မှု စတင်ချိန်တွင် အပိုကန်အား (additional thrust) ကို ထုတ်လုပ်ပေးသည်။ ပစ်လွှတ်မှုစတင်ပြီး နှစ်မိနစ်ကြာချိန်တွင် explosive bolt များကို အသုံးပြု၍ တွန်းကန်ဒုံးပျံနှစ်ခုကို ဖြုတ်ချလိုက်သည်။ အဆိုပါ တွန်းကန်ဒုံးပျံနှစ်ခုသည် အတ္တလန္တိတ် သမုဒ္ဒရာထဲသို့ လေထီးဖြင့်ကျရောက်သည်။ ပင်လယ်ထဲရှိ ထိုဒုံးပျံနှစ်ခုကို NASA recovery သင်္ဘောဖြင့် သယ်ဆောင်ပြီး မွမ်းမံခြင်းပြုလုပ်ကာ ပြန်လည်အသုံးပြုမည် ဖြစ်သည်။ လွန်းပျံယာဉ်နှင့် ပြင်ပလောင်စာဆီကန်တို့သည် အဓိကအင်ဂျင်သုံးခု၏ ပါဝါကိုအသုံးပြုကာ ရေပြင်ညီပျံသန်းမှုလမ်းကြောင်း (horizontal flight path) အတိုင်း ဆက်လက်တက်ရောက်သွားမည် ဖြစ်သည်။ ပျံသန်းမှုအရှိန်သည် ပတ်လမ်းနိမ့် ပတ်လမ်း (low earth orbit) ထဲသို့ ၀င်ရောက်နိုင်သည့် အရှိန်ဖြစ်သည့် တစ်နာရီလျှင် ၁၇၅၀၀ မိုင် (တစ်စက္ကန့်လျှင် ၇.၈ ကီလိုမီတာ) သို့ရောက်ရှိလာလျှင် အဓိကအင်ဂျင်များကို ပိတ်ချလိုက်မည် ဖြစ်သည်။ ထို့နောက် ပြင်ပလောင်စာဆီကန်ကို လေထုထဲသို့ စွန့်ပစ်လိုက်မည်ဖြစ်ပြီး အဆိုပါ လောင်စာဆီကန်သည် လေထုထဲတွင် လောင်ကျွမ်းပျက်စီးသွားမည် ဖြစ်သည်။ ထိုသို့ ပြင်ပလောင်စာဆီကန်ကို စွန့်ပစ်ပြီးနောက် ပတ်လမ်းအတွင်းဝင်ရောက်ခြင်းအား ထိန်းကြောင်းမောင်းနှင်မည့် စနစ်ပါရှိသော အင်ဂျင်များ (orbital maneuvering system – OMS) ကိုအသုံးပြုပြီး လွန်းပျံယာဉ်၏ ပတ်လမ်းကို ထိန်းညှိပေးမည် ဖြစ်သည်။

