skip to main |
skip to sidebar
မားစ်ဂြိုဟ် ပေါ်တွင် မကြာသေးမီ အချိန်ကထိ မြစ်ချောင်းများ စီးဆင်း နေခဲ့ကြောင်း ယူဆရသည့် ဓာတ်ပုံ မှတ်တမ်းများကို နာဆာက ရရှိခဲ့ ပြီးနောက် မားစ်ဂြိုဟ်တွင် သက်ရှိများ နေထိုင်ခဲ့ကြောင်း ကောက်ချက်များကို ပိုမို အားကောင်း လာစေခဲ့သည်။
ရေခဲမြစ်များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသည်ဟု ယူဆရသော မြစ် လမ်းကြောင်းများကို သက်သေအဖြစ် ခိုင်ခိုင်မာမာ တွေ့ရှိခဲ့ပြီဟု မားစ်ဂြိုဟ် လေ့လာရေး ပညာရှင်များက ဆိုသည်။
လွန်ခဲ့သော နှစ်ပေါင်း (၄.၆) ဘီလျံခန့်က နေအဖွဲ့ အစည်းအတွင်း၌ အတူစတင် ပေါ်ထွန်းလာသည်ဟု ယူဆရသော မားစ်ဂြိုဟ်တွင် ပြီးခဲ့သည့် နှစ်ပေါင်း (၁.၂၅) သန်းမှ စတင်ကာ မကြာမြင့်မီ အချိန်အထိ မြစ်ချောင်းများ ရှိနေခဲ့ပြီး ဖြစ်ကြောင်း သုတေသီများက မှတ်ချက် ချခဲ့သည်။
အမေရိကန် အာကာသ စခန်းရှိ မားစ်ဂြိုဟ် လေ့လာရေး အတွက် တပ်ဆင်ထားသော အလွန် အားကောင်းသည့် မှန်ပြောင်းများ မှတဆင့် ရရှိခဲ့သော ပုံရိပ်များတွင် ယခုကဲ့သို့ မြစ်ချောင်းများ ဖြတ်သန်း စီးဆင်းခဲ့သည့် အခြေအနေများကို ထောက်လှမ်း သိရှိလာခြင်းဟု နာဆာက အတည်ပြု ကြေငြာသွားသည်။
Source: People Media Voice

ကုမ္ပဏီများမှ အသုံးပြုလျက်ရှိသည့်ကားများ၊ အရောင်းကားများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများတွင်ရှိသောကားများသည် နေ့စဉ်နှင့်အမျှပြေးဆွဲမောင်းနှင်လျက်ရှိရာ၌ တနေ့တာသွားခဲ့သည့်ခရီးစဉ်များအား မှတ်တမ်းတင်နိုင်သည့် Fleet Management System အား ပိုမိုတွင်ကျယ်စွာအသုံးပြုလာနိုင်ကြောင်းသိရသည်။
“အရောင်းကားတွေ၊ သက်ဆိုင်ရာကုမ္ပဏီကားတွေဟာ တစ်နေ့တစ်နေ့ ဘယ်ကိုသွားခဲ့လဲ။ ဘယ်နှစ်မိုင်သွားခဲ့လဲ။ ဘယ်အချိန်က ဘယ်လမ်းပေါ်ရောက်ခဲ့လဲ။ ဘယ်အချိန်ကဘယ်ဆိုင်ကိုဝင်ခဲ့လဲဆိုတာတွေကို စနစ်တကျမှတ်တမ်းတင် ပို့အတွက် Fleet Management System ကိုအသုံးပြုလို့ရပါတယ်။ ဒီစနစ်ကိုအသုံးပြုတဲ့အတွက် ကားတွေဟာဘယ်နေရာမှာ၊ ဘယ်နေ့က ဘယ်ကိုသွားခဲ့တယ်ဆိုတဲ့ မှတ်တမ်းမှတ်ရာတွေရှိခဲ့လို့ရှိရင် သူတို့အတွက် ကုန်ကျတဲ့ဓါတ်ဆီဖိုးတွေ၊ သူတို့ခိုင်းလိုက်တဲ့အလုပ်တွေ၊ သူတို့သွားခဲ့တဲ့တန်ဖိုးတွေကို ကျွန်တော်တို့စနစ်တကျမှတ်တမ်းတင်ပြီး အကျိုးအမြတ်ကိုတွက်ယူလို့ရပါတယ်” ဟု Concordia မှ တာဝန်ရှိသူကိုညီညီမင်းမှပြောကြားခဲ့သည်။
