Powered by Blogger.
RSS

Energia - ရုရှားအာကာသ အေဂျင်စီ

OAO Rocket and Space Corporation Energia

ယခင် S.P. Korolev ၊ ထိုမှတစ်ဆင့် S.P. Korolev Rocket and Space Public Corporation Energia ယခုလက်ရှိ OAO Rocket and Space Corporation Energia သည်ရုရှားနိုင်ငံ၏ ဗျူဟာမြောက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူလိုက်ပါသော အာကာသယာဉ်များတည်ဆောက်ခြင်းတွင် ဦးဆောင်နေသော ကုမ္ပဏီတစ်ခုဖြစ်သည်။ ယင်းအဖွဲ့အစည်းသည် အထူးသဖြင့်မြောက်များစွာသော နေရာများတွင်အသုံးချနိုင်သော အာကာသနည်းပညာအသစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပတ်လမ်းအတွင်း ၀င်ရောက်ခြင်းအတွက် လိုအပ်သောဒုံးပျံစနစ်များ ဖွံ့ဖြိုး လာစေရန် အဓိကထား လုပ်ဆောင်နေသည်။

လက်ရှိအချိန်တွင် ဒုံးပျံနှင့်အာကာသ ၀န်ဆောင်မှုများအတွက် နိုင်ငံတကာဈေးကွက်ရရှိလာစေရန် ပြုလုပ်နေသည်။ ယင်းအဖွဲ့အစည်းသည် အာကာသစက်မှု လုပ်ငန်းများနှင့် ထိတွေ့ဖူးခြင်းမရှိသည့် ကုန်ပစ္စည်းထုတ်လုပ်သူများကို အာကာသနည်းပညာများနှင့် မိတ်ဆက်ပေးရာတွင်လည်း ရှေ့ဆုံးမှဦးဆောင်နေသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ယင်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

· - Primary Design Bureau

· - Baikonur branch

· - ZAO Experimental Machine Building Plant, RSC Energia

· - ZAO Valzhskoye DB

· - ZAO PO Kosmos, RSC Energia

· - Developed Social Infrastructure

ယင်းအဖွဲ့အစည်း၏ ၃၈ ရာခိုင်နှုန်းကို ရုရှားအစိုးရမှ ပိုင်ဆိုင်သည်။

အဖွဲ့အစည်းမှတ်တမ်း

၁၉၉၄ ခုနှစ်တွင် လက်ရှိအမည်ကိုရရှိသည်။ ထိုမတိုင်ခင်က ယင်းအဖွဲ့အစည်းအား Special Design Bureau – 1 (OKB – 1), Central Design Bureau of Experimental Machine Building (TsKBEM), Scientific-Production Association (NPO) Energia ဟု ခေါ်သည်။

၂၀ ရာစု၏ ၁၉၄၀ ခုနှစ်နှင့် ၁၉၅၀ အစောပိုင်းနှစ်များတွင် အဖွဲ့အစည်းသည် ပဲ့ထိန်းစနစ်ပါဝင်သည့် ဒုံးပျံရှေ့ပြေးပုံစံများကို တီထွင်ခဲ့သည်။ ယင်းဒုံးပျံများတွင် ဗျူဟာမြောက် ရွေ့လျားပစ်စင်များမှ ပစ်လွှတ်နိုင်သော ဒုံးပျံများ၊ ရေငုပ်သင်္ဘောမှပစ်လွှတ်နိုင်သော ဒုံးပျံများနှင့် ဗျူဟာမြောက်တိုက်ချင်းပစ် သာမိုနျူကလီးယားလက်နက်များ အထိ ပါဝင်ခဲ့သည်။

အဖွဲ့အစည်းသည် ဗျူဟာမြောက်ဒုံးပျံ ၁၄ မျိုးကိုပြုလုပ်ခဲ့၍ ယင်းတို့ထဲမှ ၁၁ မျိုးကို အပြည့်အ၀အသုံးချနိုင်ခဲ့သည်။ ထိုဒုံးပျံ ၁၁ ခုထဲ၌ high-temperature နှင့် lowtemperature liquid propellant အစိတ်အပိုင်းများပါဝင်သော liquid rocket နှင့် solid rocket တို့၏ ရှေ့ပြေးပုံစံများပါဝင်ခဲ့သည်။ ပထမဆုံးအာကာသသို့ လွှတ်တင်သော ဒုံးပျံဖြစ်သည့် R-7 သည် ယနေ့အချိန်ထိတိုင်အောင် ကမ္ဘာ့စိတ်အချရဆုံး ဒုံးပျံအဖြစ်ဆက်လက်တည်ရှိနေသည်။ ထိုစီမံကိန်းသည် နောက်ပိုင်းတွင် နိုင်ငံဒုံးပျံလက်နက် တပ်ဆင်ရေးကို အထောက်အပံ့ပေးခဲ့သည်။

