Powered by Blogger.
RSS

လွန်းပြန်ယာဉ် အတ္တလန္တိတ် ကမ္ဘာမြေပေါ် ပြန်လည် ဆင်းသက်ပြီးနောက် လွန်းပြန်ယာဉ် တစ်ခေတ် အဆုံးသတ်


w64301
ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ကနေဒီ အာကာသ စင်တာသို့ ပြန်လည် ဆင်းသက်လာသည့် အတ္တလန္တိတ် အာကာသ လွန်းပြန်ယာဉ်

အမေရိကန် အာကာသလွန်းပြန်ယာဉ် အတ္တလန္တိတ်သည် အာကာသစခန်းသို့ နောက်ဆုံး ခရီးစဉ် သွားရောက်ပြီးနောက် ဇူလိုင်လ ၂၁ ရက်နေ့တွင် ကမ္ဘာမြေပေါ် ပြန်လည် ဆင်းသက်လာခြင်းနှင့်အတူ လွန်းပြန်ယာဉ် တစ်ခေတ် အဆုံးသတ်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အနှစ် ၃၀ ကြာမြင့်ခဲ့သည့် အမေရိကန် အာကာသ စူးစမ်းရှာဖွေရေးသမိုင်း၏ အရေးပါသော အခန်းကဏ္ဍ တစ်ရပ်သည် အတ္တလန္တိတ် လွန်းပြန်ယာဉ် ကနေဒီ အာကာသစင်တာတွင် ဇူလိုင်လ ၂၁ ရက်၊ နံနက် ၅ နာရီ ၅၇ မိနစ်တွင် ပြန်လည် ဆင်း သက်လာခြင်းနှင့်အတူ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း(အိုင်အက်စ်အက်စ်) သို့ သွားရောက်နိုင်မည့် တစ်မျိုးတည်းသောယာဉ် အဖြစ် လက်ရှိအချိန်တွင် ရုရှား ဆိုယုဇ်ဒုံးယာဉ်များသာ ကျန်ရှိတော့မည် ဖြစ်သည်။

''အာကာသလွန်းပြန်ယာဉ်ဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးအပေါ် ရှုမြင်မှုကို ပြောင်းလဲပစ်ခဲ့ပါတယ်။ စကြ၀ဠာကြီးအပေါ် ရှုမြင်မှုကိုလည်း ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒီကနေ့မှာ ခံစားချက်တွေ တစ်ပုံတစ်ပင် ရှိနေကြပေမဲ့လည်း
အငြင်းပွားစရာမရှိတဲ့ တစ်ချက်တော့ ရှိနေပါတယ်။ အဲဒါက အမေရိကဟာ စူးစမ်းရှာဖွေမှုကို ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ဘူး ဆိုတာ ပါပဲ''ဟု လွန်းပြန်ယာဉ်မှူး ခရစ်ဖာဂူဆန်က ပြောကြားခဲ့သည်။

''အာကာသ လွန်းပြန်ယာဉ်ကြီးစီးပြီး အာကာသယာဉ်မှူး ဖြစ်ချင်ကြတဲ့ ကလေးတွေရဲ့အိပ်မက်ကတော့ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ အင်္ဂါဂြိုဟ်ပေါ်မှာ သူတို့ လမ်းလျှောက်နိုင်ကြဦးမှာပါ''ဟု နာဆာ အုပ်ချုပ်ရေးမှူး ချားလ်စ်ဘိုလ်ဒမ်က ပြောကြားခဲ့သည်။