“ဥပမာ-ရန်ကုန်မြို့ရွှေဂုံတိုင်မှာ ကားတစ်စီးဟာဖြတ်သွားခဲ့တယ်ဆိုပါဆို့။ ဖြတ်သွားတဲ့ကားဟာ ရုံးကိုပြန်ရောက်လာတဲ့အချိန် download ပြန်လုပ်ယူတဲ့အခါမှာ ကားဟာ ရွှေဂုံတိုင်မီးပွိုင့်ကို ဘယ်နေ့ဘယ်အချိန် ဘယ်နှစ်နာရီမှာ ဖြတ်သွားခဲ့တယ်ဆိုတာကို မှတ်တမ်းတင်လို့ရပါတယ်။ ဒီမှတ်တမ်းဟာလည်း အင်မတန်အရေးကြီးတဲ့ မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်စထွက်သွားတဲ့နေရာနဲ့ ပြန်ဝင်ရောက်တဲ့နေရာတွေကို မှတ်တမ်းတင်ပေးထားတဲ့အတွက် နောက်ပိုင်းမှာ အင်မတန်တွင်ကျယ်လာမယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်” ဟု ၎င်းထပ်မံပြောကြားခဲ့သည်။
အဆိုပါဆော့ဖ်ဝဲကို အသုံးပြုရန်အတွက် အသေးစား GPS တစ်လုံးအား ကားတွင်ပါဝင်သော စီးကရက် Lighter ထွက်လာသော Power ကြိုးနှင့် ချိတ်ဆက်အသုံးပြုရမည်ဖြစ်သည့်အတွက် ပါဝါစားသက်သာကြောင်းသိရသည်။
Source: Planet

ယမန်နေ့က အမေရိကန်နိုင်ငံ နီဗါးဒါး ပြည်နယ်၊ အိုင်ဗင်ပါ့ဟ် ရေကန်ကြီး အနီးတွင် ဗြိတိန်နိုင်ငံ ဟမ်းရှိုင်းယားမှ အင်ဂျင်နီယာ ရစ်ချတ်ဂျာဂင်သည် ငှက်စိမ်းလေးဟု အမည်ရ လေတိုက်နှုန်းဖြင့် မောင်နှင်သော စက်မဲ့
ရေပြင် မြေပြင်သွားယာဉ်မှာ ယခင် အမေရိကန်လူမျိုး ဘော့(တ်) ချူးမာချာ တင်ထားသော စံချိန်အား ချိုးလိုက်ပြီ ဖြစ်သည်။
၁၀နှစ်ကျော်ကြာ အချိန်ယူ တီထွင်ခဲ့သော ရစ်ချတ်ဂျာဂင်မှာ ယမန်နေ့က နီဗါဒါးသဲကန္တာရတွင် ၁နာရီတွင် ၁၂၆.၁မိုင်ဖြင့် စံချိန်ချိုးလိုက်ပြီး ယခင်စံချိန်မှာ ၁၉၉၉ခုနှစ်က အမေရိကန်နိုင်ငံမှ ဘော့(တ်) ချူးမာချာ သည် သံမဏိဘဲကလေး အမည်နှင့် ၁နာရီ ၁၁၆မိုင်နှုန်းဖြင့် တင်ထားခဲ့ခြင်း ဖြစ်သည်။
ဘီဘီစီ သတင်းဋ္ဌာနသို့ မစ္စတာဂျာဂင် ပြောကြားရာတွင် သိပ်ကို ကြီးကျယ်တဲ့ ဖန်တီးမှုပါ တိကျသေခြာဖို့ အတွက် အချိန်အများကြီး ပေးဆပ်ရတာပဲ ရှိပါတယ်၊ ကီလိုချိန် ၆၀၀ သာလေးတဲ့ ဒီယာဉ်ကို ကာဗွန်ဖိုင်ဘာ နဲ့ ပြုလုပ်ထားပြီး သတ္တုဆိုလို့ အတောင်ပံဟန်ချက် ထိမ်းတဲ့ နေရာမှာရယ် ဘီးမှာပဲ ပါဝင်ကာ ဘာ စက်ကရိယာ အင်ဂျင်မော်တာမှ မပါဝင်ဖူးလို့ ဖြေဆိုသွားခဲ့သည်။ နောက်ထပ် လေအားဖြင့် ရေခဲပြင်၊ ကုန်းတွင်ပိုင်းတို့တွင် အမြန်ဆုံး သွားလာနိုင်မည့် ယာဉ်များထပ်မံ တည်ထွင် နေဦးမည်ဟု ပြောဆိုသွားပါသည်။