လွန်းပျံယာဉ်သည် အာကာသယာဉ်မှုးများ ၊ ဂြိုဟ်တုများနှင့် အာကာသစခန်း အစိတ်အပိုင်းများ စသည်တို့ကို ကမ္ဘာ့လေထု အပေါ်ဆုံးအလွှာဖြစ်သော Thermosphere အတွင်း၌ ရှိသည့် ပတ်လမ်းနိမ့် ပတ်လမ်းသို့ ပို့လွှတ်ပေးသည်။ ယေဘုယျအနေဖြင့် လွန်းပျံယာဉ်တွင် အဖွဲ့ဝင် ၅ ဦးမှ ၇ ဦး အထိပါဝင်သည်။ အဆိုပါ အဖွဲ့မှ အဖွဲ့ဝင် နှစ်ဦးသည် Commander နှင့် Pilot ဖြစ်သည်။ ၄င်းတို့ နှစ်ဦးသည် အနည်းဆုံး စမ်းသပ်ပျံသန်းမှု (test flight) လေးခုကို ပြုလုပ်ပြီးထားသူများ ဖြစ်ရမည်။ လွန်းပျံယာဉ်သည် payload capacity ကို ၂၂၇၀၀ ကီလိုဂရမ် (ပေါင် ၅၀၀၀၀) အထိ သယ်ဆောင်နိုင်ပြီး ပစ်လွှတ်မှု အစီအစဉ် (launch configuration) ပေါ်မူတည်၍ ထို့ထက်ပိုပြီး သယ်ဆောင်နိုင်သည်။ လွန်းပျံယာဉ်၏ အပေါ်ပိုင်းတွင် အလျားလိုက်ပါရှိသော ကြီးမားသည့် ကုန်ပစ္စည်းများထားရှိရန် နေရာသည် လက်ရှိ အာကာသယာဉ်များနှင့် မတူသော လွန်းပျံယာဉ်၏ အားသာချက်တစ်ခု ဖြစ်သည်။ အဆိုပါ နေရာသည် Hubble အာကာသ တယ်လီစကုပ် ကဲ့သို့သော ကြီးမားသည့် ဂြိုဟ်တုများကို သယ်ယူပို့ဆောင်ပေးနိုင်ပြီး ချို့ယွင်းနေသော ဂြိုဟ်တုများကို ဖမ်းယူ၍ ကမ္ဘာမြေပေါ် ပြန်လည်ပို့ဆောင်ပေးနိုင်သည်။

လွန်းပျံယာဉ်၏ mission များပြီးဆုံးသောအခါ orbit maneuvering system (OMS) တွန်းကန်အင်ဂျင်များကို အသုံးပြု၍ ပတ်လမ်းကို တဖြည်းဖြည်းနိမ့်ဆင်းကာ ကမ္ဘာ့လေထုအလွှာ အောက်ပိုင်းသို့ ပြန်လည် ၀င်ရောက်လာသည်။ အဆိုပါ ပြန်လည်ဝင်ရောက်ခြင်းဖြစ်စဉ်အတွင်း လွန်းပျံယာဉ်သည် လေထုအလွှာ အမျိုးမျိုးကို ဖြတ်သန်းခြင်းဖြင့် ၄င်း၏ hypersonic အရှိန်ကို aerobraking ပုံစံဖြင့် လျှော့ချသည်။ လေထုလွှာအောက်သို့ ရောက်ရှိ၍ မြေပြင်သို့ ဆင်းသက်သော အဆင့်များတွင် လွန်းပျံယာဉ်သညိ glider ကဲ့သို့ပင် လေဟုန်စီး၍ ဆင်းသက်သည်။ သို့သော် reaction control system (RCS) တွန်းကန်အင်ဂျင်များနှင့် fly-by wire စနစ်များက လွန်းပျံယာဉ်ပြန်လည်ဆင်းသက်ချိန်တွင် တိကျသော ပျံသန်းမှုပုံစံရရှိစေရန် ပြုလုပ်ပေးသည်။ ထို့ကြောင့် ပြန်လည်ဆင်းသက်ရာ၌ spaceplane ကဲ့သို့ပင် ရှည်လျားသော လေယာဉ်ပြေးလမ်း လိုအပ်သည်။ လွန်းပျံယာဉ်၏ aerodynamic ပုံစံသည် လေထုအတွင်းသို့ ပြန်လည်ဝင်ရောက်ရာ၌ ဖြစ်ပေါ်လာသော အရှိန်နှင့် ဖိအားများကွဲပြားမှု ၊ hypersonic အရှိန်ဖြင့် ပျံသန်းနိုင်မှု ၊ လေထုအတွင်း အသံထက်လျော့သော အမြန်နှုန်း (subsonic) ဖြင့် ပျံသန်းနိုင်မှု အစရှိသည့် အချက်များကို အခြေခံ၍ တည်ဆောက်ထားသည်။

