Powered by Blogger.
RSS

၂ဝ၁၂ ခုနှစ်အတွင်း ဂလက်ဆီ၏ ဗဟိုကို ကမ္ဘာ ဖြတ်မည်ဆိုသည့် ကိစ္စ


အချိန်အားဖြင့် ၁၂နှစ်တာမျှ ခြားနားခဲ့သော်လည်း ၂ဝဝဝ ပြည့် နှစ်နှင့် ၂ဝ၁၂ ခုနှစ်တို့တွင် တူညီသော အချက်တစ်ခု ရှိနေသည်။ ၂ဝဝဝ ပြည့်နှစ်မတိုင်မီ တစ်နှစ်ခန့် ကတည်းက ယင်းနှစ်ရောက်လျှင် ကမ္ဘာပေါ်တွင် ဘာဖြစ်မည် ညာဖြစ်မည်နှင့် အုတ်အော်သောင်းနင်း ဖြစ်ခဲ့ကြသကဲ့သို့ ၂ဝ၁၂ခုနှစ် မရောက်မီကပင် အင်တာနက် အပါအဝင် မီဒီယာများကို သုံး၍ လူတချို့က ထုတ်လွှင့်လိုက်သော ကမ္ဘာပျက် ကိန်းများစွာ ပေါ်ထွက်ခဲ့သည်။

ယင်းကမ္ဘာပျက်ကိန်းများကို အခြေခံ၍ ကမ္ဘာတစ်ဝန်းလုံးတွင် ရုပ်ရှင် ဗီဒီယိုများအပြင် အင်္ဂလိပ် ဘာသာဖြင့် စာအုပ် ၁၇ဝခန့် ထုတ်ဝေခဲ့သည်ဟု သိရသည်။ မြန်မာနိုင် ငံတွင်လည်း ၂ဝ၁၂ကမ္ဘာပျက် ကိန်းကောလာဟလနှင့် ပတ်သက်သော ဆောင်းပါးအများအပြားနှင့် စာအုပ်အချို့ ထွက်ပေါ်ခဲ့သည်။ အဆိုပါ လုပ်ကြံပြောဆိုမှုများသည် အခြေအမြစ် ကင်းမဲ့သဖြင့် အခြားသော ကောလာဟလများ နည်းတူ အချိန်ကြာသည်နှင့်အမျှ မှေးမှိန်လာနေသော်လည်း ယင်း ကိစ္စရပ်သည် အလွယ်နှင့် မပျောက်ပျက် သေးဟု သိရသည်။ ယင်းမှာ ၂ဝ၁၂ ခုနှစ်အတွင်းတွင် ကမ္ဘာအပါ အဝင် နေအဖွဲ့အစည်းတစ်ခုလုံးသည် ဂလက်ဆီ၏ ဗဟိုကို ဖြတ် မည်ဆိုသည့်ကိစ္စ ဖြစ်သည်။ အဆိုပါ ပြောဆိုချက် ယုတ္တိတန် မတန်ကို စိစစ်ရာ၌ နေအဖွဲ့ အစည်း၊ ဂလက်ဆီစသည့် ဝေါဟာ ရများကို ဦးစွာဆွေးနွေးရန် လိုအပ်သည်။ နေနှင့် ကမ္ဘာအပါအဝင် ဂြိုဟ်ရှစ်လုံး၊ ဂြိုဟ်ငယ်ဂြိုဟ်သိမ် ဥက္ကာခဲနှင့် လများစသည်တို့ ပါဝင် သော အစုအဝေးကို နေအဖွဲ့အ စည်း (Solar System) ဟုခေါ်သည်။ နေသည် ကြယ်တစ်လုံး ဖြစ်ပြီး ကမ္ဘာ ပါဝင်သော နေအဖွဲ့ အစည်းနှင့်အလားတူ အခြား နေ သို့မဟုတ် ကြယ်အဖွဲ့အစည်းပေါင်း များစွာတို့သည် အုပ်စုများဖွဲ့၍ တည်ရှိရာ အုပ်စုတစ်စုစီကို ကြယ်စု သို့မဟုတ် ဂလက်ဆီ (Galaxy) ဟု ခေါ်သည်။ ကမ္ဘာပါဝင်သော နေအဖွဲ့အစည်းရှိသည့် ကြယ်စုကို မစ်လ်ကီးဝေး ဂလက်ဆီ (Milky Way Galaxy)ဟု အမည်ပေးထားသည်။ မရေမတွက်နိုင်သော ဂလက်ဆီပေါင်း များစွာတို့သည် စကြဝဠာ (Universe) ထဲ၌ အစဉ် ရွေ့လျား သွားလာနေကြသည်။

