Powered by Blogger.
RSS

အာကာသစခန်းများ

ကမ္ဘာပေါ်ရှိ ဒုံးပျံလွှတ်တင်ရေးစခန်းများ၏ စုစုပေါင်းအရေအတွက်မှာ ၅၀ ကျော်ခန့်ရှိသည်။ ဒုံးပျံလွှတ်တင်ရေးစခန်းများသည် အာကာသအတွင်းသို့ ဂြိုဟ်တုများလွှတ်တင်ရန်အတွက် တည်ဆောက်ထားခြင်းဖြစ်သည်။ ၁၉၅၇ ခုနှစ်မှစတင်၍ ဂြိုဟ်တုပေါင်း ၅၀၀၀ ကျော်ကိုကမ္ဘာတစ်ဝန်းရှိ ဒုံးပျံလွှတ်တင်ရေးစခန်းများမှ လွှတ်တင်ခဲ့ကြသည်။ ကမ္ဘာပေါ်၌ ပစ်လွှတ်မှုအများဆုံးပြုလုပ်ခဲ့သော နာမည်ကျော်ကြားသည့် ဒုံးပျံလွှတ်တင်ရေးစခန်းများမှာ Cape Canaveral ၊ Vandenberg ၊ Baikonur ၊ Plesetsk ၊ Kourou ၊ Tanegashima ၊ Jiuquan ၊ Xichang နှင့် Sriharikota တို့ဖြစ်သည်။

Baikonur ဒုံးပျံလွှတ်တင်ရေးစခန်း ( မြောက်လတ္တီတွဒ် ၄၅.၆ ဒီဂရီ ၊ အရှေ့လောင်ဂျီတွဒ် ၆၃.၄ ဒီဂရီ )

၁၉၅၇ ခုနှစ် အောက်တိုဘာလ ၄ ရက် နေ့တွင် ဆိုဗီယက်ပြည်ထောင်စု၏ ပထမဦးဆုံးဂြိုဟ်တု Sputnik 1 ကို Baiknour ဒုံးပျံလွှတ်တင်ရေးစခန်းမှ R 7 ဒုံးပျံဖြင့် ပစ်လွှတ်ခဲ့သည်။ Baiknour ဒုံးပျံလွှတ်တင်ရေးစခန်းသည် ရုရှားနိုင်ငံ၏ အရေးပါဆုံးသော စခန်းတစ်ခုဖြစ်ပြီး ၁၉၅၅ ခုနှစ်တွင်တည်ဆောက်ခဲ့၍ Baiknour မြို့၏ အနောက်တောင်ဖက် မိုင်၂၃၀ အကွာတွင် တည်ရှိသည်။ Baiknour ဒုံးပျံလွှတ်တင်ရေးစခန်းသည် ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်ခဲ့သော ကာဇက်စတန်နိုင်ငံအတွင်း၌ တည်ရှိနေ၍ ယခုကာလတိုင် အသုံးပြုနေဆဲ လွှတ်တင်ရေးစခန်းတစ်ခုဖြစ်သည်။ အကြီးစားပစ်လွှတ်စင် ၉ ခုနှင့် ဒုံးပျံပစ်လွှတ်စင်ပေါင်း ၁၅ ခုကျော်ပါဝင်သည်။ ရုရှားနိုင်ငံ၏ လူလိုက်ပါသော အာကာသစီမံကိန်းများ၊ လသို့ပစ်လွှတ်သည့် စီမံကိန်းများနှင့် အခြားဂြိုဟ်များသို့ ပစ်လွှတ်သည့် အာကာသယာဉ်များကို အဆိုပါ လွှတ်တင်ရေးစခန်းမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ အာကာသအတွင်းသို့ ပထမဦးဆုံးရောက်ရှိခဲ့သည် လူသားဖြစ်သော ယူရီဂါဂါရင် လိုက်ပါမောင်းနှင်သည့် ဗော့စတော့ အာကာသယာဉ်ကို အဆိုပါလွှတ်တင်ရေးစခန်းမှ ပစ်လွှတ်ခဲ့သည်။

Cape Canaveral ဒုံးပျံလွှတ်တင်ရေးစခန်း ( မြောက်လတ္တီတွဒ် ၂၈.၅ ဒီဂရီ ၊ အနောက်လောင်ဂျီတွဒ် ၈၁ ဒီဂရီ )

အမေရိကန်ပြည်ထောင်စု၏ ထိပ်တန်းဒုံးပျံ လွှတ်တင်ရေးစခန်းတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ ၊ ဖလော်ရီဒါပြည်နယ်၌ တည်ရှိသည်။ စခန်းတွင် ကနေဒီအာကာသစင်တာနှင့် ဒုံးပျံလွှတ်တင်မှုများ လွန်းပျံယာဉ်များ ၊ ဂြိုဟ်တုများ၏ သွားလာမှုကို ထိန်းချုပ်သော mission control center တို့ပါရှိသည်။ ဧကလေးသောင်းကျော် ကျယ်ဝန်းပြီး အမေရိကန်နိုင်ငံ၏ ပထမဦးဆုံးဂြိုဟ်တုဖြစ်သည့် Explorer 1 ဂြိုဟ်တုနှင့် လပေါ်သို့လူသားများ ရောက်ရှိခဲ့သော ခရီးစဉ်ဖြစ်သည့် Apollo 11 အာကာသယာဉ်တို့ကို လွှတ်တင်ခဲ့သော စခန်းဖြစ်သည်။ ဒုံးပျံပစ်လွှတ်စင်ကြီး ( ၆ ) ခုအပါအ၀င် စုစုပေါင်း ဒုံးပျံပစ်လွှတ်စင် လေးဆယ်ကျော် တည်ရှိသည်။ ထိုစခန်းသည် အာကာသထိန်းချုပ်ရေးစခန်း ( ၃ )ခု ၏ ကွန်ယက်အောက်တွင် တည်ရှိပြီး အရှေ့ဘက်၌ ပင်လယ်ရှိခြင်းသည် အကောင်းဆုံးအားသာချက်ဖြစ်သည်။ သို့သော် အဆိုပါစခန်းမှနေ၍ ၀င်ရိုးစွန်းပတ်လမ်းသို့ ပစ်လွှတ်နိုင်ခြင်းမရှိပေ။