လွန်းပျံယာဉ်၏ အစောပိုင်းနှစ်များ

အာကာသလွန်းပျံယာဉ်အား ပုံစံထုတ်လုပ်ခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းစဉ်တို့ကို ၁၉၇၀ ခုနှစ် အစောပိုင်းနှစ်များတွင် စတင်ခဲ့သော်လည်း Apollo program မပြုလုပ်မီ ၁၉၆၀ ခုနှစ်များကပင် စိတ်ကူးစိတ်သန်းရရှိခဲ့သည်။ အာကာသမှနေ၍ လေယာဉ်တစ်စင်ကဲ့သို့ မြေပြင်ပေါ်ကို ပြန်လည်ဆင်းသက်လာနိုင်သော အာကာသယာဉ်တစ်စီး တည်ဆောက်ရန် စိတ်ကူးအား National Advisory Committee for Aeronautics မှ ၁၉၅၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် aeronautic သုတေသနစမ်းသပ်မှု တစ်ခုဖြစ်သော X-15 လေယာဉ်ကို စတင်စမ်းသပ်စဉ်က ရရှိခဲ့သည်။

၁၉၅၈ ခုနှစ်တွင် X-15 လေယာဉ်၏ သဘောတရားကို အခြေခံ၍ X-series spaceplane များကို ဆက်လက် တည်ဆောက်ခဲ့သည်။ အာကာသယာဉ်မှုး အမ်းစထရောင်းသည် X-15 နှင့် X-20 လေယာဉ်များကို မောင်းနှင်ပျံသန်းရန် ရွေးချယ်ခံခဲ့ရသည်။ သို့သော X-20 လေယာဉ်သည် တည်ဆောက်သည့် အဆင့်သို့ မရောက်ရှိခဲ့ပေ။ နှစ်များစွာကြာပြီးနောက် ၁၉၆၆ ဇန်န၀ါရီလတွင် NASA မှ X-20 လေယာဉ်ပုံစံနှင့်တူသော HL-10 ဟုခေါ်သော လေယာဉ်တစ်မျိုးကို တည်ဆောက်ခဲ့သည်။ HL ၏အဓိပ္ပာယ်မှာ horizontal landing ဖြစ်သည်။

၁၉၆၀ ခုနှစ်များတွင် US လေတပ်သည် မျိုးဆက်သစ် အာကာသ သယ်ယူပို့ဆောင်ရေး စနစ်များကို သုတေသနပြုလုပ်ခြင်းအား အစဉ်တစိုက် လျှို့ဝှက်စွာ ပြုလုပ်ခဲ့သည်။ ထိုသို့ လျှို့ဝှက်စွာ ပြုလုပ်ခြင်းများတွင် ဈေနှုန်းသက်သာ၍ တစ်စိတ်တစ်ပိုင်းပြန်လည် အသုံးပြုနိုင်သော ပုံစံ (semi-reusable design) များလည်း ပါဝင်သည်။ US လေတပ်သည် ဈေးနှုန်းကြီးမားသော တစ်ခါသုံး ဒုံးပျံများ အသုံးပြုသည့် program များကို Class I ဟု သတ်မှတ်ပြီး တစ်စိတ်တစ်ပိုင်းပြန်လည် အသုံးပြုနိုင်သော ပုံစံများ အသုံးပြုသည့် program များကို Class II ဟုသတ်မှတ်၍ အပြည့်အ၀ပြန်လည်အသုံးချနိုင်သောပုံစံများ အသုံးပြုသည့် program များကို Class III ဟု ခွဲခြားသတ်မှတ်ခဲ့ကြသည်။ ၁၉၆၇ ခုနှစ်တွင် NASA ရုံးချုပ်၌ ကျင်းပခဲ့သော စာတမ်းဖတ်ပွဲတစ်ခုတွင် လူလိုက်ပါသော အာကာသယာဉ်ခရီးစဉ်များကို ပြုလုပ်ရန် ၄င်း ဋ္ဌာန၏ အုပ်ချုပ်ရေးမှုးဖြစ်သူ George Muller မှ ဒီဇိုင်းပုံစံများကို ရွေးချယ်လေ့လာမှု ပြုခဲ့သည်။ ထိုစာတမ်းဖတ်ပွဲသို့ လူပေါင်း ရှစ်ဆယ်ကျော်တက်ရောက်၍ များပြားသော ဒီဇိုင်းများကို ပြသခဲ့သည်။ ထိုဒီဇိုင်းများတွင် X-20 (Dyno-soar) ကဲ့သို့သော လေတပ်၏ အစောပိုင်း ဒီဇိုင်းများလည်း ပါဝင်သည်။