ပထမဆုံးဂြိုဟ်တု (Sputnik – 1957) နှင့် ယင်းအား ပတ်လမ်းထဲသို့ပို့ဆောင်ပေးခဲ့သည့် ပထမဦးဆုံးဒုံးပျံ R-7 ၊ အာကာသထဲသို့ ပထမဦးဆုံးရောက်ရှိသည့် ယူရီဂါဂါရင် (၁၉၆၁) ၊ သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ်နှင့် လသို့ပစ်လွှတ်သော ပိုင်အိုးနီးယား အာကာသယာဉ် (၁၉၅၉-၁၉၆၉) ၊ လပေါ်သို့ဆင်းသက်နိုင်ခဲ့သော ပိုင်အိုးနီးယား လဆင်းယာဉ် (၁၉၆၀) စသည့် စီမံကိန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းစီမံကိန်းများကို National rocket-space system ၏ ဒီဇိုင်နာအကြီးအကဲဖြစ်သော S.P. Korolev ၏ ထူးချွန်ပြောင်မြောက်သော အကြံဥာဏ်များ၊ အစွမ်းအစများနှင့်ဖန်တီးကာ ပြီးမြောက်စေခဲ့ခြင်း ဖြစ်သည်။ S.P. Korolev သည် ပါရမီရှင် အင်ဂျင်နီယာနှင့် မန်နေဂျာဖြစ်ပြီး လက်တွေ့ကျသော အာကာသလေ့လာရေးဆိုင်ရာ ပညာရပ်ကိုစတင်ခဲ့သူ ဖြစ်သည်။

အဖွဲ့အစည်းသည် အောက်ပါဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ပြုလုပ်ခဲ့သည်။

အာကာသသို့ ပထမဦးဆုံး ရောက်ရှိခဲ့သည့် ယူရီဂါဂါရင် ပါဝင်သော Vostok (၁၉၆၀-၁၉၆၃) ၊ အခြားလူလိုက်ပါသည့် အာကာသယာဉ်များဖြစ်သည့် Voskhod (၁၉၆၄-၁၉၆၈) ၊ Soyuz (၁၉၆၆-၁၉၈၁) ၊
Soyuz T (၁၉၇၉-၁၉၈၆) ၊ Soyuz TM (၁၉၈၆-၂၀၀၂) ၊
အာကာသကုန်ပစ္စည်းသယ်ယာဉ် Progress (၁၉၇၈-၁၉၈၉) ၊ Progress M (၁၉၈၉ မှ လက်ရှိ) ၊
ပတ်လမ်းပေါ်၌ ရှိသည့် Salyut စခန်း (၁၉၇၁) ၊ Salyut-4 (၁၉၇၄-၁၉၇၇) ၊ Salyut-6 (၁၉၇၇-၁၉၈၂) ၊ Salyut-7 (၁၉၈၂-၁၉၉၁) နှင့် module အများအပြားပါဝင်သည့် Mir အာကာသစခန်း (၁၉၈၆-၂၀၀၁) ၊
အာကာသနှင့် ကမ္ဘာမြေကို သုတေသနပြုလုပ်သည့် ပတ်လမ်းပေါ်မှ စောင့်ကြည့် လေ့လာ သော Gamma အာကာသယာဉ် (၁၉၉၀-၁၉၉၂) ၊
ကမ္ဘာ့မျက်နှာပြင်၏ ပုံရိပ်အပြည့်အစုံကို ရယူပေးခဲ့သော အာကာသယာဉ် Zenit (၁၉၆၂) ၊
ဆက်သွယ်ရေးဂြိုဟ်တုများ၏ ရှေ့ဆောင်ဖြစ်ခဲ့သည့် Molina-1 (၁၉၆၅) ၊
ကမ္ဘာ့အကြီးဆုံး လွှတ်တင်ရေးယာဉ်ဖြစ်သည့် Energia (၁၉၈၇) နှင့် ပြန်လည် အသုံးပြုနိုင် သော အာကာသယာဉ် Buran (၁၉၈၆) ၊
ထို့ပြင် အခြားစီမံကိန်းများသည် ဒုံးပျံနှင့် အာကာသနည်းပညာစနစ်များကို ပိုမိုကောင်းမွန် အသုံးဝင်လာစေရန် ထောက်ပံ့ပေးခဲ့သည်။ ယင်းတို့မှာ လပေါ်သို့ လူသားများ သွားရောက် နိုင်ရန်အတွက် L1 နှင့် L3 စီမံကိန်များ ၊ Superheavy Launch Vehicle H1 ၊ multipurpose orbital complex နှင့် အင်္ဂါဂြိုဟ်ပေါ်၌ လူနေထိုင်ရန် စီမံကိန်များ ဖြစ်သည်။ အဖွဲ့အစည်း သည် နိုင်ငံတကာအာကာသ ပရိုဂရမ်များဖြစ်သည့် Soyuz-Apollo နှင့် Intekosmos စသည်တို့တွင် အဓိကနေရာမှ ပါဝင်ခဲ့သည်။