Vandanberg ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၃၄.၄ ဒီဂရီ ၊ အနောက်လောင်ဂျီတွဒ် ၁၂၀.၃၅ ဒီဂရီ)

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ လွမ်ပတ်မြို့၏ မြောက်ဘက် ၁၂ မိုင်အကွာနှင့် လော့အိန်ဂျယ်လိစ် မြို့၏ အနောက်မြောက်ဘက် ၁၅၀ မိုင်အကွာ၌ တည်ရှိသည်။ အဆိုပါ ဒုံးပျံလွှတ်တင်ရေးစခန်းတွင် ပစ်လွှတ်စင်ပေါင်း ၅၀ ကျော် တည်ရှိပြီး စစ်ဖက်ဆိုင်ရာဂြိုဟ်တုများနှင့် ထောက်လှမ်းရေးဂြိုဟ်တုများကိုသာ သီးသန့်ပစ်လွှတ်နေသော လွှတ်တင်ရေးစခန်းတစ်ခု ဖြစ်သည်။ ထို့ပြင် ၀င်ရိုးစွန်းပတ်လမ်းတွင် လှည့်ပတ်သည့် ဂြိုဟ်တုများကိုလည်း အဆိုပါပစ်လွှတ်ရေးစခန်းမှ လွှတ်တင်နေခြင်းဖြစ်သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် အမေရိကန်အစိုးရ၏ တိုက်ချင်းပစ်ဒုံးပျံများကို စမ်းသပ်ပစ်လွှတ်နေသော နေရာတစ်ခုလည်းဖြစ်သည်။

Kourou ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၅.၂ ဒီဂရီ ၊ အနောက်လောင်ဂျီတွဒ် ၅၂.၈ ဒီဂရီ )

၁၉၆၇ ခုနှစ်တွင် ဥရောပ အာကာသအေဂျင်စီမှ တောင်အမေရိကတိုက် ၊ ပြင်သစ်ဂီယာနာ နိုင်ငံ၌ ဒုံးပျံလွှတ်တင်ရေးစခန်းတစ်ခုကို တည်ဆောက်ခဲ့သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် အီကွေတာနှင့် နီးကပ်စွာတည်ရှိပြီး မည်သည့်ပတ်လမ်းကိုမဆို အလွယ်တကူ ပစ်လွှတ်နိုင်သောကြောင့် လက်ရှိပစ်လွှတ်ရေးစခန်းများအနက် အကောင်းဆုံးဟု ခေါ်ဆိုနိုင်သည်။ ၁၉၇၉ ခုနှစ် ၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဥရောပ အာကာသအေဂျင်စီ၏ ပထမဦးဆုံးဂြိုဟ်တု CAT ကို Ariane လွှတ်တင်ရေးဒုံးပျံဖြင့် ပစ်လွှတ်နိုင်ခဲ့သည်။ ထိုကဲ့သို့ ပစ်လွှတ်နိုင်ခြင်းကြောင့် ဥရောပအာကာသအေဂျင်စီကို အာကာသအတွင်းသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော သတ္တမမြောက်အဖွဲ့အစည်းတစ်ခု ဖြစ်လာစေခဲ့သည်။

တရုတ်နိုင်ငံ၏ ဒုံးပျံလွှတ်တင်ရေးစခန်းများ

၁၉၇၀ ခုနှစ် ဧပြီလ ၂၄ ရက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ပထမဦးဆုံးဂြိုဟ်တုဖြစ်သော Mao -1 ဂြိုဟ်တုကို Long March 1 လွှတ်တင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ပြီး ပဉ္စမမြောက်ဂြိုဟ်တုလွှတ်တင်နိုင်သော နိုင်ငံဖြစ်လာခဲ့သည်။

Jiuquan ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၄၀.၆ ဒီဂရီ ၊ အရှေ့လောင်ဂျီတွဒ် ၉၉.၉ ဒီဂရီ)

Jiuquan ဒုံးပျံလွှတ်တင်ရေးစခန်းသည် တရုတ်-မွန်ဂိုလီးယားနယ်စပ် ၊ ဂိုဘီ သဲကန္တာရအတွင်းရှိ ကျိုးကွမ်းမြို့၌ တည်ဆောက်ထားပြီး ဘေဂျင်းမြို့တော်မှ မိုင်တစ်ထောင်ခန့်ကွာဝေးသည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် တရုတ်နိုင်ငံ၏ ပထမဦးဆုံးဒုံးပျံပစ်လွှတ်ရေးစခန်း တစ်ခုဖြစ်ပြီး မီတာ ၅၀ မြင့်သော ပစ်လွှတ်စင်များကို တည်ဆောက်ထားသည်။ Long March ဒုံးပျံများဖြင့် လေထုတိုင်းတာရေး ဂြိုဟ်တုများနှင့် မိုးလေ၀သဂြိုဟ်တုများကို ပစ်လွှတ်နေသောစခန်းတစ်ခု ဖြစ်သည်။ ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အာကာသယာဉ်မှုး ယန်လီဝေ လိုက်ပါသော Shenzhou 5 အာကာသယာဉ်ကို Long March-2F ဒုံးပျံဖြင့် အဆိုပါပစ်လွှတ်ရေးစခန်းမှ လွှတ်တင်နိုင်ခဲ့ပြီး တရုတ်နိုင်ငံသည် အာကာသအတွင်းသို့ လူသား ပို့ဆောင်ပေးနိုင်သော တတိယမြောက်နိုင်ငံအဖြစ် ရောက်ရှိလာခဲ့သည်။