၁၉၆၈ ခုနှစ်တွင် NASA သည် Integrated Launch and Re-entry Vehicle (ILRV) ကို စတင်ပြုလုပ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အာကာသလွန်းပျံယာဉ် အဓိကအင်ဂျင် (Space Shuttle Main Engine) အတွက် ပြိုင်ပွဲများ ပြုလုပ်ခဲ့သည်။ Houston နှင့် Huntsville မြို့များရှိ NASA ၏ ရုံးများမှနေ၍ ILRV အားလေ့လာမှုများကို ပတ်လမ်းအတွင်းသို့ payload အား လွှတ်တင်ပြီး လေထုထဲသို့ ပြန်လည်ဝင်ရောက်ကာ ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆင်းသက်သော အာကာသယာဉ်တစ်ခု ပြုလုပ်ရန် စီမံချက် (Request For Proposal – RFP) ကိုထုတ်ပြန်ကြေငြာခဲ့သည်။ ထိုစီမံချက်ကို ပြန်ကြားချက်အနေဖြင့် ကြီးမားသော တွန်းကန်ဒုံးပျံနှင့် သေးငယ်သော အာကာသယာဉ်တို့ ပါဝင်သည့် two-stage design တစ်ခုဖြစ်သော DC – 3 လွန်းပျံယာဉ်ကို တီထွင်ခဲ့သည်။

၁၉၆၉ ခုနှစ်တွင် သမ္မတ ရစ်ချက်နစ်ဆင်မှ အာကာသလွန်းပျံယာဉ်စီမံကိန်းကို တိုးတက်အောင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၇၃ ခုနှစ် သြဂုတ်လတွင် X-24B Spaceplane သည် ကမ္ဘာ့လေထုထဲသို့ ပြန်လည်ဝင်ရောက်၍ horizontal landing ကိုပြုလုပ်ခဲ့သည်။

လွန်းပျံယာဉ်များ

အာကာသလွန်းပျံယာဉ်ကို သက်တမ်းအားဖြင့် operation ပြုလုပ်သောအချိန် ၁၀ နှစ် (သို့မဟုတ်) လွှတ်တင်မှု အကြိမ် ၁၀၀ အထိ ဒီဇိုင်းပြုလုပ်ထားသည်။ နောက်ပိုင်းတွင် ထို့ထက်ပို၍ ကြာရှည်ခဲ့သည်။ လွန်းပျံယာဉ်ကို ဒီဇိုင်းပြုလုပ်ရာတွင် တာဝန်ရှိသော Maxime Faget သည် Mercury ၊ Gemini နှင့် Apollo အာကာသယာဉ်များ ဒီဇိုင်းဆွဲရာတွင် ပါဝင်ခဲ့သည်။ လွန်းပျံယာဉ်၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်သည် ကြီးမားသော စီးပွားရေးဆိုင်ရာ ဂြိုဟ်တုများနှင့် စစ်ဖက်ဆိုင်ရာ လျှို့ဝှက်ဂြိုဟ်တုများကို ထည့်သွင်းနိုင်သည်။ ထို့ပြင် polar orbit များသို့ ပစ်လွှတ်မည့် အမေရိကန်လေတပ်၏ လျှို့ဝှက် mission များအတွက် လိုအပ်သော အကွာအဝေးကို အကျဉ်းချုံ၍ ပစ်လွှတ်နိုင်မည်ဖြစ်သည်။ တွန်းကန်ဒုံးပျံများနှင့် ပြန်လည်အသုံးမပြုနိုင်သော လောင်စာဆီကန်တို့အား ရွေးချယ်ခြင်းမှာ အရွယ်အစားကြီးမားသော ဂြိုဟ်တုများ ဖြန့်ကျက်ချထားနိုင်ရန် အတွက် ဟူသော ပင်တဂွန်စစ်ဋ္ဌာနချုပ်၏ ဆန္ဒကြောင့် ဖြစ်သည်။ ထို့ပြင် အာကာသခရီးစဉ်များတွင် ကုန်ကျစရိတ်သက်သာစေရန်အတွက် ပြန်လည်အသုံးပြုနိုင်သော အစိတ်အပိုင်းများ ပါဝင်သည့် အာကာသပို့ဆောင်ရေး စနစ်များကို ပြုလုပ်ရန် ဟူသော သမ္မတ နစ်ဆင်၏ ဆုံးဖြတ်ချက်ကြောင့်လည်း ဖြစ်သည်။

