Powered by Blogger.
RSS

နာဆာအဖွဲ့၏ လူမပါသော အာကာသဒုံးပျံ အောင်မြင်စွာလွှတ်တင်


နာဆာအဖွဲ့၏ လူမပါသော အာကာသဒုံးပျံ အောင်မြင်စွာလွှတ်တင်

အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)က ကမ္ဘာနှင့်လကြား ပေါင်းကူးဆက်သွယ်ရေး ၀န်ဆောင်မှုသစ် တစ်ခုအား စမ်းသပ်ရန် ပထမဆုံး ခြေလှမ်းအဖြစ် လူမပါသော အာကာသ ဒုံးပျံတစ်စင်းကို အောင်မြင်စွာ လွှတ်တင်လိုက်သည်။ အရှည်မီတာ(၁၀၀)ရှိပြီး ကမ္ဘာပေါ်တွင် လက်ရှိအနေအထားအရ အရှည်ဆုံးအဖြစ် သတ်မှတ်နိုင်သော ယင်းဒုံးပျံကို ဖလော်ရီဒါရှိ ကိပ်ကာနေဗယ်လ် ပစ်စင်မှ အောက်တိုဘာ (၂၈)ရက်နေ့တွင် လွှတ်တင်လိုက်ခြင်းဖြစ်သည်။



လွန်းပျံယာဉ် ကောင်းကင်သို့ ထိုးတက်သွားသော မြင်ကွင်းကို မြင်တွေ့ခဲ့သူများက အဖြူရောင်သွယ်သွယ်လျလျရှိသော အာကာသယာဉ်သည် မီးခိုးများကိုမှုတ်ထုတ်ရင်း အပြာရောင်ကောင်းကင်ဆီ ပျံသန်းသွားကြောင်း ပြောကြားခဲ့ကြသည်။ NASAသည် ယင်းလွှတ်စင်တွင် (၁၉၈၁)ခုနှစ်က ပထမဆုံး အာကာသယာဉ်ကို လွှတ်တင်ရာ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက်ပိုင်း ယခုတစ်ကြိမ် ပထမဆုံး ပြန်လည်အသုံးပြုခြင်းဖြစ်သည်။ Ares 1-Xဟု အမည်ပေးထားသည့် ယင်းဒုံးပျံသည် အသံ၏မြန်နှုန်းထက် (၅)ဆနီးပါး ပိုမြန်သောအရှိန်ဖြင့် အောင်မြင်စွာ ပျံသန်းသွားကြောင်း NASAကဆိုသည်။ အစမ်းသဘောဖြင့် လူမပါဘဲ လွှတ်တင်လိုက်သော ယခုဒုံးပျံ စီမံကိန်းအတွက် NASAက ဒေါ်လာ(၄၄၅)သန်း ကျခံခဲ့ပြီး ယခင်ကသုံးစွဲနေကျ ဒုံးပျံပုံစံများကို စမ်းသပ်ပြောင်းလဲခဲ့သည်။



လက်ရှိသုံးစွဲနေသော အာကာသ လွန်းပျံယာဉ်များကို နိုင်ငံတကာ အာကာသစခန်းအား ပြုပြင်ရေးအတွက် နောက်ထပ်(၆)ကြိမ် လွှတ်တင်ပြီးလျင် လာမည့်နှစ်အတွင်း အနားပေးသွားရန် NASAက စီစဉ်ထားပြီး ကမ္ဘာမြေအထက် ကီလိုမီတာ (၃၆၀)အကွာရှိ နိုင်ငံတကာ အာကာသစခန်းသို့ နက္ခတ်ဗေဒ ပညာရှင်များအား ပို့ဆောင်ရန် ယခုပုံစံသည် အာကာသယာဉ်များကို အသုံးပြုသွားရန် စီမံကိန်း ရေးဆွဲထားသည်။ Ares 1-Xအား NASAနှင့် သဘောတူညီမှု ရယူကာ အကောင်အထည်ဖော်နေသည့် ဒေါ်လာ(၁.၈)ဘီလျံတန် Ares အာကာသဖွံ့ဖြိုးရေးစာချုပ်ဖြင့် Alliant Techsystems နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးက တည်ဆောက်ပေးခဲ့သည်။