Xichang ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၂၈.၂၅ ဒီဂရီ ၊ အရှေ့လောင်ဂျီတွဒ် ၁၀၂ ဒီဂရီ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပစ်လွှတ်ရေးစခန်း ( ၃ ) ခုအနက် အကြီးဆုံးစခန်းတစ်ခု ဖြစ်သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် အခြားစခန်းနှစ်ခုထက် ပိုမိုကောင်းမွန်သည့် တည်နေရာတွင် တည်ရှိနေသောကြောင့် ပတ်လမ်းအတွင်းသို့ ဂြိုဟ်တုကိုချောမောစွာ ပစ်လွှတ်နိုင်သည်။ ၇၆ မီတာမြင့်သော ပစ်လွှတ်စင်နှစ်ခု ပါဝင်၍ လက်ရှိတရုတ်နိုင်ငံ၏ Long March ဒုံးပျံများကို ပစ်လွှတ်နေသော နေရာတစ်ခုဖြစ်ပြီး ၁၉၈၄ ခုနှစ်၌ ပထမဦးဆုံးသော ဒုံးပျံကိုပစ်လွှတ်နိုင်ခဲ့သည်။ လူဦးရေထူထပ်သော နေရာများကို ဖြတ်သန်းပစ်လွှတ်ရခြင်းသည် အဆိုပါစခန်း၏ အကြီးမားဆုံး အားနည်းချက်ဖြစ်ပြီး ၁၉၉၆ ခုနှစ်၌ ပျက်ကျခဲ့သော Long March-3 ဒုံးပျံကြောင့် ၆ ယောက်သေဆုံးပြီး ၅၇ ယောက်ဒဏ်ရာ ရရှိခဲ့သည်။ ၁၉၉၅ ခုနှစ်တွင်လည်း Long March-2E ဒုံးပျံပေါက်ကွဲခဲ့သည့်အတွက် ၆ ယောက်သေဆုံး၍ ၂၃ ယောက်ဒဏ်ရာ ရရှိခဲ့သည်။

Taiyuan ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၃၇.၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၁၂.၆ ဒီဂရီ)

Taiyuan ဒုံးပျံလွှတ်တင်ရေးစခန်းသည် ၀ူဇီပြည်နယ်၌ တည်ရှိပြီး ထောက်လှမ်းရေးဂြိုဟ်တုနှင့် စောင့်ကြည့်လေ့လာရေးဂြိုဟ်တု များကဲ့သို့သော ၀င်ရိုးစွန်းပတ်လမ်းဂြိုဟ်တုများ ပစ်လွှတ်ရာတွင် အသုံးပြုသည့် လွှတ်တင်ရေးစခန်းတစ်ခု ဖြစ်သည်။ ၁၉၉၀ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ Iridium Constellation ဂြိုဟ်တုများကို ပစ်လွှတ်ခဲ့သော လွှတ်တင်ရေးစခန်းတစ်ခု ဖြစ်သည်။

Sriharikota Island ဒုံးပျံလွှတ်တင်ရေးစခန်း ( မြောက်လတ္တီတွဒ် ၁၃.၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၈၀.၄ ဒီဂရီ)

၁၉၈၀ ခုနှစ် ဇူလိုင်လ ၁၈ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ ပထမဦးဆုံးဂြိုဟ်တုကို Sriharikota ကျွန်းပေါ်ရှိ ဒုံးပျံလွှတ်တင်ရေးစခန်းမှ ပစ်လွှတ်ခဲ့ပြီး အာကာသထဲသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော အဌမမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် အိန္ဒိယနိုင်ငံအရှေ့ပိုင်းကမ်းခြေရှိ မဒရပ်မြို့၏ မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာ Sriharikota ကျွန်းပေါ်၌ တည်ရှိသည်။ ဒုံးပျံလွှတ်တင်ရေးစခန်းသည် ဧက ၁၄၅၀၀ ကျယ်ဝန်းပြီး သစ်တောများ ထူထပ်သောနေရာ ဖြစ်သည်။ မီတာ ၄၀ မြင့်သော ပစ်လွှတ်စင်တစ်ခုပါရှိပြီး တန် ၆၀၀ လေးသော ပစ်လွှတ်စင်တစ်ခုလည်း ပါရှိသည်။

ဂျပန်နိုင်ငံ၏ ဒုံးပျံလွှတ်တင်ရေးစခန်းများ

ကာဂိုရှီးမား ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၃၁.၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၃၁.၁ ဒီဂရီ)

၁၉၇၀ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိုဆုမိ ဟုအမည်ရသော ဂြိုဟ်တုကို Lumbda ဒုံးပျံဖြင့် ပစ်လွှတ်ခဲ့ပြီး ဂျပန်နိုင်ငံည် အာကာသထဲသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော စတုတ္ထမြောက်နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် ဂျပန်နိုင်ငံ ကျူရှုကျွန်းပေါ်တွင် တည်ရှိပြီး မူလက မိုးလေ၀သဂြိုဟ်တုများကို ပစ်လွှတ်ရန်ရည်ရွယ်ခဲ့ပြီး ယခုအချိန်တွင် အာကာသယာဉ်များကိုပါ ပစ်လွှတ်နိုင်ပြီ ဖြစ်သည်။ ဂျပန်နိုင်ငံ၏ ပထမဆုံးဂြိုဟ်တုခြောက်ခုကို ကာဂိုရှီးမား ဒုံးပျံလွှတ်တင်ရေးစခန်းမှ ပစ်လွှတ်ခဲ့ပြီး ယခုအချိန်ထိဂြိုဟ်တုပေါင်း နှစ်ဒါဇင်ကျော်ကို ပစ်လွှတ်နိုင်ခဲ့ပြီး ဖြစ်သည်။

တန်ဂါရှီးမား ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၃၀.၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၃၁ ဒီဂရီ)

ဂျပန်အာကာသဖွံ့ဖြိုးရေးအေဂျင်စီ၏ ရုံးစိုက်ရာနေရာဖြစ်ပြီး တိုကျိုမြို့မှ မိုင်ပေါင်း ၆၅၀ ကွာဝေးသော တန်ဂါရှီးမားကျွန်းပေါ်၌ တည်ရှိသည်။ ထိုစခန်းမှ အဓိကအားဖြင့် လောင်စာခဲသုံးနှင့် လောင်စာရည်သုံး ဒုံးပျံများကို စမ်းသပ်ပစ်လွှတ်လျက်ရှိသည်။