ပျံသန်းနိုင်သော အာကာသလွန်းပျံယာဉ် (၆)စီးကို ဆောက်လုပ်ခဲ့သည်။ ပထမဦးဆုံး အနေဖြင့် တည်ဆောက်ခဲ့သော Enterprise (OV – 101) လွန်းပျံယာဉ်ကို အာကာသအတွင်းသို့ လွှတ်တင်ခြင် မပြုခဲ့ဘဲ လေဟုန်စီးခြင်း (gliding) နှင့် မြေပြင်ပေါ်သို့ ဆင်းသက်ခြင်း (landing) တို့ကိုသာ စမ်းသပ်ခဲ့သည်။ တည်ဆောက်ခဲ့ပြီးသော လွန်းပျံယာဉ်များမှာ Challenger (OV – 099) ၊ Columbia (OV – 102) ၊ Discovery (OV – 103) ၊ Atlantis (OV – 104) နှင့် Endeavour (OV – 105) တို့ ဖြစ်သည်။ Enterprise လွန်းပျံယာဉ်ကို approach and landing test (ALT) program များတွင် အသုံးပြုပြီးနောက် အာကာသအတွင်း ပျံသန်းနိုင်ရန် ရည်ရွယ်ခဲ့သော်လည်း Challenger လွန်းပျံယာဉ်အား structural test article (STA) – 099 ကို အဆင့်မြှင့်တင်ပေးခြင်းက ပို၍တွက်ခြေကိုက်ကြောင်း တွေ့ရှိခဲ့သည်။ Challenger လွန်းပျံယာဉ်သည် ၁၉၈၆ ခုနှစ်တွင် လွှတ်တင်ပြီး ၇၃ စက္ကန့်အကြာတွင် ပေါက်ကွဲပျက်စီးခဲ့သည်။ Challenger ၏ အစားထိုးအနေဖြင့် Endeavour အာကာသလွန်းပျံယာဉ်ကို အရန်စက်ပစ္စည်း အစိတ်အပိုင်းများဖြင့် တည်ဆောက်ခဲ့သည်။ Columbia လွန်းပျံယာဉ်သည် ၂၀၀၃ ခုနှစ်တွင် လေထုအတွင်း ပြန်လည်ဝင်ရောက်စဉ် ပေါက်ကွဲ ပျက်စီးခဲ့သည်။ (Challenger နှင့် Columbia လွန်းပျံယာဉ်များ ပျက်စီးခဲ့ပုံကို နောက်ပိုင်းတွင် ဆက်လက် တင်ပြပါမည်။) Endeavour လွန်းပျံယာဉ်တည်ဆောက်စရိတ်မှာ အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ ကုန်ကျခဲ့သည်။ အာကာသလွန်းပျံယာဉ် ခရီးစဉ်တစ်ခု လွှတ်တင်ခြင်းအတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ၄၅၀ သန်းဖြစ်သည်။