ရွေ့လျားမှုဖိအား၊ တုန်ခါမှု၊ အပူချိန်၊ အမြန်နှုန်းတို့ကို တိကျစွာ တိုင်းတာနိုင်မည့် အာရုံခံကိရိယာ (၇၀၀)ကျော် တပ်ဆင်ထားသော ဒုံးပျံသည် ကမ္ဘာ့လေထုထဲ တိုးဝင်ရာတွင် ပိုမိုလုံခြုံစိတ်ချရသော ခိုင်မာမှု ရှိလာခဲ့သည်။ ဦးပိုင်းသည် လူလိုက်ပါရန် ရည်ရွယ်ထားသော ကိုယ်ထည်ထက် ပိုမိုသေးသွယ် ချွန်ထက်ပြီး ရှေ့ပိုင်းအား ကြက်သွန်ဥပုံစံ တည်ဆောက်ထားသည်။ NASAသည် နောက်ပိုင်းတွင် ယင်းဒုံးပျံများကို အာကာသအတွင်း ခရီးထွက်လိုသည့် သန်းကြွယ်သူဌေးများအတွက် Taxiအဖြစ်ပါ သုံးစွဲလာနိုင်ရန် မျှော်လင့်ထားသည်။ သို့သော်လည်း ယင်းအနာဂတ် မျှော်မှန်းချက်များအားလုံးသည် Ares 1-X၏ ခရီးစဉ်တွင် ထိခိုက်မှုနှင့် ပြဿနာများ လုံးဝမကြုံရေးအပေါ်တွင် မူတည်နေကြောင်း NASAက ထုတ်ဖော်ဝန်ခံထားသည်။


Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဟာဘယ် အာကာသ မှန်ပြောင်း ပြင်ဆင်ရေးခရီးစဉ် အကျိုးရှိ အောင်မြင်

alt

ဟာဘယ် အာကာသ မှန်ပြောင်းကြီးအား သွားရောက် ပြင်ဆင် ခဲ့သည့် ခရီးစဉ်သည် အာကာသ စူးစမ်း လေ့လာရေး မှန်ပြောင်း အသစ်ချပ်ချွတ် တစ်ခု လွှတ်တင် လိုက်သလို အကျိုး သက်ရောက်မှု ရှိခဲ့ကြောင်း နာဆာမှ ပညာရှင်များ က ပြောကြား ခဲ့ကြသည်။

သမိုင်း တလျှောက် အာကာသ ထဲသို့ အမြင့်ဆုံး ပျံသန်းပြီး ဟာဘယ် မှန်ပြောင်းကြီး အား သွားရောက် ပြုပြင် ခဲ့သည့် အတ္တလန္တစ် အာကာသ ယာဉ်မှူး (၇) ဦးအား နာဆာ အဖွဲ့ မှ အထူး ချီးကျူး မိကြောင်း နာဆာ၏ သိပ္ပံဆိုင်ရာ လုပ်ဆောင်မှု ဌာန အကြီးအကဲ အက်ဝီလာ က ဆိုသည်။

ယာဉ်မှူးများသည် အာကာသအတွင်း (၅) ကြိမ် လမ်းလျှောက်ရင်း ပြုပြင် ထိန်းသိမ်းမှုများ ကို ဆောင်ရွက် ပေးခဲ့ ခြင်းဖြင့် သက်တမ်း (၁၉) နှစ် ရှိပြီဖြစ်သော ဟာဘယ် အား အသစ်စက်စက် ကဲ့သို့ မွမ်းမံ နိုင်ခဲ့ကြောင်း ၀ီလာက ပြောကြား ခဲ့သည်။ အတ္တလန္တစ် အာကာသ ယာဉ် သည် မေလ (၂၄) ရက်နေ့က ကယ်လီဖိုးနီးယား တွင် အောင်မြင်စွာ ပြန်လည် ဆင်းသက် ခဲ့ပြီ ဖြစ်သည်။

အရာအားလုံး အဆင်ပြေစွာ ပြီးဆုံး သွားသဖြင့် ကျေနပ် မိကြောင်း ၀ီလာက ဆိုသည်။ ယခုအခါ ဟာဘယ်သည် အာကာသ လျှို့ဝှက်ချက်များ စူးစမ်းရှာဖွေခြင်း လုပ်ငန်းကို ပိုမို အရှိန်အဟုန် မြင့်မားစွာ ဖြင့် ဆောင်ရွက် နိုင်ပြီ ဖြစ်သည်။