အခြားဒုံးပျံလွှတ်တင်ရေးစခန်းများ

အထက်ပါ ဒုံးပျံလွှတ်တင်ရေးစခန်းများအပြင် ကမ္ဘာတစ်ဝန်း၌ အခြားပစ်လွှတ်ရေးစခန်းများလည်း တည်ရှိသည်။ ယင်းတို့အတွင်းမှ အချို့သည် နိုင်ငံပိုင်စခန်းများဖြစ်ပြီး အချို့သည် NASA နှင့် ဥရောပအာကာသ အေဂျင်စီ၏ စခန်းများဖြစ်သည်။ NASA ၏ Tran-Atlantic landing အတွက် စပိန်၊ ဆီနီဂေါနှင့် မော်ရိုကိုနိုင်ငံတို့တွင် စခန်း( ၃ )ခုတည်ဆောက်ထားသည်။ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အစ္စရေးနိုင်ငံသည် အာကာသအတွင်းသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော န၀မမြောက်နိုင်ငံဖြစ်ခဲ့ပြီး ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင်လည်း အီရတ်နိုင်ငံသည် အာကာသအတွင်းသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော ဆယ်နိုင်ငံမြောက်နိုင်ငံဖြစ်လာသည်။ အီတလီနိုင်ငံ ၊ ဆမ်မာရီ ကျွန်းအနီး၌ရှိသော ပစ်လွှတ်ရေးစခန်းသည် ရေပြင်ပေါ်၌ တည်ဆောက်ထားသော ပစ်လွှတ်ရေးစခန်းတစ်ခု ဖြစ်သည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အ​မေရိကန်​​တွင် ​ဒေါ်လာ ၄ သန်း​​​တန် ​နောက်ဆုံး​​​ပေါ် ​ထောက်လှမ်း​ရေး​​​​​​​လေယာဉ်​​တီထွင်

alt

အ​မေရိကန်​နိုင်ငံမှ စစ်ဖက်​ဆိုင်ရာ ပညာရှင်များ​​သည် ​ဒေါ်လာ ၄ သန်း​ကျော် တန်ဖိုး​ရှိသည့်​ ​နောက်ဆုံး​ပေါ် ​ထောက်လှမ်း​ရေး​ သူလျှို​​လေယာဉ်​လေး​ တစ်စင်း​အား​ တီထွင်​လိုက်သည်။ ၁၆ လက်မသာရှိ​သော ​လေယာဉ်ငယ်​လေး​သည် ငှက်ပိတုံး​လေး​ တစ်​ကောင်နှင့်​ ပုံစံ​တူ​အောင် တည်​ဆောက်ထား​ပြီး​ အ​လေး​ချိန်မှာ AA ဓာတ်ခဲ တစ်လုံး​ထက်ပင် ​လျော့​နည်း​သည်။

အိတ်ထဲတွင် အလွယ်တကူ ထည့်​ယူသွား​နိုင်​သော ​လေယာဉ်​လေး​ကို ပင်တဂွန် စစ်ဌာနချုပ်က ​ဖော်ပြလိုက်သည်။ ယင်း​လေယာဉ်ငယ် စီမံကိန်း​ကို အချိန် ၅ နှစ်မျှယူ၍ တည်​ဆောက်ခဲ့​ပြီး​ ငှက်နှင့်​အလွန်တူ​သော ​လေယာဉ်​လေး​သည် တစ်နာရီလျင် ၁၁ မိုင်နှုန်း​ထိ ပျံသန်း​နိုင်​ကြောင်း​ သိရသည်။ စစ်ဖက်​အကြီး​အကဲများ​က အလွန်​သေး​ငယ်​သော ကင်မရာ​လေး​များ​ကို ငှက်ပိတုံး​ ​လေယာဉ်​​လေး​တွင် ထည့်​သွင်း​ကာ စစ်ပွဲဇုန်များ​တွင် ရန်သူ့​​စခန်း​ တည်​နေရာကို လျှို့​ဝှက်​​ထောက်လှမ်း​နိုင်မည်ဟု ယုံကြည်​နေကြသည်။ 

လေကိုဆန်၍ ပျံနိုင်​သော ငှက်က​လေး​များ​ကို ကမ္ဘာ​ပေါ်တွင် ​ထောက်လှမ်း​ရေး​လေယာဉ်များ​ ထုတ်လုပ်​ရောင်း​ချ​နေသည့်​ အကြီး​ဆုံး​ ကုမ္ပဏီကြီး​ တစ်ခုဖြစ်​သော AeroVironment က မိတ်ဆက်​ပြသ​ခဲ့​ခြင်း​​ဖြစ်သည်။ အ​မေရိကန် စစ်တပ်သည် ​ထောက်လှမ်း​ရေး​​အတွက် တစထက်တစ ​သေး​ငယ်​သော ကိရိယာ​လေး​များ​ကို အသုံး​ပြုလာပြီး​ ယမန်နှစ်ကလည်း​ ၄ ​ပေါင်မျှသာ အ​လေး​ချိန်ရှိ​သော ​လေယာဉ်ငယ်များ​ကို ​ထောင်နှင့်​ချီ မှာယူခဲ့​ကြောင်း​ သိရှိရသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသအမှိုက်သရိုက်က ဂြိုလ်တုများအတွက် ခြိမ်းခြောက်မှုဖြစ်လာ

“နောက်ထပ် (၂)နှစ်၊ (၃)နှစ်အတွင်း အာကာသ အမှိုက်တွေကြောင့် ဂြိုဟ်တုတွေ ထိခိုက်မိတာမျိုး ပိုပြီးအဖြစ်များလာနိုင်တယ်”
အာကာသအမှိုက်သရိုက်က ဂြိုလ်တုများအတွက် ခြိမ်းခြောက်မှုဖြစ်လာ

အနာဂတ်ကာလတွင် ကမ္ဘာပတ် လမ်းကြောင်းအတွင်း လွှင့်တင်မည့် ဂြိုဟ်တုများအတွက် အာကာသ အမှိုက်သရိုက်များက အလွန်ကြီးမားသော ခြိမ်းခြောက်မှုများ ဖြစ်လာစေနိုင်ကြောင်း ပညာရှင်များက ပြောကြားလိုက်သည်။ သုတေသီများက လာမည့်နှစ် အနည်းငယ်အတွင်း ကမ္ဘာပတ် လမ်းကြောင်းထဲတွင် အာကာသ အမှိုက်များ ထူပြောစွာ ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။