၂၀၀၈ ခုနှစ်အစောပိုင်းတွင် ပါမောက္ခ Roger A. Pielke, Jr. က အာကာသလွန်းပျံယာဉ် program သည် စုစုပေါင်း ဒေါ်လာ ၁၇၀ ဘီလီယံ ကုန်ကျနေပြီဟု ခန့်မှန်းခဲ့သည်။ ထို့ကြောင့် လွန်းပျံယာဉ် တစ်ခါပျံသန်းလျှင် ဒေါ်လာ ၁.၅ ဘီလီယံခန့် ပျမ်းမျှကုန်ကျနေသည်။

Space Transportation System

အမှန်စင်စစ် အာကာသလွန်းပျံယာဉ်ဟု ခေါ်ဆိုခြင်းသည် အဓိပ္ပာယ် မဆီလျော်ပေ။ ၄င်း၏ အမည်မှန်မှာ အာကာသ သယ်ယူပို့ဆောင်ရေးစနစ် ဟူ၍ ဖြစ်သည်။ ထိုစနစ်တွင် ပတ်လမ်းအတွင်း လှည့်ပတ်သည့် ယာဉ် (orbiter) ၊ ပြင်ပလောင်စာဆီကန် (external tank) နှင့် လောင်စာခဲသုံး တွန်းကန်ဒုံးပျံ နှစ်ခု (solid rocket booster) တို့ ပါဝင်သည်။ အဆိုပါ ပစ္စည်းများ အားလုံး စုပေါင်းတပ်ဆင်ထားခြင်းကို “stack” ဟု ခေါ်ဆိုသည်။ ၄င်း ပစ္စည်းများကို Apollo Saturn V ဒုံးပျံတပ်ဆင်ရန် တည်ဆောက်ခဲ့သော vehicle assembly building ထဲတွင် တပ်ဆင်သည်။ ၄င်းပစ္စည်းများထဲမှ ပထမဦးဆုံးအနေဖြင့် ပတ်လမ်းအတွင်း လှည့်ပတ်သည့်ယာဉ် (orbital vehicle) အကြောင်းကို ဆက်လက် တင်ပြမည် ဖြစ်သည်။

Orbital Vehicle (ပတ်လမ်းအတွင်း လှည့်ပတ်သည့်ယာဉ်)

ပတ်လမ်းအတွင်း လှည့်ပတ်သည့်ယာဉ်သည် သမားရိုးကျ လေယာဉ်ပျံတစ်စင်းနှင့် ဆင်တူသည်။ ၄င်းသည် တြိဂံပုံစံတောင်ပံများ (delta wings) ကို အသုံးပြုထားပြီး အတွင်းဖက် တောင်ပံဦးစွန်းသည် ၈၁ ဒီဂရီရှိ၍ အပြင်ဖက်တောင်ပံဦးစွန်းသည် ၄၅ ဒီဂရီ ရှိသည်။ ၄င်း၏ ထောင်လိုက် ထိန်းမတ်ပေးသော တောင်ပံ (vertical stabilizer) ၏ ဦးစွန်းသည် ၅၀ ဒီဂရီ ရှိသည်။ Elevon လေးခုကို တောင်ပံ၏ အဖျားစွန်းပိုင်းတွင် တပ်ဆင်ထားသည်။ လေထုထဲသို့ ပြန်လည်ဝင်ရောက်ပြီး မြေပြင်သို့ဆင်းသက်ခြင်းတွင် ပြုလုပ်ရန် အသုံးပြုသော rudder/speed brake ကို stabilizer ၏ အမြီးစွန်းပိုင်းတွင် တပ်ဆင်ထားသည်။

