အတ္တလန္တစ်လွန်းပျံယာဉ်ဖြင့် လိုက်ပါသွားသည့် အာကာသယာဉ်မှူးများသည် Hubbleအာကာသ မှန်ပြောင်းကြီးဆီသို့ အောင်မြင်စွာ ရောက်ရှိသွားပြီဖြစ်ကြောင်း NASAက ကြေညာလိုက်သည်။ အဖွဲ့ဝင်များအားလုံးသည် မေလ(၁၃)ရက်နေ့ GMTစံတော်ချိန် (၁၅း၀၀)နာရီက ရောက်ရှိခဲ့ပြီဖြစ်ပြီး (၁၆း၅၄)နာရီတွင် စက်ရုပ်လက်တံများ အသုံးပြုပြီး Hubbleကို ပြင်ဆင်မွမ်းမံမှုများ စတင်ပြုလုပ်နေပြီဟု NASAက ကြေညာသည်။
Hubble
(Hubble အာကာသမှန်ပြောင်း)
ထိုလုပ်ငန်း မပြီးမချင်း အာကာသ လွန်းပျံယာဉ်တွင် လိုက်ပါသွားမည့် နက္ခတ်ဗေဒ ပညာရှင်(၇)ဦးမှာ အလွန်အလုပ်များနေမည်ဖြစ်ကြောင်း NASAက ပြောကြားခဲ့သည်။ သက်တမ်း(၁၉)နှစ်ရှိပြီဖြစ်သော Hubbleမှန်ပြောင်းကြီးဆီ ရောက်ရှိသည်အထိ အတ္တလန္တစ်လွန်းပျံယာဉ်သည် ကမ္ဘာမြေအထက် မိုင်(၃၅၀)အထိ ပျံသန်းသွားခဲ့ရသည်။ Hubbleသို့ မရောက်မီ လမ်းခုလတ်တွင် အာကာသယာဉ်မှူး တစ်ဦးဖြစ်သည့် ကမ္ဘာမြေပေါ်ရှိ ပေးလုပ်ပင်လယ်ကွေ့ကို ဓာတ်ပုံရိုက်ပြီး ကမ္ဘာမြေသို့ ပြန်လည်ပေးပို့ခဲ့သည်။
Astro Mike
(အာကာသယာဉ်မှူးမိုက်နှင့် ၎င်း၏ Twitter သတင်းပေးပို့ချက်စာမျက်နှာ)
နက္ခတ်ဗေဒ ပညာရှင် မိုက်ကယ်မက်ဆီမီနိုသည် Twitterတွင် Astro-Mikeဟူသော အမည်ဖြင့် Accountတစ်ခု ဖွင့်ထားပြီး ထိုAccountသို့ ၎င်းတို့Mission၏ လုပ်ငန်းစဉ် အခြေအနေများကို ပေးပို့ဖော်ပြခဲ့သည်။ ၎င်းက မြေကမ္ဘာပေါ်ရှိ ထိန်းသိမ်းရေးစခန်းသို့ ပေးပို့သော သတင်းများကို ထိုစခန်းရှိ ၎င်း၏မိတ်ဆွေများက Twitterတွင် ပြန်လည်ဖော်ပြပေးရန် မက်ဆီမီနိုက ကြိုတင်စီစဉ်သွားခဲ့သည်။ NASAက အာကာသယာဉ်မှူး အဖွဲ့သည် ခရီးစဉ်တလျှောက်လုံးတွင် စိတ်လှုပ်ရှားဖွယ်ကောင်းသော ဓာတ်ပုံများကို ရိုက်ကူးပြီး ကမ္ဘာမြေသို့ ပြန်ပို့ပေးခဲ့ကြောင်း၊ ၎င်းတို့၏ လုပ်ငန်းစဉ်အားလုံး ချောချောမောမော ပြီးဆုံးမည်ဟု မျှော်လင့်ထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
Atlantis
(Atlantis အာကာသယာဉ်မှ ကမ္ဘာမြေအား ရိုက်ကူးထားသည့် ဓာတ်ပုံ)
အတ္တလန္တစ်ယာဉ်မှူးများ၏ ပေးပို့သော သတင်းအရ အာကာသမှန်ပြောင်းကြီး၏ ရှေ့ဘက်တစ်နေရာတွင် ထိခိုက်ပျက်စီးနေကြောင်း၊ ထိုနေရာသည် အာကာသမှန်ပြောင်းကြီးနှင့် ချိတ်ဆက်ထားသည့် တောင်ပံများအနီးတွင်ရှိကြောင်း သိရှိရသည်။ NASAက ယာဉ်မှူးများသည် လိုအပ်သောပြုပြင်မှုများ ပြုလုပ်ပြီး ကာကွယ်ရေးစနစ်များကိုလည်း အဆင့်မြှင့်ခဲ့မည်ဖြစ်ကြောင်း၊ ထို့နောက်တွင် ယာဉ်မှူး(၅)ဦးသည် အာကာသအတွင်း လမ်းလျှောက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မူလက ယခုMissionအတွက် အလွန်စိုးရိမ်ခဲ့သော်လည်း ယခုအခါ အခြေအနေကောင်းမွန်ပြီး စိတ်ချရဖွယ် အနေအထားရှိကြောင်းလည်း NASAက ပြောကြားသွားသည်။
Source: Planet
0 comments:
Post a Comment