Source: People Media Voice
မကြာသေးမီက နိုင်ငံအတွင်း ပန်းကန်ပြားပျံဟု ယူဆရသည့် အရာများကို တွေ့ရှိမှုအကြိမ်ရေ များလာပြီးနောက်ပိုင်း အခြားသော ဂြိုလ်ကမ္ဘာများမှ ကျူးကျော်တိုက်ခိုက်မှုများ ဖြစ်လာနိုင်ကြောင်း စိုးရိမ်မှုများအား ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက စိုးရိမ်စရာမရှိဟု ပြောကြားလိုက်သည်။ ဗြိတိန်လေတပ်မတော်မှ လေသူရဲများအပါအ၀င် ရာနှင့်ချီသော မျက်မြင်သက်သေများက နော်ဖော့ခ်တွင် ထူးဆန်းသော ပုံသဏ္ဍန်ရှိသည့် အရာများ ပျံဝဲနေသည်ကို တွေ့မြင်ခဲ့ရသော်လည်း ၀န်ကြီးဌာနက ထိုနေရာများသည် ဗြိတိန်၏ စစ်ရေးမဟာမိတ် အမေရိကန်နိုင်ငံ၏ B2 အသံတိတ် ဗုံးကြဲလေယာဉ်များ အစမ်းလေ့ကျင့် ပျံသန်းမှုများ ကြိမ်ဖန်များစွာ ပြုလုပ်နေသည့် ဒေသများဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

(B2 ဗုံးကြဲလေယာဉ်)
မျက်မြင်များအနေနှင့် အဆိုပါလေယာဉ်ကြီးများ၏ ပုံသဏ္ဍန်ကို ထင်ယောင်ထင်မှား ဖြစ်ကြခြင်းသာဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ ၀န်ကြီးဌာနက သူလျှိုထောက်လှမ်းရေး လုပ်ငန်းများကို စမ်းသပ်လေ့ကျင့်နေသည့် အမေရိကန်လေတပ်မတော်သည် ဗြိတိန်အစိုးရကို ကြိုတင်အကြောင်းမကြားဘဲ ပျံသန်းနေခဲ့ခြင်းကြောင့်ဟု ပြောဆိုခဲ့သည်။ ကာကွယ်ရေး ၀န်ကြီးဌာနသည် (၁၉၈၇)ခုနှစ်မှ (၁၉၉၃)ခုနှစ်အကြား ပန်းကန်ပြားပျံဖြစ်ရပ် (၁၂၀၀)ကျော်ကို လေ့လာဆန်းစစ်ထားသည့် မှတ်တမ်းများကို မကြာသေးမီက ပြည်သူများထံ ဖော်ထုတ်ပြသခဲ့သေးသည်။

(လူတစ်ဦးက အမှတ်မထင်ရိုက်ယူခဲ့သော ဓာတ်ပုံတွင်တွေ့ရသည့်
ကောင်းကင်ယံမှ ပန်းကန်ပြားပျံဟု ထင်ရသောအရာများ)
အမေရိကန်၏ အသံတိတ်စွမ်းရည်ရှိ ဗုံးကြဲလေယာဉ်နှင့် တိုက်လေယာဉ်များသည် အမေရိကန်လေတပ်၏ မဟာဗျူဟာအမြောက်ဆုံး တိုက်ခိုက်ရေးယန္တရားများဖြစ်ပြီး ၎င်းလေယာဉ်များ၏ တည်ဆောက်ပုံနှင့် ဖွဲ့စည်းထားသည့် ဓာတ်သတ္တုများကြောင့် ရေဒါဖြင့် ရှာမတွေ့နိုင်ချေ။ ယခုအခါ ရုရှားကလည်း အဆိုပါစွမ်းရည်ရှိ လေယာဉ်ကြီးများ ပုံစံထုတ် တည်ဆောက်နေပြီဟုသိရသည်။ ပန်းကန်ပြားပျံ ဖြစ်ရပ်ဆန်းများနှင့် ပတ်သတ်ပြီး ကောလဟာလအမျိုးမျိုး ထွက်ပေါ်နေသော်လည်း Auroraခေါ် သူလျိုလေယာဉ်ပျံများ စမ်းသပ်ပျံသန်းနေသည်ကို အမြင်မှားခဲ့မှုများလည်း ဖြစ်နိုင်ပါကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေငြာသွားသည်။