ကမ္ဘာပတ် လမ်းကြောင်းထဲသို့ ဂြိုဟ်တုများ လွှတ်တင်နိုင်ခဲ့သည်မှာ နှစ်ပေါင်း(၅၀)ကျော် ကြာမြင့်လာသည်နှင့်အတူ စွန့်ပစ်ပစ္စည်းများ မြောပါနေသည့် အာကာသ အမှိုက်များလည်း ထုနှင့်ထည်နှင့် တိုးပွားလာခဲ့သည်။ “နောက်ထပ် (၂)နှစ်၊ (၃)နှစ်အတွင်း အာကာသ အမှိုက်တွေကြောင့် ဂြိုဟ်တုတွေ ထိခိုက်မိတာမျိုး ပိုပြီးအဖြစ်များလာနိုင်တယ်”ဟု အမေရိကန် အမျိုးသား အကာသ အေဂျင်စီ (NASA)မှ ကမ္ဘာပတ်လမ်းအတွင်းရှိ အမှိုက်များ စောင့်ကြည့်ရေးရုံး တာဝန်ခံ ဂျင်းစ်စတန်စ်ဘယ်ရီက space.comသို့ ပြောကြားခဲ့သည်။


ဟူစတန်တွင် အခြေစိုက်သော ဂျွန်ဆန်အာကာသစင်တာသည် ကမ္ဘာပတ်လမ်းအတွင်း ပိုမိုတိုးပွားလာသည့် အာကာသ အမှိုက်များ၏ အခြေအနေကို တောက်လျှောက်စောင့်ကြည့် လေ့လာလျက်ရှိသည်။ ဧပြီလ (၅)ရက်နေ့က အာကာသ အမှိုက်တစ်ခုသည် နိုင်ငံတကာ အာကာသစခန်း (ISS)ကို ၀င်တိုက်မိလု အခြေအနေမျိုး ဖြစ်ခဲ့ရာ ISSတွင် တာဝန်ထမ်းဆောင်နေသော နက္ခတ်ဗေဒ ပညာရှင် (၃)ဦးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။ ယင်းအမှိုက်စသည် (၂၀၀၇)ခုနှစ်က တရုတ်နိုင်ငံမှ လွှတ်တင်လိုက်သော တန်ပြန်ဂြိုဟ်တု ထောက်လှမ်းရေး စမ်းသပ်စနစ် တစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခင်ကလည်း ISSအပြင် ကမ္ဘာပတ်လမ်းအတွင်းရှိ ဂြိုဟ်တုများသည် အာကာသ အမှိုက်များ၏ ထိခိုက်လာနိုင်သော အနေအထားမျိုးနှင့် ကြုံတွေ့ခဲ့ရဖူးသည်။ ယင်းတို့သည် ကမ္ဘာပတ်လမ်းအတွင်း တစ်နာရီ မိုင်(၁၇၅၀၀)နှုန်းထိ မြန်နှုန်းမြင့်မားစွာ သွားလာနေတတ်ကြောင်း သိရသည်။ ပညာရှင်များက ကမ္ဘာပတ် လမ်းကြောင်းအတွင်း ဘေ့စ်ဘော ဘောလုံးထက် ပိုကြီးသည့် အမှိုက်စ (၂၀၀၀၀)ကျော်၊ ကျောက်ဒိုးတစ်ခုစာထက် ပိုကြီးသည့် အမှိုက်စပေါင်း (၅၀၀၀၀၀)ကျော်ထိ ရှိနေကြောင်း သတိပေး ပြောဆိုထားသည်။ ပညာရှင်များသည် ဂြိုဟ်တုများကို အန္တရာယ် ပေးနိုင်လောက်ဖွယ်ရှိသော အမှိုက်အစအန (၂၂၀၀၀)ကျော်ကို ခြေရာခံ ထောက်လှမ်းနေသော်လည်း ယင်းတို့ကို အချိန်ပြည့် စောင့်ကြည့်နိုင်ခြင်း မရှိဟုလည်း သတင်းများက ဖော်ပြသွားသည်။

Source: Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရုရှားနိုင်ငံ၏ မျိုးဆက်သစ်လွှတ်တင်ရေး ဒုံးပျံ Angara အား ၂၀၁၄ ခုနှစ် မတိုင်မီ စမ်းသပ်ပစ်လွှတ်မည်

ရုရှားနိုင်ငံ၏ မျိုးဆက်သစ် လွှတ်တင်ရေးဒုံးပျံဖြစ်သော Angara ဒုံးပျံ၏ စမ်းသပ်ပစ်လွှတ်မှုကို ၂၀၁၃ ခုနှစ်ထက် နောက်မကျဘဲ ပြုလုပ်မည်ဟု ရုရှား အာကာသအဖွဲ့မှ မတ်လ ၂၅ ရက်နေ့တွှင် သတင်းထုတ်ပြန် ခဲ့သည်။

ရုရှားနိုင်ငံမြောက်ဘက်၌ တည်ရှိသော Plesetsk ဒုံးပျံလွှတ်တင်ရေးစခန်းတွင် Angara ဒုံးပျံလွှတ်တင်ရန် အတွက် လိုအပ်သော အဆောက်အဦးများ တည်ဆောက်မှုအခြေအနေမှာ ပြီးစီးလုရှိပြီဟု ရုရှားအာကာသ အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။

Angara လွှတ်တင်ရေးဒုံးပျံသည် ပတ်လမ်းနိမ့် ပတ်လမ်း (Low Earth Orbit – LEO) အတွင်းသို့ ၂၀၀၀ ကီလိုဂရမ်မှ ၄၀၅၀၀ ကီလိုဂရမ်အထိ ပို့လွှတ်နိုင်ပြီး လက်ရှိအသုံးပြုနေသော ရုရှားနိုင်ငံလွှတ်တင်ရေးဒုံးပျံများ၏ ပင်မ လွှတ်တင်ရေးဒုံးပျံ အဖြစ်သို့ ရောက်ရှိစေရန် ပြုလုပ် သွားမည်ဟု ပြောကြားခဲ့သည်။

လွှတ်တင်ရေးဒုံးပျံအား Universal Rocket Module (URM) အပေါ် အခြေခံ၍ ဆောက်လုပ် ထားပြီး ပုံသဏ္ဍာန် အမျိုးမျိုးတပ်ဆင်နိုင်သည့် ပြန်လည် အသုံးပြု၍ မရသော လွှတ်တင်ရေးယာဉ် (Evolved Expendable Launch Vehicle – EELV) နှင့် ဆင်တူသော ပုံစံအတိုင်း ပြုလုပ်ထားသည်။

