Powered by Blogger.
RSS

အင်္ဂါဂြိုဟ်သို့ ပထမဆုံး လူလိုက်ပါ ခရီးစဉ်တွင် လယ်ယာကျွမ်းကျင်သူများနှင့် စားဖိုမှူးများကိုလည်း ခေါ်ဆောင်သွားဖွယ်ရှိ

နာဆာက ၂၀၃၀ ပြည့်နှစ်များတွင် အင်္ဂါဂြိုဟ်သို့ လွှတ်တင်ရန် စီစဉ်ထားသော ပထမဆုံး လူလိုက်ပါမည့် ခရီးစဉ်တွင် လယ်ယာကျွမ်းကျင် ပညာရှင်များ၊ စားဖိုမှူးများကို အာကာသယာဉ်မှူးများနှင့်အတူ ခေါ်သွားဖွယ် ရှိသည်ဟု သိရသည်။

အင်္ဂါဂြိုဟ် ခရီးစဉ်အတွင်း စားစရာ လုံလောက်စွာ ထောက်ပံ့ပေးနိုင်ရန်မှာ အကြီးမားဆုံး စိန်ခေါ်မှုများ အနက် တစ်ခု ဖြစ်ကြောင်း ကျွမ်းကျင်သူများက သြဂုတ်လ ၂၈ ရက်တွင် သတိပေးခဲ့သည်။ ယင်းပြဿနာ ဖြေရှင်းနိုင်မည့် အဖြေတစ်ခုမှာ အဆင့်မြင့် နည်းပညာသုံး မီးဖိုချောင် ဥယျာဉ်ထဲတွင် အာကာသယာဉ်မှူးများက ၎င်းတို့ စားနပ်ရိက္ခာ အတွက် ကိုယ်တိုင် စိုက်ပျိုးရန် ဖြစ်သည်။ အင်္ဂါဂြိုဟ်သို့ ငါးနှစ်ကြာ ခရီးစဉ်အတွင်း အာကာသယာဉ်မှူး တစ်ဦးစီ အတွက် စားစရာပေါင် ၇၀၀၀ နီးပါးစီ လိုအပ်မည် ဖြစ်ကြောင်း တက္ကဆက်ပြည်နယ်၊ ဟော့စတန်မှ နာဆာ၏ Space Food Systems ဓာတ်ခွဲခန်းမှ
ဒေါက်တာမာယာကူးပါးက ပြောကြားခဲ့သည်။

စားစရာများကို ထုတ်လုပ်ပေးနိုင်သည့် အပြင် အာကာသယာဉ်မှူးများ ရှူရှိုက်နိုင်ရန် အောက်ဆီဂျင် ထုတ်ပေးနိုင်သော၊ ရှူထုတ်လိုက်သည့် ကာဗွန်ဒိုင်အောက်ဆိုက်ကို ဖယ်ရှားပေးနိုင်သော၊ ရေကိုပင် သန့်စင်ပေးနိုင်သော Bio-regenerative စနစ်ကို ဖြစ်ဖြစ်မြောက်မြောက် အသုံးပြုနိုင်ရေး အတွက် ကြိုးပမ်းနေကြောင်း ကူးပါးက ပြောကြားခဲ့သည်။ အာကာသတွင် စိုက်ပျိုးနိုင်ရန် စမ်းသပ် အောင်မြင်ခဲ့သော သီးနှံ ၁၀ မျိုးမှာ ကြက်သွန်မြိတ်၊ ဆလတ်ရွက်၊ ဒေါက်ခွ၊ ငရုတ်ပု၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ ဂေါ်ဖီထုပ်၊ မုန်လာဥများ၊ ဆေးဖက်ဝင် ဟင်းခတ် အမွှေးအကြိုင် အပင်တို့ ဖြစ်ကြောင်း သိရသည်။

ဆိုဗီယက် အာကာသယာဉ်မှူး ယူရီဂါဂါရင်သည် ၁၉၆၁ ခုနှစ်က အာကာသသို့ ပထမဆုံး လူလိုက်ပါသည့် ခရီးစဉ်အတွင်း အသားနှင့်ငါး ညက်ညက်ကြေအောင် ရောနှောပြုလုပ်ထားသည့် စားစရာကို စားခဲ့ရသည်။ လွန်းပြန်ယာဉ် စတင် ပျံသန်းသည့် အချိန်များက အာကာသယာဉ်မှူးများသည် အေးခဲထားသည့် အတုံးလိုက် ပြုလုပ်ထားသော စားစရာများနှင့် ဘူးများထဲမှ စားစရာများကို သွားတိုက်ဆေးကဲ့သို့ ညှစ်ထုတ်စားရကြောင်း သိရသည်။ ၁၉၆၀ ပြည့်နှစ် နှောင်းပိုင်းတွင် အာကာသ၌ ပူနွေးသော စားစရာများကို စားလာနိုင်ပြီး ၁၉၇၀ ပြည့်နှစ် ရောက်သောအခါ စားစရာ ၇၂ မျိုး အထိ ရွေးချယ် စားလာနိုင်သည်။မကြာသေးမီ နှစ်များအတွင်း ယာဉ်မှူးများသည် နံနက်စာ အဖြစ် ကြက်ဥ၊ ကော်ဖီ၊ ချောကလက်၊ ပေါင်မုန့်ညို၊ နေ့လည်စာနှင့် ညစာ အတွက် ကြက်သားနှင့် ဒံပေါက် စသည် တို့ကို သယ်ဆောင် စားသောက်လာနိုင်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...