Source: Planet
သေးငယ်သော စိန်ပွင့်လေးများစွာကို တွေ့ရှိခဲ့ရမှုသည် လွန်ခဲ့သော နှစ်ပေါင်း(၁၃၀၀၀)ခန့်က ကမ္ဘာကို ကြယ်တံခွန်တစ်ခု ၀င်တိုက်မိခဲ့သည်ဆိုသော အယူအဆကို ပိုမိုခိုင်မာလာစေခဲ့ကြောင်း သိရှိရသည်။ သိပ္ပံပညာရှင်များသည် မြောက်အမေရိကသို့ ဦးတည်တိုက်မိခဲ့သည့် အဆိုပါဖြစ်စဉ်အတွင်း ထိုဒေသနေ လူသားမျိုးနွယ်များ၊ အမွေးရှည် မမ်မတ်သ်ဆင်ကြီးများကို ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားစေရုံမျှမက နှစ်ပေါင်း(၁၃၀၀)ခန့်မျှ သက်တမ်းကြာမြင့်ခဲ့သော ရေခဲခေတ်ကိုပါ အဆုံးသတ်သွားစေခဲ့ကြောင်း ယုံကြည်နေကြသည်။ အတိတ်သမိုင်း၏ ဖြစ်ရပ်ဆန်းများကို ခြေရာခံဖော်ထုတ်နေကြသော ပညာရှင်များအနက်မှ ဒေါက်ကလပ်စ်ကနက်ဆိုသူ ပညာရှင်တစ်ဦးက မြောက်အမေရိက မြေထု၏ နေရာအတော်များများတွင် အနုကြည့်မှန်ပြောင်းနှင့် ကြည့်ရှုမှသာ တွေ့ရှိနိုင်သော အလွန်သေးငယ်သည့် စိန်မှုန်ကလေးများ ပြန့်နှံ့နေမှုသည် ကြယ်တံခွန်နှင့် ကမ္ဘာမြေတို့ အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်မိချိန်တွင် ထွက်ပေါ်လာသော အင်အားပြင်းထန်လှသည့် အပူစွမ်းအားထုကြီးကြောင့် ကာဘွန်ဓာတ်ပြောင်းမှုများ ဖြစ်ပွားခဲ့သော အထောက်အထားများ ဖြစ်နိုင်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။

ကြီးမားသော တုန်ဟည်းမှုကြီးနှင့်အတူ မစ္စစ္စပီမြစ်အတွင်း ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် အထောက်အထားများကို ပညာရှင်များက တွေ့ရှိထားပြီး မာရေးစပရင်းစ်၊ အာရီဇိုးနားတို့တွင် အပူချိန် မြင့်မားမှုနှင့် ဖိအားသက်ရောက်မှု အလွန်များခြင်းတို့ကြောင့် စိန်အဖြစ် အသွင်ပြောင်းသွားသည့် ကာဘွန်ဒြပ်များစွာကို ပညာရှင်များ ဖော်ထုတ်လာနိုင်ခဲ့သည်။ ကြယ်တံခွန်နှင့်အတူ ပါလာခဲ့သော ဥက္ကာခဲများက ထိုဒေသရှိ နေရာအနှံ့အပြားတွင် မီးလောင်မိုးစက်များသဖွယ် ကျရောက်လောင်ကျွမ်းပြီး သက်ရှိသက်မဲ့ အရာများအားလုံးကို ပျက်စီးစေခဲ့ကြောင်း သုတေသနပညာရှင် ကနက်က ပြောဆိုခဲ့သည်။ ထိုကြယ်တံခွန် တိုက်ခိုက်မှုကြီးသည် လွန်ခဲ့သော နှစ်ပေါင်း(၆၅)သန်းက ဒိုင်နိုဆော သတ္တ၀ါကြီးများအား မျိုးသုဉ်းပျောက်ကွယ်သွားစေသည့် ကြယ်တံခွန်တိုက်ခိုက်မှုကြီးနောက် ဒုတိယအကြိမ် ကမ္ဘာသို့ ထိခိုက်ခဲ့သည့် အာကာသကပ်ဆိုးကြီးအဖြစ် ပညာရှင်များက ယူဆထားကြသည်။ ကောင်းကင်မှတဆင့် မီးလုံးကြီးများ အဆက်မပြတ် ကျဆင်းလာသည့် မြင်ကွင်းသည် စိတ်ကူးနှင့်ပင် ကြောက်စရာကောင်းကြောင်း သုတေသနပညာရှင် အလန်ဝက်စ်က ပြောဆိုခဲ့သည်။