Angara လွှတ်တင်ရေးဒုံးပျံများ တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ ရုရှားနိုင်ငံအား ကာဇက်စတန်နိုင်ငံမှ ဘိုင်ကိုနော ဒုံးပျံလွှတ်တင်ရေးစခန်းကို ဌားရမ်းအသုံးပြုရခြင်းမှ လျော့ကျစေရန် ဖြစ်သည်။ ရုရှားနိုင်ငံ၏ မြောက်ပိုင်းတွင် ရှိသော Plesetsk ဒုံးပျံလွှတ်တင်ရေးစခန်းနှင့် နိုင်ငံ အရှေ့ပိုင်းတွင် တည်ရှိသော အသစ်ထပ်မံပြုလုပ်မည့် ဒုံးပျံလွှတ်တင်ရေးစခန်းတို့မှ နေ၍ အလေးချိန်များပြားသော payload များ ပစ်လွှတ်နိုင်ရန်အတွက် အဆိုပါ Angara လွှတ်တင်ရေး ဒုံးပျံများကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Solar Storm

ဂြိုဟ်တုတည်ရှိနေသော အာကာသပတ်ဝန်းကျင်၏ ဆိုးရွားပြင်းထန်ခြင်းများ

ဂြိုဟ်တုတည်ရှိနေသည့် အာကာသပတ်ဝန်းကျင် (space environment)သည် ဆိုးဝါးပြင်းထန်သော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ ဥပမာအားဖြင့် အာကာသအမှိုက်များ အာကာသထဲမှာ ခန့်မှန်းရခက်ခဲစွာ မျောချင်ရာသို့အရှိန်အဟုန်ပြင်းစွာမျောပါနေသည့် လူသားတွေပြုလုပ်ထားသည့် အာကာသ အမှိုက်သရိုက်များ (space debris) ဖြစ်ပါသည်။ ယင်းအာကာသ၀တ္ထုများနှင့် ဂြိုဟ်တုနဲ့တိုက်မိတဲ့အခါ သို့မဟုတ် ဂြိုဟ်တုပေါ်က အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုခုကို ထိမှန်သွားတဲ့အခါတွင် ဂြိုဟ်တုတစ်ခုလုံး ပျက်စီးမှုကြီးများအထိ ဖြစ်ပေါ်စေနိုင်သည်။ ဂြိုဟ်တုတစ်ခု၏ အစိတ်အပိုင်း အသေးအမွှားကလေးများမှ ထိန်းချုပ်စနစ်မရှိတော့သည့် ပတ်လမ်းထဲတွင် လွှင့်မျောနေကြသော ဂြိုဟ်တုအဟောင်းများလည်း ပါဝင်သည်။ ၂၀၀၉ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော အမေရိကန် ဆက်သွယ်ရေးဂြိုဟ်တု (Irridium) နှင့် ရုရှားဆက်သွယ်ရေး ဂြိုဟ်တုအပျက် (Kosmos) တို့ တိုက်မိကြသည့် ဖြစ်ရပ်ကဲ့သို့ တိုက်မိသည့် ဂြိုဟ်တုနှစ်ခုစလုံးပေါက်ကွဲပျက်စီးသွားတာမျိုးအထိလည်း ဖြစ်ခဲ့ဖူးပါသည်။

ဂြိုဟ်တုတစ်လုံးအသစ်တင်လိုက်တိုင်း ယင်းဂြိုဟ်တုကို ပစ်လွှတ်ပေးသည့်ဒုံးပျံ (launch vehicle) မှလည်းကောင်း၊ ဂြိုဟ်တုနှင့် ဒုံးပျံခွဲထုတ်ခြင်းအတွက် ထည့်သွင်းထားရသည့်စက်ပစ္စည်းများမှလည်းကောင်း၊ ကိရိယာအစိတ်အပိုင်းများကို အာကာသအတွင်းတွင်ချန်ထားခဲ့သည့်အတွက် ဖြစ်ပါသည်။ ထိုကြောင့် ကမ္ဘာ့ပတ်ဝန်းကျင် အာကာသထဲတွင် ၁၉၆၀ ခန့်မှစပြီး တစ်ကမ္ဘာလုံး ပစ်လွှတ်ခဲ့ကြသည့်ဂြိုဟ်တုများအပြင် ယင်းဂြိုဟ်တုများကို လွှတ်တင်ခဲ့သည့်အကြိမ်တိုင်း အာကာသထဲတွင်ချန်ထားခဲ့သည့် စွန့်ပစ်ပစ္စည်းများသည် အရေအတွက်အားဖြင့် သန်းဂဏန်းအထိရှိနေသောကြောင့် အာကာသတွင်းရှိ မည်သည့်ဂြိုဟ်တုကိုမဆို လာရောက်ထိမှန်နိုင်ခြေရှိနေသည်။ ထို့အပြင် အာကာသ အတွင်းသို့လွှတ်တင်ရန် ရည်ရွယ်ချက်နှင့်ပြုလုပ်ခဲ့ကြသည့်အတွက် ယင်းအမှိုက်သရိုက်များသည် ဂြိုဟ်တုနဲ့ယှဉ်လျင် အလွန်မာကျောသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အလွန်မာကျောပြီးအလွန်လျင်မြန်သော အမြန်နှုန်း (8 km/s) ဖြင့်ရွေ့လျားနေသော ယင်းပစ္စည်းအစအနများသည် ဂြိုဟ်တုကို ထိမှန်သည့်အခါတွင် ထိမှန်ခြင်းခံရသည့် အစိတ်အပိုင်းပေါ်ကိုလိုက်၍ ပျက်စီးမှုကြီးမားပါသည်။ အရေးအကြီးဆုံး အစိတ်အပိုင်းကိုထိမှန်ခဲ့မည်ဆိုပါက ဂြိုဟ်တု တစ်ခုလုံး သုံးမရတဲ့အထိ ဖြစ်သွားနိုင်ပါသည်။


