
ဖုန်စုပ်စက်၏ သဘောတရားကိုအခြေခံပြီး အာကာသတွင်းရှိ ဂြိုဟ်တုပျက်အစိတ်အပိုင်းများ၊ ဒုံးပျံအစိတ်အပိုင်းများကို ရှင်းလင်းပစ်မည့် အာကာသဖုန်စုပ်စက်ဂြိုဟ်တုများကို တီထွင်နေကြောင်း ဆွစ်ဇာလန်နိုင်ငံမှ သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဆွစ်ဇာလန် ထိပ်တန်းတက္ကသိုလ် Ecole Polytechnique Federale de Lausanne(EPFL)ရှိ ဆွစ်အာကာသစင်တာမှ ပညာရှင်များက အာကာသဖုန်စုပ်စက်အတွက် ဖြစ်နိုင်ခြေပုံစံနှစ်မျိုးကို စဉ်းစားနေခြင်းဖြစ်သည်။
အချင်း ၁၀ စင်တီမီတာ ထက်ကြီးသော အမှုန်အမွှား ၁၆၀၀၀ ကျော်နှင့် ယင်းထက်သေးသော အမှုန်အမွှား သန်းပေါင်းများစွာမှာ ကမ္ဘာကိုပတ်နေကြောင်း အာကာသစင်တာမှ ပါမောက္ခနှင့် အာကာသယာဉ်မှူးဖြစ်သူ ကလော်ဒီနီကိုလီယာ က သုံးသပ်သည်။
''မတူညီတဲ့ ဂြိုဟ်တုအမျိုးမျိုးကို ပတ်လမ်းထဲက ရှင်းပစ်ပေးနိုင်မဲ့ အသင့်သုံးလို့ရတဲ့စနစ်မျိုး ထုတ်လုပ်ပေးနိုင်ဖို့ ကျွန်တော်တို့က ၀န်ဆောင်မှုပေးမှာပါ။ အာကာသအေဂျင်စီတွေက (အာကာသအမှိုက်) ပြဿနာကို အဖြေရှာဖို့ ကြိုးပမ်းနေကြပါပြီ။ သူတို့ပို့လွှတ်မှုကဖြစ်တဲ့ အမှိုက်တွေသူတို့ ရှင်းရမှာပါ။အဲဒီနယ်ပယ်မှာ ကျွန်တော်တို့က စွန့်ဦးတီထွင်သွားမှာပါ'' ဟု အာကာသစင်တာမှ ဒါရိုက်တာဗော်လ်ကာ ဂတ်စ်ကဆိုသည်။
Ref: AFP