အဓိက လုပ်ဆောင်ချက်များ

လူလိုက်ပါသော အာကာသစနစ်များ

နိုင်ငံတကာ အာကာသစခန်း (ISS) ၏ ရုရှားနိုင်ငံအပိုင်းကို ၁၉၉၃ ခုနှစ်၌ စတင်တပ်ဆင်၍ ၁၉၉၈ ခုနှစ်၌ စတင် အလုပ်လုပ်သည်။ ယင်းစီမံကိန်းသည် ရုရှားနိုင်ငံနှင့် နိုင်ငံတကာ လုပ်ဖော် ကိုင်ဖက်များ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။ ယင်းတို့သည် ကုန်ပစ္စည်းလက်ခံရယူခြင်းအပိုင်း (Functional Cargo Block – FCB) ဖြစ်သည့် Zarya ကိုတီထွင်မှုနှင့် အသုံးချခြင်း ၊ Module Zvezda (၂၀၀၀ ခုနှစ်) ကိုတီထွင်မှု ၊ဆိုက်ကပ်သည့် Module အပိုင်းဖြစ်သော Pirs (၂၀၀၁ ခုနှစ်) ကို တီထွင်မှု စသည်တို့ကို ပြုလုပ်ခဲ့သည်။

နိုင်ငံတကာ အာကာသစခန်း (ISS) ပရိုဂရမ် ၏ အောက်တွင် Progress M ၊ Progress M1 နှင့် Soyuz TM အာကာသယာဉ်များကို ထုတ်လုပ်ခြင်းနှင့် mission အာမခံမှု (၂၀၀၀ ခုနှစ်) တို့ကို လည်း ပြုလုပ်ခဲ့သည်။ လူလိုက်ပါသော အာကာသယာဉ်ဖြစ်သည့် Soyuz TMA ကို ၂၀၀၂ ခုနှစ်တွင် နိုင်ငံတကာအာကာသစခန်း (ISS) ပရိုဂရမ် ၏ အောက်တွင် တီထွင် ဖန်တီးပြုလုပ်ခဲ့သည်။

Soyuz အမျိုးအစားနှင့် Progress အမျိုးအစား အာကာသယာဉ်များဖြင့် နိုင်ငံတကာ အာကာသစခန်း (ISS) တွင် အာကာသသုတေသနနှင့် စမ်းသပ်မှု Program များကို တပ်ဆင်လုပ်ဆောင်ခဲ့သည်။

နိုင်ငံတကာအာကာသစခန်း၏ ရုရှားနိုင်ငံအပိုင်းကို တည်ဆောက်ခြင်း ၊ Multipurpose ဓာတ်ခွဲခန်းနှင့် robotic ဖြစ်ထွန်းမှုအတွက် အရွယ်အစားသေးငယ်သည့် ပါဝါနှင့် သုတေသန module တည်ဆောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

Cybernetics ၊ nanotechnologies နှင့် microelectronics အစရှိသော ခေတ်သစ်နည်းပညာ ရပ်များ အပေါ်အခြေခံ၍ နည်းပညာသစ် အာကာသယာဉ်များ ပေါ်ပေါက်လာစေရန် တီထွင်ဖန်တီး ခြင်းများကို ပြုလုပ်နေသည်။