ယာဉ်၏ကြီးမားသော ကုန်ပစ္စည်းထားရာ အခန်းသည် အလျား ပေ ၆၀ (၁၈ မီတာ) ၊ အနံ ၁၅ ပေ (၄.၆ မီတာ) ရှိ၍ ယာဉ်ပျံကိုယ်ထည်၏ နေရာ အများအပြားကို ရယူထားသည်။ ယာဉ်ပျံကိုယ်ထည် အပေါ်ပိုင်းရှိ ကုန်ပစ္စည်းထားရာ အခန်းကို အချိုးညီသော တံခါးနှစ်ချပ်ဖြင့် ဖုံးအုပ်ထားသည်။ ထို တံခါးနှစ်ချပ်သည် အခန်း၏ တစ်ဖက်တစ်ချက်တွင် ပတ္တာကဲ့သို့ ချိတ်ဆွဲထားသည်။ Payload များကို ယာဉ်၏ ကုန်ပစ္စည်းထားရာ အခန်းထဲသို့ အလျားလိုက်ထည့်သွင်းသည်။ ပစ်လွှတ်စင်ပေါ်တွင် ယာဉ်ကို ထောင်လိုက် ထားရှိ၍ အာကာသထဲသို့ ရောက်ရှိပြီး ဆွဲငင်အားမဲ့ အခြေအနေရောက်လျှင် payload ကို ယာဉ်ပေါ်တွင် ပါရှိသည့် အာကာသယာဉ်မှုးမှ ထိန်းချုပ်သော စက်ရုပ်လက်တံ (robotic remote manipulator arm) ဖြင့် ထောင်လိုက် လွှတ်ထုတ်သည်။ ထို့ပြင် အာကာသယာဉ်မှုး၏ အကူအညီဖြင့် လွှတ်တင်ခြင်း (Extra-Vehicular Activity – EVA) (သို့မဟုတ်) payload ၏ ကိုယ်ပိုင် ပါဝါဖြင့် လွှတ်ထုတ်ခြင်းတို့ကို ပြုလုပ်သည်။ (ဂြိုဟ်တုများအတွက်မူ ဒုံးပျံ၏ နောက်ဆုံးအဆင့် (upper stage) ဖြင့် တွဲဖက်လွှတ်ထုတ်ခြင်းကို ပြုလုပ်သည်။)

လွန်းပျံယာဉ်၏ အဓိကအင်ဂျင် (Space Shuttle main engine) သုံးခုကို ယာဉ်၏ ပဲ့ပိုင်းတွင် သုံးပွင့်ဆိုင်အနေအထားဖြင့် တပ်ဆင်ထားသည်။ အဆိုပါ အင်ဂျင်သုံးခု၏ nozzle များသည် အထက်နှင့် အောက်သို့ ၁၀.၅ ဒီဂရီနှင့် ဘေးဖက်သို့ ၈.၅ ဒီဂရီလှည့်နိုင်သည်။ ထိုသို့လှည့်နိုင်ရန် ပြုလုပ်ထားခြင်းမှာ လွန်းပျံယာဉ်မြေပြင်မှ မြင့်တက်စဉ်အတွင်း ၄င်း၏ တွန်းကန်အားလမ်းကြောင်းကို ထိန်းညှိ၍ ပြောင်းလဲပေးနိုင်ရန် ဖြစ်သည်။ လွန်းပျံယာဉ်ကို အလူမီနီယံသတ္တုလောဟာ (aluminum alloy) ဖြင့် အဓိကတည်ဆောက်ထားပြီး အင်ဂျင်ကိုမူ တိုက်တေနီယမ်သတ္တုလောဟာ (titanium alloy) ဖြင့် အဓိကဆောက်လုပ်ထားသည်။

လွန်းပျံယာဉ်သည် လွှတ်တင်သော mission ကိုလိုက်၍ အပိုထပ်ထည့်ထားသော ပစ္စည်းများ (add-ons) ဖြင့် ပေါင်းစပ်ကာ အသုံးပြုနိုင်သည်။ ၄င်း ပစ္စည်းများမှာ ပတ်လမ်းအတွင်းရှိ ဓာတ်ခွဲခန်းများ (orbital laboratories – Spacelab, Spacehub) ၊ ပိုမိုဝေးလံသော ပတ်လမ်းများသို့ payload ကို ပို့ဆောင်ပေးနိုင်သော ဒုံးယာဉ်များ (Inertial Upper Stage, Payload Assist module) ၊ Extended Duration Orbiter ၊ Multi-Purpose Logistics Modules နှင့် Canadarm (RMS) တို့ဖြစ်သည်။