နေမုန်တိုင်း နှင့် ၄င်း၏ ဖြစ်ပေါ်လာပုံ

နေမုန်တိုင်းဆိုသည်မှာ နေကိုလွှမ်းခြုံထားသောဓာတ်ငွေ့လွှာအတွင်းတွင် ဖြစ်ပေါ်တတ်သောပြင်းထန်သည့် ပေါက်ကွဲမှုတစ်မျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ နေမုန်တိုင်းများဖြစ်ပေါ်လာသည်မှာ နေ၏ပါဝင်ပစ္စည်းများကြောင့်ဖြစ်ပါသည်။ ဟိုက်ဒြိုဂျင်နှင့် ဟီလီယမ်ဓာတ်ငွေ့များဖြင့် အဓိကဖွဲ့စည်းထားသည့်နေသည် ယင်းဓာတ်ငွေ့နှစ်မျိုး လောင်ကျွမ်းခြင်းကြောင့်ဖြစ်ပေါ်လာသော ဘေးထွက်ပစ္စည်းအနေဖြင့် အပူစွမ်းအင်၊ အလင်းရောင်၊ ဓာတ်ဆောင်မှုန် (charged particles)၊ ဓာတ်ရောင်ခြည်ဖြာထွက်မှု (X-rays, Gamma rays, etc.) ထုတ်လွှတ်ပေးသည်။

ယင်းဘေးထွက်ပစ္စည်းများအနက်မှ ဒြပ်ထုမရှိသောဘေးထွက်ပစ္စည်းများဖြစ်ကြသည့် အလင်းရောင် ၊ဓာတ်ရောင်ခြည်၊ အပူစွမ်းအင်တို့သည် နေမှအချိန်ပြည့် ဖြာထွက်နေပြီး ဓာတ်ဆောင်မှုန်များမှာမူ နေအတွင်းပိုင်းတွင်သာ တည်ရှိပါသည်။ နေမုန်တိုင်းဆိုသည်မှာ ဒြပ်ထုရှိသော ဓာတ်ဆောင်မှုန်များ (charged particles) နေမှအရှိန်အဟုတ်ပြင်းစွာ လွင့်ကန်ထွက်လာခြင်းဖြစ်ပါသည်။ ယင်းသည်နေ၏ အတွင်းပိုင်း၌ရှိသော သံလိုက်စက်ကွင်း ကြောင့်ဖြစ်ပါသည်။

နေအတွင်း၌လှည့်ပတ်ရွေ့လျားနေသော ဓာတ်ဆောင်မှုန်တွေနှင့် အတူသံလိုက်စက်ကွင်းသည်လည်း လိုက်ပြောင်းနေပါသည်။ တစ်ချိန်တည်းမှာပင် နေ၏ corona အလွှာအတွင်းတွင်ရှိနေသည့် ဓာတ်ဆောင်မှုန်တွေဖြစ်ကြသော Proton နှင့် electron တို့သည်လည်း အလွန်မြင့်မားသော အပူချိန်ကြောင့် နေ၏ဆွဲအားမှ လွတ်ထွက်နိုင်သော စွမ်းအင်အရှိန် (escape velocity) ကိုရရှိနေကြသည်။ “သံလိုက်စက်ကွင်းများသည်ဓာတ်ဆောင်မှုန်များအား လမ်းကြောင်းပြောင်းနိုင်ကြသည်” (တွန်းနိုင်ဆွဲနိုင်ကြသည်) (Charged particles can be deflected by magnetic fields) ဆိုသည့်သဘောကြောင့် သံလိုက်စက်ကွင်းများတစ်နေရာရာမှာစုမိလာပြီး ပြင်းအားများ သွားသည့်အခါမျိုးတွင် ဓာတ်ဆောင်မှုန်များကိုနေအတွင်းမှ အပြင်ကိုတွန်းထုတ်နေသကဲ့သို့ ဖြစ်နေပါသည်။ ထိုအချိန်တွင် အဘက်ဘက်သို့ ဓာတ်ဆောင်မှုန်စီးကြောင်း (နေမုန်တိုင်း) ပေါ်ပေါက်တိုက်ခတ်လာခြင်းဖြစ်ပါသည်။ နေ၏အတွင်းပိုင်းတွင် စုမိသွားသော သံလိုက်စက်ကွင်းပြင်းအားအပေါ်ကို လိုက်ပြီးနေမုန်တိုင်းတွေ၏ အရွယ်အစားတွေကွာခြားကြပါသည်။

နေမှစတင်တိုက်ခတ်သည့်အချိန်၌ နေမုန်တိုင်း၏စွမ်းအင်ထုတ်လွှတ်မှုသည် 6*1025 Joules မျှရှိသည်။ အဆိုပါပမာဏသည် နေမှတစ်စက္ကန့်မှာထုတ်လွှတ်နေသည့် စွမ်းအင်စုစုပေါင်းရဲ့ ခြောက်ပုံတစ်ပုံမျှရှိသော ပမာဏဖြစ်သည်။ ထို့ကြောင့်နေမုန်တိုင်းက သယ်ဆောင်လာသောစွမ်းအင်သည် အလွန်မြင့်မားပြင်းထန်သည်။ ကမ္ဘာ့ ပတ်လမ်းသို့နေမုန်တိုင်းရောက်ရှိချိန်၌ တိုက်ခတ်နှုန်းသည် တစ်စက္ကန့်လျှင် 185435 မိုင်မျှရှိပြီး ဓာတ်ဆောင်မှုန် အရေအတွက်သည်လည်း တစ်ကုဗစင်တီမီတာတိုင်းတွင် တစ်မှုန် မှ ဆယ်မှုန် အထိ ပါရှိနေသည်။ နေမုန်တိုင်း တိုက်ခတ်နှုန်း (velocity)၊ ဓာတ်ဆောင်မှုန်သိပ်သည်းဆ (charged particle density) နှင့် တိုက်ခတ်သော အကြိမ်ရေတို့သည် sunspot activity ပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။ နေမုန်တိုင်းက သယ်ဆောင်လာသောစွမ်းအင် စုစုပေါင်းပမာဏသည် နေမုန်တိုင်းတိုက်ခတ်သောအကြိမ်ရေနှင့် ပြောင်းပြန် အချိုးကျသည်။ ဆိုလိုသည်မှာ နေမုန်တိုင်းငယ်များသည် နေမုန်တိုင်းကြီးများထက်ပိုမိုတိုက်ခတ်နိုင်သည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Soyuz TMA – 21 အာကာသယာဉ်အား ဧပြီလ ၅ ရက်နေ့တွင် လွှတ်တင်ရန် ရုရှားအာကာသ အေဂျင်စီ Roscosmos မှ အတည်ပြု