လသည် ကမ္ဘာကို လှည့်ပတ် နေပြီး လနှင့်ကမ္ဘာ စုံတွဲသည် အခြားဂြိုဟ်များနှင့်အတူ နေကို အတူတကွ လှည့်ပတ်နေသည်။ တစ်ဖန် ကမ္ဘာပါဝင်သော နေအဖွဲ့ အစည်း နှင့် မစ်လ်ကီးဝေးဂလက်ဆီ တွင်ပါဝင်သော အခြားကြယ်များ ဂြိုဟ်များသည် ဂလက်ဆီ၏ ဗဟို ချက်ကို လှည့်ပတ်နေကြသည်။ ကြယ်စုပေါင်း ကုဋေကုဋာ ပါဝင်သည့် မစ်လ်ကီးဝေးဂလက်ဆီ ကို အပေါ်မှ စီး၍ကြည့်လျှင် အဝန်း အဝိုင်းကြီးတစ်ခု ပုံသဏ္ဌာန်ရှိပြီး ဘေးမှ ကြည့်လျှင်မူ အလယ်တွင် အနည်းငယ်ဖောင်းကာ ဘေးနှုတ် ခမ်း တစ်လျှောက်တွင် ပါးလျားနေသဖြင့် မုန့်ဆီကြော်နှင့် တူသည်ဟု ဆိုနိုင် သည်။ မစ်လ်ကီးဝေးဂလက်ဆီ၏ ဗဟိုတွင် ပြင်းထန်သော ဓာတ်ရောင်ခြည်များ ထွက်ပေါ်နေ သည့် အပြင် တွင်းနက်ကြီးများ (Black Holes) ဟု ခေါ်သော အလွန်သိပ် သည်းသည့် ဒြပ်ထုအစု အဝေးကြီး များရှိသည်။ တွင်းနက်များ၏ ဒြပ်ထုသည် လေးလံလွန်း သဖြင့် ယင်း အနီးသို့ရောက်သော အရာဝတ္ထု အားလုံးသည် ဧရာမ သံလိုက်ကြီး ဖြင့် အဆွဲခံရသည့် သံတိုသံစများ ပမာ တွင်းနက်ကြီးများ၏ စုပ်ယူဝါး မျိုခြင်းကို ခံရ သည်။