ပူလောင်သော ဖြာထွက်စွမ်းအင်နှင့်အတူ လူနှင့်တိရစ္ဆာန်များ၊ အပင်များအားလုံး အရည်ပျော်ခဲ့သလို အပူငွေ့များနှင့် ရေလျံမှုများက ဆီးနှင်းများကို အရည်ပျော်စေခြင်းဖြင့် ရေခဲခေတ်ကို နိဋ္ဌိတံစေခဲ့ကြောင်း ပညာရှင်များက ရှင်းလင်းပြောဆိုခဲ့သည်။ ထိုဖြစ်စဉ်အတွင်း မမ်မတ်သ်နှင့် မာစတိုဒွန်ဆင်များ၊ ဓားကောက်အစွယ်ရှည် ကျားကြီးများ၊ အမေရိကန် လည်ရှည်ကုလားအုတ်များ၊ မျက်နှာတို ၀က်ကံများ၊ အမေရိကန်ခြင်္သေ့များ အပါအ၀င် နို့တိုက်သတ္တ၀ါ (၃၅)မျိုးခန့်ကို ကမ္ဘာမြေပေါ်မှ အပြီးတိုင် ပျောက်ကွယ်သွားစေခဲ့ကြောင်း အော်ရီဂွန်၊ ကယ်လီဖိုးနီးယား၊ မြောက်ပိုင်းအာရီဇိုးနား၊ အိုကလာဟိုးမားနှင့် ဒီပေါလ် တက္ကသိုလ်တို့မှ သုတေသန အဖွဲ့များက ကောက်ချက်ချခဲ့ကြသည်။ ၎င်းတို့၏ တွေ့ရှိချက်များကိ သိပ္ပံဂျာနယ် Natureတွင် ထည့်သွင်းဖော်ပြခဲ့ပြီး ယခုတွေ့ရှိမှုကြောင့် ခန့်မှန်းချေ လွန်ခဲ့သောနှစ်ပေါင်း (၁၂၉၀၀)ခန့်က ကမ္ဘာမြေသို့ ကြယ်တံခွန်တစ်ခု ၀င်တိုက်ခဲ့ကြောင်း ခိုင်ခိုင်မာမာ လက်ခံရတော့မည်ဟု ရေးသားထားသည်။ စိန်ပွင့်များတွေ့ရှိခဲ့သည့် ဒေသများအနက် အိုကလာဟိုးမား၊ မီချီဂန်၊ တောင်ပိုင်း ကာရိုလိုင်းနားနှင့် ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာ ခရိုင်တို့လည်း ပါရှိခဲ့ကြောင်း သတင်းရရှိသည်။
Source: Planet

နာ ဆာအဖွဲ့ကြီးက မားစ်ဂြိုဟ်သို့ ထောက်လှမ်း စေမည့် ခရီးစဉ် အား (၂၀၁၁) ခုနှစ်အထိ ရွှေ့ဆိုင်း ထားလိုက် သည်။ ဒီဇင်ဘာလ (၄) ရက်နေ့က အမေရိကန် ဒေါ်လာ သန်း(၄၀၀) ကုန်ကျမည့် အဆိုပါ အစီအစဉ် အား ရက်ရွှေ့ဆိုင်းကြောင်း နာဆာက ကြေငြာ သည်။ အားနည်းချက် (၁၀) ခုခန့်အား ရှာဖွေ တွေ့ရှိခဲ့ပြီး နောက် ယခု ဆုံးဖြတ်ချက် ကို ချမှတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရသည်။