နိုင်ငံတကာအာကာသစခန်းတွင် အသုံးပြုသည့် ဥရောပ အာကာသကုန်ပစ္စည်းသယ်ယာဉ် ဖြစ်သည့် (ATV – Automated Transfer Vehicle) ကို ပို့လွှတ်ခြင်းနှင့် ယင်း၏ refueling system ၊ docking system ၊ docking unit နှင့် control system တို့ကို ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်လျက် ရှိသည်။

လူလိုက်ပါခြင်းမရှိသော အာကာသစနစ်များ

၁၉၉၁ ခုနှစ်မှစ၍ Universal Space Bus ဖြစ်သည့် Viktoria အပေါ်အခြေခံ၍ ဆက်သွယ်ရေးဂြိုဟ်တုများကို တီထွင်ခြင်း ၊ ထုတ်လုပ်ခြင်းနှင့် လုပ်ငန်းတာဝန် ထမ်းဆောင်စေခြင်းများကို ပြုလုပ်နေသည်။

အထက်ပါ space bus ကို အသုံးပြု၍နိုင်ငံနှင့် စီးပွားရေးဆိုင်ရာတွဲဖက် လုပ်ကိုင်သူများ ရင်ဆိုင်နေရသည့် ပြဿနာများကို ဖြေရှင်းပေးနိုင်သော ဂြိုဟ်တုများကို တီထွင်ဖန်တီး ထုတ်လုပ်ခြင်း (ဥပမာ။ ။ Earth Remote Sensing ဂြိုဟ်တုများ) တို့ကို ပြုလုပ်နေသည်။

ဒုံးပျံစနစ်များ

၁၉၆၉ ခုနှစ်တွင် DM ကိုတီထွင်ခြင်းနှင့် ထုတ်လုပ်ခြင်း ၊ Proton နှင့် Zenit-3SL တို့တွင် Space stage အဖြစ် အသုံးပြုခဲ့သော DM-SL အမျိုးအစား upper stage များကို ၁၉၉၈ ခုနှဏ်တွင် တီထွင် ထုတ်လုပ်ခဲ့သည်။ ထို့နောက် ယင်းအမျိုးအစားများကို မြေပြင်လွှတ်တင်ရေး စီမံကိန်းတွင် အသုံးပြုနိုင်ရန် DM-SLB upper stage အမျိုးအစားကဲ့သို့သော ခေတ်သစ်အမျိုးအစားများ ဖြစ်ပေါ် လာစေရန် ထပ်တိုး အဆင့်မြှင့်တင်ခဲ့သည်။

၁၉၉၉ ခုနှစ်တွင် အမေရိကန် ၊ ယူကရိန်း ၊ နော်ဝေးကုမ္ပဏီများနှင့် ပူးပေါင်းကာ ပင်လယ်ပြင်မှ နေ၍ စီးပွားဖြစ် ဂြိုဟ်တုများကို ပတ်လမ်းနိမ့်များထဲသို့ Zenit-3SL ဒုံးပျံကို အသုံးပြု၍ လွှတ်တင်နိုင် ရန် Sea Launch Rocket နှင့် Space Complex တို့ကို တည်ဆောက်ခဲ့သည်။ အခါအားလျော်စွာ ယင်း complex အတွက် ဒုံးပျံအပိုင်းကို ထပ်တိုး အဆင့်မြှင့်ခြင်းများ ပြုလုပ်နေသည်။

ဘိုင်ကိုနော အာကာသဒုံးပျံလွှတ်တင်ရေးစခန်းအပေါ် မှီခိုမှုနည်းပါးရန်အတွက် မြေပြင်အခြေစိုက် ဒုံးပျံလွှတ်တင် ရေးစခန်းများနှင့် ပင်လယ်အခြေစိုက် ဒုံးပျံလွှတ်တင်ရေး နေရာများ ဖွံ့ဖြိုးလာစေရန် ပြုလုပ်လျက်ရှိသည်။

ကွဲပြားခြားနားသော ရည်ရွယ်ချက်အမျိုးမျိုးအတွက် ကမ္ဘာအနီးတွင်ရှိသော ပတ်လမ်းများအတွင်းသို့ အာကာသ ယာဉ်များ လွှတ်တင်နိုင်ရန် ရင်ဆိုင်ရမည့် ပြဿနာများကို ဖြေရှင်းရန် ရုရှားဒုံးပျံများ ၏ power ကို တိုးမြှင့်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများကို ပြုလုပ်နေသည်။