ထို့ကြောင့် ကမ္ဘာသည် ဂလက်ဆီဗဟိုကို ဖြတ်ဖို့မဆိုထား နှင့် အနီးကပ်မိလျှင်ပင် တွင်းနက် ကြီးများ၏ စုပ်ယူဖျက်ဆီးခြင်းကို ခံရဖို့ရှိသည်။ ကမ္ဘာသည် ယခုအခါ ဂလက်ဆီဗဟိုမှအလင်းနှစ် ၂၅ဝဝဝ အကွာတွင်ရှိနေသည်။ နက္ခတ္တ ဗေဒဆိုင်ရာ အကွာအဝေး တိုင်းတာ ရေးယူနစ်ဖြစ်သည့် အလင်းနှစ်သည် အလင်းရောင် တစ်နှစ် အတွင်း ပေါက်ရောက်သည့် ခရီးတာကို ဖော်ပြသည်။ အလင်းနှစ် တစ်နှစ် လျှင် မိုင်ပေါင်း ၅၈၆၅၆၉၆ဝဝဝဝဝဝ ရှိရာ ကမ္ဘာပါဝင်သော နေအဖွဲ့ အစည်းနှင့် ဂလက်ဆီဗဟို တို့ကြား ခရီးတာမှာ ချရေးရန်ပင်မလွယ်လှ အောင် ကွာလှမ်းလှသည်။ ထို့အပြင် ကမ္ဘာပါသော နေ အဖွဲ့အစည်းသည် မစ်လ်ကီးဝေး ဂလက်ဆီအတွင်း သွားလာနေရာ၌ ဂလက်ဆီဗဟိုသို့ ဦးတည်နေခြင်း မဟုတ်ပေ။ ဗီဂါအမည်ရှိ ကြယ် တစ်လုံးရှိရာသို့ ဦးတည်နေသည်။ ထို့ကြောင့် ၂ဝ၁၂ ခုနှစ်တွင် ဂလက်ဆီဗဟိုကို ကမ္ဘာဖြတ်မည်ဆို ခြင်းသည် ယုတ္တိကင်းမဲ့လှသော ပြောဆိုချက်သာဖြစ်သည်။
အချို့က ကမ္ဘာသည် ဂလက် ဆီပြင်ညီကို ၂ဝ၁၂ ခုနှစ်တွင် ဖြတ်ရန်ရှိ၍ ယင်းသို့ ဖြတ်သည့် အခါ ဂလက်ဆီအတွင်းအခြားဂြိုဟ်၊ ဥက္ကာခဲစသည်တို့နှင့် တိုက်မိပျက်စီး နိုင်သည်ဟု ဆိုကြပြန်သည်။ မုန့်ဆီ ကြော်ပုံ မစ်လ်ကီးဝေးဂလက်ဆီကို စိတ်ကူးဖြင့် အပေါ်အောက်ထက်ခြမ်း ခွဲကြည့်လျှင် ပေါ်လာမည့် ပြင်ညီ ကို ဂလက်ဆီပြင်ညီ (Galactic Plane) ဟု ခေါ်သည်။ ဂလက်ဆီ ပြင်ညီတွင် ကြယ်များ ဂြိုဟ်များ သည် အခြားအပိုင်းများတွင်ထက် အရေအတွက် ပိုမိုများပြားစွာ ရှိနေ နိုင်သဖြင့် ကမ္ဘာပါ သော နေအဖွဲ့ အစည်းသည် ဂလက်ဆီပြင်ညီကို ဖြတ်သည့်အခါ အခြားအရာများနှင့် ပို၍ တိုက်မိနိုင်သည့် အလားအလာ ကို တွက်ချက်၍ အထက်ပါအတိုင်း ပြောကြ ခြင်း ဖြစ်သည်။

ကမ္ဘာသည် ဂလက်ဆီဗဟို ချက်ကို လှည့်ပတ်နေရင်းဂလက်ဆီ ပြင်ညီ၏ အပေါ်ပိုင်းသို့ တက်သွား လိုက်၊ ပြင်ညီကို ဖြတ်၍ အောက်ဘက်ဆင်းလိုက်၊ တစ်ဖန်ပြင်ညီ ကို ဖြတ်၍ အပေါ်ပြန်ရောက်လိုက် စသဖြင့် သွားလာနေသည်။ ထိုသို့ သွားနေရာ၌ ပြင်ညီကို ပျမ်းမျှ နှစ်ပေါင်း သန်း ၃ဝ ခန့်ကြာလျှင် တစ်ကြိမ်ဖြတ်သည်။ နက္ခတ္တ ပညာရှင်များ၏ လေ့လာ တွက်ချက်မှုများအရ ကမ္ဘာနှင့် နေအဖွဲ့အစည်းသည် လွန်ခဲ့သော နှစ်ပေါင်း နှစ်သန်းခန့်က ပြင်ညီကို ဖြတ်ခဲ့ပြီး ယခုအခါ ပြင်ညီ အပေါ် ပိုင်းသို့ ဦးတည်၍ တက်လာနေကာ နောက်ထပ်နှစ်ပေါင်း ၁၄သန်း ကြာမျှ ပြင်ညီ၏ အပေါ်ပိုင်းသို့ ဆက်၍ တက်နေဦးမည်သာ ဖြစ် ကြောင်း သိရသည်။ ထို့ကြောင့် ဂလက်ဆီ ပြင်ညီသည် ၂ဝ၁၂ ခုနှစ် အတွင်း ကမ္ဘာဖြတ်မည်ဆိုခြင်းမှာလည်း လုံးဝအဓိပ္ပာယ်ကင်းမဲ့သော ပြောဆိုချက်သာလျှင် ဖြစ်ကြောင်း သိနိုင်ကြသည်။ ကမ္ဘာသည် ၂ဝ၁၂ ခုနှစ်တွင်လည်း ၂ဝဝဝ ပြည့်နှစ်က ကဲ့သို့ပင် မည်သည့်အန္တရာယ်ကိုမျှ ကြုံရန်မရှိဘဲ ပုံမှန်အတိုင်း ကုန်ဆုံးသွားမည်သာ ဖြစ်သည်။

Popular

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...