ဟာဘယ် အား သွားရောက် ပြင်ဆင် ခဲ့သည့် အတ္တလန္တစ် လွန်းပျံ ယာဉ်အဖွဲ့ အား အမေရိကန် တိုက်လေယာဉ်မှူးဟောင်း စကော့အော်တမန် က ဦးဆောင် ခဲ့ပြီး မိုင် (၃၅၀) အမြင့်ထိ စကြာဝဠာထဲသို့ သွားရောက် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ နာဆာသည် မှန်ပြောင်းကြီး အား နောက်ထပ် မွမ်းမံမှုများ မပြုလုပ်ဘဲ နောက်ထပ် (၅) နှစ်မှ (၁၀) နှစ်အထိ ဆက်လက် အသုံးပြု နိုင်မည် ဟု ယူဆ ထားကြ သည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အန်ဒဲဗားလွန်းပျံယာဉ် စီမံကိန်းကိုရွှေ့ဆိုင်း

အန်ဒဲဗားအာကာသလွန်းပျံယာဉ် လွှတ်တင်မည့်အစီအစဉ်ရွှေ့ဆိုင်း
ဇွန်လ(၁၉)ရက်နေ့တွင် လွှတ်တင်ရန် ပြင်ဆင်ထားသော အန်ဒဲဗားလွန်းပျံယာဉ် စီမံကိန်းကို နာဆာက ဒုတိယအကြိမ် ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။ ထိုနေ့နံနက် အစောပိုင်းက လွန်းပျံယာဉ်၏ ဟိုက်ဒြိုဂျင်လှောင်ကန်မှ အန္တရာယ်ရှိစေနိုင်လောက်သည့် ဓာတ်ငွေ့ယိုစိမ့်မှုတစ်ခု ဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ပြီးနောက် ဒုံးပျံလွှတ်တင်မှုကို (၁)နာရီကြာ ရွှေ့ဆိုင်းထားရန် တာဝန်ရှိသူများက စီစဉ်ခဲ့သည်။ ထိုအတောအတွင်း သိုလှောင်ကန် ချွတ်ယွင်းမှုကို ပြန်လည်ပြုပြင် တပ်ဆင်ရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေသောကြောင့် လွှတ်တင်မည့် အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ ထိုနေရာရှိ ဟိုက်ဒြိုဂျင်ပိုက်လိုင်းများ ယိုစိမ့်နေမှုကို ဇွန်လ(၁၄)ရက်နေ့ကလည်း တစ်ကြိမ်တွေ့ရှိခဲ့သဖြင့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသေးသလို ဇွန်လ(၁၇)ရက်နေ့တွင် လွှတ်တင်ရန် စီစဉ်ထားမှုကို ရွှေ့ဆိုင်းခဲ့ရသေးသည်။ ထိုကိစ္စအား စိတ်ကျေနပ်သည်အထိ ပြင်ဆင်နိုင်ရန် လွန်းပျံယာဉ် လွှတ်တင်မည့် အစီအစဉ်အား ဇူလိုင်လအထိ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း နာဆာက အတည်ပြုခဲ့သည်။ အန်ဒဲဗား လွန်းပျံယာဉ်တွင် အလားတူ ပြဿနာမျိုး လွန်ခဲ့သည့်(၃)လကလည်း ဖြစ်ပွားခဲ့ဖူးသေးသည်။ “ကျွန်တော်တို့ ပြဿနာရဲ့အစကို ခြေရာခံပြီး ရှာနေပါတယ်။ ဒီကိစ္စကို သေချာပြင်နိုင်မယ်ဆိုတာလည်း သေချာပါတယ်”ဟု လွန်းပျံယာဉ်လွှတ်တင်ရေး လက်ထောက်မန်နေဂျာ လီရွိုင်းကိန်းက ပြောကြားခဲ့သည်။ “ဘေးအကင်းဆုံး အနေအထားနဲ့ မြန်နိုင်သမျှမြန်မြန် လွှတ်တင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။ မတ်လအတွင်းကလည်း တစ်ကြိမ်ကြုံခဲ့ဖူးသည့် အဆိုပါ ပြဿနာအတွက် အင်ဂျင်နီယာများအနေနှင့် အဖြေမရှာနိုင်ခဲ့ကြောင်း သိရသည်။ လွန်းပျံယာဉ် လွှတ်တင်ရေး ပညာရှင်များသည် လွှတ်တင်မည့်နေ့ မတိုင်ခင် တစ်ရက်က မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နေမှုကြောင့် ဟိုက်ဒြိုဂျင် ဖြည့်တင်းမှုကို (၃)နာရီကြာ ရွှေ့ဆိုင်းခဲ့ရကြောင်း ပြောကြားခဲ့သေးသည်။ လွှတ်တင်ခါနီးတွင် ဓာတ်ငွေ့ယိုစိမ့်မှု ပေါ်ပေါက်နေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် လွန်းပျံယာဉ်နှင့် လိုက်ပါမည့် နက္ခတ်ဗေဒပညာရှင် (၇)ဦးလုံးကို ဟူစတန်ရှိ ဂျွန်ဆန် အာကာသ လေ့လာရေးစခန်းသို့ ပြန်လည်ပို့ဆောင်ပေးလိုက်ရကြောင်း သတင်းရရှိသည်။


Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နာဆာ ၏ အန္တရာယ်အများဆုံး အာကာသ ခရီးစဉ်

alt

ဟာဘယ် နက္ခတ်ကြည့် မှန်ပြောင်းကြီးအား ပြုပြင်ရေး အတွက် စေလွှတ်လိုက်သော အတ္တလန်တိတ် လွန်းပျံယာဉ် ခရီးစဉ်သည် အလွန် အန္တရာယ်များသည့် ခရီးစဉ် တခု ဖြစ်ခဲ့ရကြောင်း နာဆာ အဖွဲ့ကြီးက ၀န်ခံ လိုက်သည်။

မေလ(၁၁) ရက်နေ့က အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာ ပျံသန်း ထွက်ခွာသွားသည့် အတ္တလန်တိတ် လွန်းပျံ ယာဉ်တွင် အမေရိကန် ရေတပ်မှ လေယာဉ်မှူးဟောင်း စကော့ဒ် အော်လ်မန်က ဦးဆောင်သွားပြီး စုစုပေါင်း အဖွဲ့ဝင် (၇)ဦး လိုက်ပါ သွားခဲ့သည်။

အဆိုပါ ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ဟာဘယ် မှန်ပြောင်းကြီးကို (၅) ကြိမ်မြောက် ပြုပြင်ရန် အတွက်ဖြစ်ပြီး မြေမျက်နှာပြင် အထက် မိုင်ပေါင်း (၃၅၀) တွင် ပြင်ဆင်မှုများ ပြုလုပ် ရမည်ဖြစ်သည်။ ယခင်က မည်သည့် လွန်းပျံယာဉ်မျှ ကမ္ဘာမြေအထက် မိုင် (၂၅၀) အထက်သို့ မတက်ခဲ့ဖူးသောကြောင့် ယခုလုပ်ငန်းသည် အလွန် အန္တရာယ်ကြီးမားသည့် အခြေအနေတွင် ရှိကြောင်း နာဆာကဆိုသည်။

အတ္တလန်တိတ် လွန်းပျံယာဉ် တစုံတရာ အဆင်မပြေခဲ့ပါက ထပ်မံ လွှတ်တင်ရန် အန်ဒယ်ဗား လွန်းပျံယာဉ်ကိုလည်း အဆင်သင့် ပြင်ထားသော်လည်း လွှတ်တင်စဉ်တွင် မပြောပလောက်သော ထိခိုက်ပျက်စီးမှု အနည်းငယ် ရှိခဲ့သည်ဟု နာဆာက ထုတ်ဖေါ် ဝန်ခံလိုက်သည်။

သက်တမ်း (၁၉) နှစ် ရှိပြီဖြစ်သည့် ဟာဘယ် မှန်ပြောင်းကြီးသည် ကမ္ဘာကို ပတ်လမ်းအတိုင်း အကြိမ်ပေါင်း (၉၇၀၀၀) ကျော် ပတ်ခဲ့ပြီး ဓာတ်ပုံပေါင်း (၆)သိန်းကျော်မျှ ရိုက်ကူး ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဟာဘယ် အာကာသ မှန်ပြောင်း ပြင်ဆင်မှု လုပ်ငန်းပြီးဆုံး

alt

ဟာဘယ် အာကာသ မှန်ပြောင်းကြီးကို အာကာသ အတွင်း အပြင်ထွက်၍ ပြုပြင်နေသည့် နက္ခတ်ဗေဒ ပညာရှင်များ၏ လုပ်ငန်းအားလုံး ပြီးဆုံး သွားပြီ ဖြစ်ကြောင်း သိရှိရသည်။