ထပ်မံလုပ်ဆောင်မည့် Program များ

နိုင်ငံတကာအာကာသစခန်း၏ ရုရှားနိုင်ငံအပိုင်း တည်ဆောက်ခြင်းနှင့် ယင်း၏လုပ်ဆောင်ချက်များအပေါ် အခြေခံ၍ အာကာသဖွံ့ဖြိုးတိုးတက်မှုများ ပြုလုပ်ခြင်းနှင့် လူလိုက်ပါသော နည်းပညာအသစ် အာကာသသယ်ယူ ပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ဆောင်လျက် ရှိသည်။

အခြားဂြိုဟ်များသို့ လူလိုက်ပါသော အာကာသယာဉ်များ ပို့လွှတ်နိုင်ရန် လုပ်ဆောင်လျက် ရှိသည်။ ကြီးမားသော အာကာသ antenna နှင့် reflector များအပေါ်အခြေခံ၍ အာကာသဆက်သွယ်ရေးစနစ် ၊ power စနစ်များ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်လျက် ရှိသည်။

Service များ ထောက်ပံ့ဖန်တီးပေးခြင်း

နိုင်ငံတကာ အာကာသ အေဂျင်စီများ ၊ အဖွဲ့အစည်းများနှု့် သဘောတူစာချုပ်ချုပ်ဆို၍ အာကာသယာဉ်မှုးများကို လေ့ကျင့်ပေးခြင်း ၊ ပျံသန်းပေးခြင်းတို့ကို ပြုလုပ်လျက် ရှိသည်။

နိုင်ငံတကာအာကာသစခန်း၏ ရုရှားနိုင်ငံအပိုင်းတွင် တပ်ဆင်ထားသော payload များ ၊ Soyuz နှင့် Progress အာကာသယာဉ်များကို နိုင်ငံတကာအေဂျင်စီများနှင့် အဖွဲ့အစည်းများ အသုံးပြုနိုင်ရန် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။

ရုရှားနိုင်ငံ၏ ဌာနများ ၊ ရုရှားနိုင်ငံမှ စီးပွားဖြစ်အသုံးပြုသူများ ၊ ရုရှား ဖက်ဒရယ် အာကာသ အေဂျင်စီ (Roscosmos) နှင့် သဘောတူထားသော အခြားနိုင်ငံများအတွက် ဒုံးပျံနှင့် အာကာသ နည်းပညာများကို ပုံစံပြုထုတ်လုပ်ခြင်း ၊ စမ်းသပ်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ပြုလုပ်ပေးလျက် ရှိသည်။ ယင်းလုပ်ဆောင်ချက်များတွင် ဆက်သွယ်ရေးဂြိုဟ်တုနှင့် စောင့်ကြည့်လေ့လာရေး ဂြိုဟ်တုများ ပြုလုပ်ပေးခြင်း တို့ပါဝင်သည်။

ရုရှားဖက်ဒရယ် အာကာသအေဂျင်စီနှင့် သဘောတူညီထားသော အခြားအဖွဲ့အစည်းများအတွက် အာကာသစနစ် အင်ဂျင်နီယာနည်းပညာများ ထောက်ပံ့ပေးခြင်း ၊ မြေပြင် အခြေစိုက် အဆောက်အဦးများ တည်ဆောက်ပေးခြင်း ၊ အာကာသယာဉ်များ ထုတ်လုပ်လွှတ်တင်ပေးခြင်း ၊ မြင့်မားသော နည်းပညာများအား အသုံးချနိုင်ရန် အကြံဥာဏ်များ ပေးခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။