External Tank (ပြင်ပလောင်စာဆီကန်)

အာကာသလွန်းပျံယာဉ် ပြင်ပလောင်စာဆီကန်၏ အဓိက လုပ်ငန်းစဉ်မှာ လွန်းပျံယာဉ် အင်ဂျင်များကို အောက်စီဂျင်နှင့် ဟိုက်ဒရိုဂျင်လောင်စာတို့ ပေးပို့ခြင်း ဖြစ်သည်။ ထို့ပြင် ၄င်းသည် ပတ်လမ်းအတွင်း လှည့်ပတ်သည့် ယာဉ်နှင့် လောင်စာခဲသုံးတွန်းကန် ဒုံးပျံ နှစ်ခုတို့ ချိတ်ဆက်ရာ အဓိကကျောရိုး မဏ္ဍိုင် အဖြစ်လည်း အသုံးပြုသည်။ ပြင်ပလောင်စာဆီကန်သည် လွန်းပျံယာဉ်စနစ်အတွင်း တစ်ခုတည်းသော ပြန်လည်အသုံးမပြုသည့် အစိတ်အပိုင်းဖြစ်သည်။ ပြင်ပလောင်စာဆီကန်ကို အစဉ်အမြဲစွန့်ပစ်နေသော်လည်း ၄င်းကို ပတ်လမ်းအတွင်းသို့ ယူဆောင်၍ အာကာသစခန်းနှင့် တွဲဖက်ခြင်းဖြင့် ပြန်လည်အသုံးပြုနိုင်သည်။

Solid Rocket Booster(SRB)(လောင်စာခဲသုံး တွန်းကန်ဒုံးပျံများ)

လောင်စာခဲသုံးတွန်းကန်ဒုံးပျံတစ်ခုစီသည် ပစ်လွှတ်နေစဉ်အတွင်း တွန်းကန်အား 12.5 million newtons (2.8 million lbf) ထုတ်လုပ်သည်။ အဆိုပါ ပမာဏသည် ပစ်လွှတ်စဉ်အတွင်း လိုအပ်သည့် တွန်းကန်အား (thrust) ၏ ၈၃ ရာခိုင်နှုန်းရှိသည်။ SRB များကို ပစ်လွှတ်ပြီး နှစ်မိနစ်အကြာ အမြင့်ပေ ၁၅၀၀၀၀ (၄၆ ကီလိုမီတာ) သို့ ရောက်ရှိလျှင် ဖြုတ်ခွာခြင်းလုပ်ငန်းစဉ် (jettison operation) ကို ပြုလုပ်သည်။ ထို့နောက် SRB များသည် လေထီးဖြင့် အတ္တလန္တိတ် သမုဒ္ဒရာထဲသို့ ကျရောက်သွားမည် ဖြစ်သည်။ SRB များ၏ ကိုယ်ထည်ကို သံမဏိ (steel) ဖြင့် ပြုလုပ်ထားပြီး အထူအားဖြင့် လက်မ၀က် (13mm) ရှိသည်။ SRB များကိုအကြိမ်များစွာ ပြန်လည်အသုံးပြုနိုင်သည်။ STS – 1 မှစတင်၍ လွန်းပျံယာဉ် mission ပေါင်း ၄၈ ခုမှ စုဆောင်းထားသော SRB ကိုယ်ထည်များကို ၂၀၀၉ ခုနှစ်တွင် Ares I အာကာသလွှတ်တင်ရေးဒုံးပျံ၏ အင်ဂျင် စမ်းသပ်မှုတွင် အသုံးပြုခဲ့သည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...