လွန်းပြန်ယာဉ်များသမိုင်း
အာကာသလွန်းပြန်ယာဉ်သည် ကမ္ဘာ့ ပထမဆုံး အကြိမ်ကြိမ် ပြန်သုံးနိုင်သည့် အာကာသသွား လူစီးယာဉ် ဖြစ်ခဲ့ပြီး ၁၉၈၁ ခုနှစ် စတင် လွှတ်တင်စဉ်က စပြီး လွန်းပြန်ယာဉ် ငါးစီး အထိ သုံးစွဲခဲ့သည်။
အနှစ် ၄၀ ကျော်အတွင်း အမေရိကန်ဒေါ်လာ ၁၉၆ ဘီလျံ သုံးစွဲကာ တည်ဆောက်ခဲ့သော လွန်းပြန်ယာဉ်များသည် ၁၉၈၁ ခုနှစ်၊ ဧပြီလ ပထမဆုံး ခရီးစဉ်မှစပြီး နိုင်ငံပေါင်း ၁၆ နိုင်ငံမှ အာကာသသူရဲ ၃၅၅ ဦးကို ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။ အာကာသအတွင်း မိုင်ပေါင်း ၅၄၂ သန်းမျှ ခရီးနှင်ခဲ့ကြသည့် ယာဉ်ငါးစီးမှာ အတ္တလန္တိတ်၊ ချယ်လင်ဂျာ၊ ကိုလံဘီယာ၊ ဒစ္စကာဗာရီ၊ အန်ဒဲဗားတို့ ဖြစ်သည်။ ၂၀၀၃ တွင် ကိုလံဘီယာ၊ ၁၉၈၆ တွင် ချယ်လင်ဂျာတို့ ပေါက်ကွဲ ပျက်စီးကာ ယာဉ်ပေါ်ပါသူ စုစုပေါင်း ၁၄ ဦး သေဆုံးစေခဲ့ဖူးသည်။ ကျန်သုံးစီမှာမူ ပြတိုက်များတွင် အပြီးတိုင် နားခိုတော့မည် ဖြစ်သည်။

အနာဂတ်အတွက် ဘာဆက်လုပ်မလဲ
အနာဂတ်တွင် အာကာသစခန်းသို့ လူပို့လွှတ်ရေး အတွက် ရုရှား ဆိုယုဇ် ဒုံးယာဉ်များကိုသာ အားကိုးရတော့မည် ဖြစ်သည်။ ကုန်ကျစရိတ် သက်သာသော ပုဂ္ဂလိကယာဉ်များ သုံးစွဲရန် အမေရိကန် အစိုးရက လိုလားနေပြီး လက်ရှိ အချိန်တွင် လူခုနစ်ဦးအထိ ပို့ဆောင်ပေးနိုင်သော ယာဉ်တစ်မျိုးကို ထုတ်လုပ်ပေးရန် ဘိုးအင်းကုမ္ပဏီက အဆိုပြုထားသည်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ကမ္ဘာပတ်လမ်းအတွင်း ရှိသည့် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းထက် ဝေးသော နေရာများသို့ စေလွှတ်နိုင်ရန်နှင့် ကုန်ကျစရိတ် ပိုမို သက်သာရန် ဆိုသော အချက်နှစ်ချက်နှင့် လျော်ညီသည့် တီထွင်မှုမျိုး လိုအပ်နေသည်ဟု ထုတ်ဖော် ပြောကြားထားသည်။ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ကနေဒီ အာကာသ စင်တာသို့ ပြန်လည် ဆင်းသက်လာသည့် အတ္တလန္တိတ် အာကာသ လွန်းပြန်ယာဉ်

w64302
လွန်ခဲ့သော အနှစ် ၃၀ က ပထမဆုံး လွန်းပြန်ယာဉ် လွှတ်တင်မှုကို လာရောက် ကြည့်ရှုခဲ့ကြသည့် ဖခင်ဖြစ်သူ ကင်နက်ဘရေးနှင့် သားဖြစ်သူ ခရစ်ဘရေး၊ ဇူလိုင်လ ၈ ရက်နေ့က လွန်းပြန်ယာဉ် နောက်ဆုံးအကြိမ် လွှတ်တင်မှုကို လာရောက် ကြည့်ရှုခဲ့ကြသည့် ယင်းသားအဖ နှစ်ဦး၊ ပုံနှစ်ပုံ နှိုင်းယှဉ်ပြီး ဘရေး သားအဖက အွန်လိုင်းဓာတ်ပုံဝက်ဘ်ဆိုက် Flickr တွင် တင်ထားခဲ့မှုမှာ အင်တာနက်တွင် ပျံ့နှံ့ပြီး ကမ္ဘာကျော်သွားခဲ့သည့် လွန်းပြန်ယာဉ်များနှင့် လူများ၏ အနှစ် ၃၀ သမိုင်းကို ထင်ဟပ်စေခဲ့သည့် သမိုင်းဝင်ဓာတ်ပုံ အဖြစ် မှတ်ယူခံခဲ့ရသည်။


Source: First Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...