ရုရှားနိုင်ငံ ဖက်ဒရယ် အာကာသအေဂျင်စီဖြစ်သော Roscosmos သည် ဧပြီလ ၅ ရက်တွင် နိုင်ငံတကာ အာကာသစခန်းသို့ သွားရောက်မည့် Soyuz TMA – 21 အာကာသယာဉ်အား လွှတ်တင် မည်ဟု အတည်ပြု သတင်းထုတ်ပြန်လိုက်သည်။

မူလက အဆိုပါ အာကာသယာဉ်အား ကာဇက်စတန်နိုင်ငံ ဘိုင်ကိုနော ဒုံးပျံလွှတ်တင်ရေး စခန်းမှ မတ်လ ၃၀ ရက်တွင် လွှတ်တင်ရန် စီစဉ်ခဲ့သော်လည်း ဧပြီလ (၅) ရက် တနင်္လာနေ့သို့ ရွှေ့ဆိုင်းခဲ့ရသည်။ Soyuz အာကာသယာဉ်၏ ဆက်သွယ်ရေး စနစ်၌ တပ်ဆင်ထားသော capacitor တစ်ခု ချို့ယွင်းမှုကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

ဧပြီလ (၅) ရက် မော်စကို စံတော်ချိန် ၂ နာရီ ၁၈ မိနစ် (GMT စံတော်ချိန် ဧပြီလ (၄) ရက် ၂၃ နာရီ ၁၈ မိနစ်တွင် အာကာသယာဉ်အားလွှတ်တင်ရန် အတွက် ပြင်ဆင်မှုများ ဆက်လက်ပြုလုပ် သွားမည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်ဟု သောကြာနေ့ (မတ်လ ၁၂ ရက်) တွင် ပြုလုပ်သည့် Roscosmos ၏ ဘုတ်အဖွဲ့အစည်းအဝေးအပြီးတွင် ကြေငြာခဲ့သည်။ Soyuz TMA – 21 အာကာသယာဉ်သည် ရုရှားအာကာသယာဉ်မှုးများဖြစ်သော Alexander Samokutyayev ၊ Andrei Borisenko နှင့် NASA အာကာသယာဉ်မှုးဖြစ်သော Ronald Garan တို့ကို နိုင်ငံတကာ အာကာသစခန်း (International Space Station – ISS) သို့ ပို့ဆောင်ပေးမည် ဖြစ်သည်။

၎င်း အာကာသယာဉ်မှုးများသည် လက်ရှိ နိုင်ငံတကာ အာကာသစခန်းတွင် ရောက်ရှိနေသော ရုရှားအာကာသယာဉ်မှုး Dmitry Kondratyev ၊ ဥရောပအာကာသအေဂျင်စီမှ အာကာသယာဉ်မှုး Paolo Nespoli နှင့် NASA အာကာသယာဉ်မှုး Catherine Coleman တို့နှင့် ပူးပေါင်း၍ စူးစမ်း လေ့လာမှုများကို ဆက်လက်ပြုလုပ်မည် ဖြစ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

၂၀၁၁ ခုနှစ်အတွင်း တတိယမြောက်လွှတ်တင်မည့် Ariane 5 ဒုံးပျံအား Spaceport ၌ စတင် တပ်ဆင်

၂၀၁၁ခုနှစ်အတွင်း တတိယမြောက်လွှတ်တင်မည့် Ariane 5 ဒုံးပျံအား ပြင်သစ် ဂိုင်ယာနာ နိုင်ငံရှိ Spaceport ၌ ကနဦးတပ်ဆင်မှု ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါတပ်ဆင်မှုကို Spaceport ရှိဒုံးပျံတပ်ဆင်ခြင်းအဆောက်အဦး (Launcher Integration Building) ၌ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Ariane 5 လွှတ်တင်ရေးဒုံးပျံ၏ Upper Stage (ESC)နှင့် Vehicle equipment bay တို့အား unit တစ်ခုတည်းအဖြစ် တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့တပ်ဆင်ထားသော Ariane 5 လွှတ်တင်ရေးဒုံးပျံအား Spaceport ၌ပင်တည်ရှိသော နောက်ဆုံးတပ်ဆင်ခြင်း အဆောက်အဦး (Final Assembly Building) သို့ပို့ဆောင်မည်ဖြစ်ပြီး ယင်းအဆောက်အဦးတွင် Mission ၏ Payload များဖြစ်သော ST-2 ဂြိုဟ်တုနှင့် GSAT-8 ဂြိုဟ်တု နှစ်ခုတို့အား ဆက်လက်တပ်ဆင်ပေးမည် ဖြစ်သည်။

အဆိုပါ Final Assembly Building တွင် မတ်လ ၃၀ ရက်နေ့၌ Yahsat Y1A နှင့် Intelsat New Dawn ဂြိုဟ်တုတို့အား သယ်ဆောင်ပို့လွှတ်မည့် အခြား Ariane 5 လွှတ်တင်ရေးဒုံးပျံတစ်ခု လည်း တပ်ဆင်လျက်ရှိသည်။

နိုင်ငံတကာ payload များအား ပစ်လွှတ်မှုများပြားလာသည့် Ariane 5 လွှတ်တင်ရေးဒုံးပျံ၏ လွှတ်တင်မှုများကို အဆင်ပြေချောမွေ့စေရန် အတွက် Spaceport ၌ mission နှစ်ခုအား operation ပြိုင်တူလုပ်ဆောင်နိုင်ရန် ဒီဇိုင်းပြုလုပ်ထားသည်။

ST-1 ဂြိုဟ်တုနှင့် GSAT-8 ဂြိုဟ်တုတို့အား မေ ၃၀ ရက်၌ လွှတ်တင်ရန် စီစဉ်ထားပြီး Arianespace လွှတ်တင်ရေးကုမ္ပဏီ၏ ၂၀၁၁ ခုနှစ်အတွင်း ပြုလုပ်မည့် လွှတ်တင်မှု (၆) ခုထဲမှ တစ်ခုအပါအ၀င် ဖြစ်သည်။

ST-2 ဂြိုဟ်တုသည် Singapore Telecommunications Ltd (SingTel) နှင့် Chunghwa Telecom Company Ltd တို့ အကျိုးတူပူးပေါင်းတည်ထောင်ထားသော ST-2 Satellite Ventures Pte Ltd အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ GSAT-8 ဂြိုဟ်တုသည် အိန္ဒိယ အာကာသ သုတေသနအဖွဲ့(Indian Space Research Organization) က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...