၁၉၉၁ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်အတွင်း အဖွဲ့အစည်းသည် ပထမဆုံး နိုင်ငံတကာ အာကာသ သုတေသနဌာနဖြစ်သည့် Mir အာကာသစခန်းနှင့် ယင်း၏ စီမံကိန်းများဖြစ်သော Euromir ၊ Mir-shuttle ၊ Mir-NASA စသည်တို့ကို ပြုလုပ်အသုံးချနိုင်ရန်အတွက် ကူညီထောက်ပံ့လုပ်ဆောင်ပေးခဲ့သည်။ ယင်းစီမံကိန်းများမှ နိုင်ငံတကာ အာကာသစခန်း (ISS) နှင့်ပြန်လည်အသုံးပြု၍ရသောသယ်ယူပို့ဆောင်ရေးစနစ်များ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ထို့ပြင် Transnational ကုမ္ပဏီများနှင့် ပူးပေါင်း၍ ကမ္ဘာ့ပထမဆုံး ပင်လယ်ပြင်မှ ဒုံးပျံလွှတ်တင်သည့် စခန်းကို ပြုလုပ်နိုင်ခဲ့သည်။ ဥရောပ အာကာသကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရေးယာဉ် (ATV – Automated Transfer Vehicle) ၊ မြေပြင်အခြေစိုက်လွှတ်တင်ရေး စီမံကိန်း ၊ နည်းပညာသစ် ဆက်သွယ်ရေးဂြိုဟ်တု ၊ Universal Space Bus ကိုအခြေခံ၍ ထုတ်လုပ်သော remote sensing ဂြိုဟ်တု Belka စသည်တို့ကိုတီထွင် ထုတ်လုပ်ခဲ့သည်။ အာကာသလွှတ်တင်ရေးစခန်း အသစ်များကိုလည်း ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိသည်။

အဖွဲ့အစည်း၏ စီမံကိန်းများကို အမြဲမပြတ် ဦးဆောင်ခဲ့သော ပညာရှင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

S.P. Korolev (၁၉၄၆-၁၉၆၆)
Mishin (၁၉၆၆-၁၉၇၄)
V.P. Glushko (၁၉၇၄-၁၉၈၉)
Yu.P. Semenov (၁၉၈၉-၂၀၀၅)

ယခုလက်ရှိအချိန်တွင် Russian Academy of Sciences မှ corresponding member ဖြစ်သည့် V.A. Lopota က အဖွဲ့အစည်းကို ဆက်လက်ဦးဆောင်နေသည်။

အဖွဲ့အစည်းရရှိသော ဆုတံဆိပ်များ

အဖွဲ့အစည်းသည် Order of Lenin ဆု (၄) ခု ၊ Order of the October Revolution ဆု (၁) ခု နှင့် ရုရှားဖက်ဒရေးရှင်း သမ္မတ၏ ကျေးဇူးတင်သ၀ဏ်လွှာတစ်ခုတို့ ရရှိထားသည်။

ဝန်ထမ်းများ

ယခုလက်ရှိအချိန်တွင် ရုရှားသိပ္ပံ အကယ်ဒမီ၏ အဖွဲ့ဝင် (၃) ဦးနှင့် corresponding အဖွဲ့ဝင် (၂) ဦး ၊ ဒေါက်တာဘွဲ့ရ သိပ္ပံပညာရှင် (၂၉) ဦးနှင့် အခြား သိပ္ပံပညာရှင် (၁၉၇) ဦးတို့ ပူးပေါင်းပါဝင်လုပ်ဆောင်နေသည်။ ပါမောက္ခအဆင့်ရှိသော သိပ္ပံပညာရှင် (၂၀) ဦးက သင်ကြားမှုများကို ထုတ်လုပ်ခြင်းအဆင့်များနှင့် ပေါင်းစပ်၍ သင်ကြားပေး နေသည်။

ဒုံးပျံနည်းပညာများနှင့် အာကာသနည်းပညာများကို ထူးချွန်ပြောင်မြောက်စွာ တီထွင်နိုင်ခဲ့သည့်အတွက် အဖွဲ့အစည်း၏ ၀န်ထမ်း (၂၅) ဦးသည် ဆိုရှယ်လစ်အလုပ်သမား သူရဲကောင်းဆုတံဆိပ် ချီးမြှင့်ခံရသည်။ S.P. Korolev နှင့် V.P. Glushko တို့သည် အဆိုပါဆုကို နှစ်ကြိမ်တိတိ ရရှိခဲ့သည်။ အဖွဲ့အစည်း၏ ၀န်ထမ်း (၂၀၀) ကျော်သည် Lenin ဆု ၊ ဆိုဗီယက် ပြည်ထောင်စုမှ ချီးမြှင့်သောဆုနှင့် ရုရှားဖက်ဒရေးရှင်း အစိုးရမှ ချီးမြှင့်သောဆုများ ရရှိသည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...