နည်းပညာပိုင်း ဆိုင်ရာ ချွတ်ယွင်းချက် များ ကြီးကြီး မားမား တွေ့ရှိခဲ့ရပြီး ထို အခြေအနေ အား ပြင်ဆင် နိုင်ရေး အတွက် ဒေါ်လာ (၁.၆) ဘီလျံထိ တန်ဖိုး မြင့်တက် လာနိုင်ကြောင်း နာဆာ က ၀န်ခံ ခဲ့သည်။ အဓိက ဆိုးရွားနေသော အခြေအနေများ ကို မော်တာ နှင့် ဂီယာအုံ များ တွင် တွေ့ရှိခဲ့ပြီး မားစ်ဂြိုဟ် လေ့လာရေး ယာဉ်ငယ် အား ပြန်လည် လေ့လာရန် လိုအပ် လာပြီဟု နာဆာက ကောက်ချက် ချခဲ့ သည်။ စက်လက်တံများအား သဲများ ရယူရန် ထိန်းချုပ် နိုင်ရေးမှာလည်း စိတ် ကျေနပ် စရာ မရှိသေး ဟု ဆိုသည်။
ထိုအခြေအနေများသည် အလွယ်တကူ ပြင်ဆင် နိုင်ရန် မဖြစ်နိုင် ဟု သိရသည်။ ထို့ပြင် ဘက်ထရီ ဆဲလ်များ ကိုလည်း ယခု လက်ရှိ အခြေအနေ ထက် သက်တမ်း ရှည်ကြာ အောင် တီထွင် သွားမည် ဟု နာဆာ က အတည်ပြု သည်။ ဖီးနစ်ဂြိုဟ် ဆင်းယာဉ် အား အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ပြီးနောက် မားဂြိုဟ် လေ့လာရေး စီမံကိန်းများ အပေါ် နာဆာ အနေနှင့် ပိုမို အာရုံစိုက် လာပြီး မူလက ယခု ယာဉ်အား နောက်နှစ် အတွင်း လွှတ်တင် နိုင်ရန် ကြံစည် ထား သည်။
Source: People Media Voice
ဂြိုဟ် တုမှ ထောက်လှမ်းမှုများ အရ ကမ္ဘာ့ အကြီးမားဆုံး သံလိုက် စက်ကွင်း ကြီး ကို တွေ့ရှိ ခဲ့ကြောင်း သိရှိ ရသည်။ တွေ့ရှိ ဖူးသမျှ အနက် အကြီးမားဆုံး သော သံလိုက် စက်ကွင်းကြီး သည် နေမှ ဖြာထွက် ကျဆင်းလာသည့် ရောင်ခြည် တန်း များ ကို ကာကွယ် ပေးနေ သည်ဟု သုတေသန ပညာရှင် များက ပြောကြား ခဲ့ကြ သည်။
နာဆာပိုင် ဂြိုဟ်တုမှ အဆိုပါ သံလိုက်လှိုင်း များကို ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ထောက်လှမ်း တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ သံလိုက်စက်ကွင်းများအနက် စွမ်းအား အကြီးဆုံး သံလိုက်စက်ကွင်းကြီးမှာ ကမ္ဘာ့အတွင်းပိုင်းမှ စတင်ဖြာထွက်လာပြီး လေထု အတွင်းထိ ပြန့်နှံ့ ရောက်ရှိ နေကြောင်း နာဆာ က ကြေညာ ခဲ့သည်။ ထိုစက်ကွင်းကြီး ၏ အထူ သည် အနည်းဆုံး မိုင် (၄၀၀၀) ထိ ကျယ်ပြန့် နိုင်ကြောင်း သိရှိရသည်။
ထို့အပြင် သံလိုက် စက်ကွင်းကြီး သည် တဖြည်းဖြည်း ကြီးမား ကျယ်ပြန့် လာနေ ဆဲဖြစ် သည်ဟု လည်း နာဆာမှ ထုတ်ဖော် ကြေငြာ သွားသည်။ ထိုသို့သော သံလိုက် စက်ကွင်းများ သည် နေမှ ရောက်ရှိ လာသော မလိုလား အပ်သည့် ဘေးထွက် စွမ်းအင်များကို စစ် ယူသန့်စင်ပေးခြင်းဖြင့် ကမ္ဘာမြေ ကို အကျိုးပြု လေ့ရှိသည် ဟု သိရှိ ရသည်။
Source: People Media Voice