မေလ (၁၈) ရက်နေ့က မှန်ပြောင်းကြီးအား ပြန်လည် ပြင်ဆင်မှု လုပ်ငန်းအားလုံး ပြီးစီး သွားပြီ ဖြစ်ကြောင်း နာဆာက ထုတ်ပြန် ကြေညာလိုက်ပြီး အတ္တလန္တစ် လွန်းပျံယာဉ်မှ အာကာသ သူရဲကောင်းများသည် လူသားတို့၏ စွန့်စားမှုသမိုင်းတွင် အကြီးမားဆုံး မှတ်တိုင် တခုကို စိုက်ထူ လိုက်ခြင်းဟု ချီးကျူး ပြောကြားလိုက်သည်။

ယခုအခါ သက်တမ်း ၁၉နှစ်ရှိသော မှန်ပြောင်းကြီးသည် အာကာသ၏ လျှို့ဝှက်ချက်များကို ယခင်ကထက် ပိုမိုပြောင်မြောက်စွာ ဖော်ထုတ် နိုင်တော့မည်ဖြစ်သည်။ ထို မှန်ပြောင်းကြီးအား ပြင်ဆင်ခြင်းနှင့် ပိုမို ကောင်းမွန်အောင် အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများကို (၅)ရက် မျှကြာအောင် ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ယခုအခါ ဟာဘယ် မှန်ပြောင်းကြီး၏ ကြံ့ခိုင်မှု အနေအထားသည် အကောင်းဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ပြီး နောက်ထပ်(၅)နှစ်မှ (၁၀)နှစ် အတွင်း ပြင်ဆင်မှုများ ထပ်မံပြုလုပ်ရန် မလိုအပ်သော အနေအထားထိ ရောက်ရှိလာပြီဟု နာဆာက ထုတ်ဖော် ကြေညာသွားသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နာဆာနှင့် အပြိုင် ဥရောပ အာကာသ အေဂျင်စီမှ နက္ခတ္တဗေဒမှန်ပြောင်း လွှတ်တင်

alt

နာဆာ နှင့် အပြိုင် အာကာသ လေ့လာရေး လုပ်ငန်းများ ကို အရှိန်မြှင့်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ဥရောပ အာကာသ အေဂျင်စီ က ကြီးမားသော နက္ခတ္တဗေဒ လေ့လာရေး မှန်ပြောင်းကြီး တခုကို အာကာသ အတွင်း လွှတ်တင် လိုက်ပြီ ဖြစ်သည်။

မေလ (၁၄) ရက် နေ့က ဟာချယ် အာကာသ မှန်ပြောင်းကြီး တင်ဆောင် သွားသည့် Arian 5 လွန်းပျံယာဉ် ကို ပြင်သစ် ဂွီအာနာ မှ လွှတ်တင် လိုက်ခြင်း ဖြစ်သည်။ ထို အာကာမှန် ပြောင်းကြီး လွှတ်တင် ရခြင်းမှာ အာကာသ ၏ ဖြစ်တည်မှု မူလ အစ ကို လေ့လာ နိုင်ရန် ဖြစ်ကြောင်း ပြင်သစ် နိုင်ငံ ဂြိုဟ်တု လွှတ်တင်ရေး ဌာန Arianespace မှ CEO ဖြစ်သူ ဂျင်းယက်လီဂေါ က ပြောကြား ခဲ့သည်။

ဟာချယ် မှန်ပြောင်းကြီး သည် နာဆာ မှ လွှတ်တင် ထားသည့် နာမည်ကျော် ဟာဘယ် မှန်ပြောင်း ကဲ့သို့ပင် အာကာသ ၏ လျှို့ဝှက်ချက်များ ကို ရှာဖွေဖော် ထုတ်ပေးနိုင်မည် ဟု ဥရောပ အာကာသ အေဂျင်စီ က ယုံကြည် ထားသည်။

ဟာချယ်သည် လွှတ်တင် ခဲ့သမျှ မှန်ပြောင်းများ အနက် အကြီးမားဆုံး ဖြစ်ပြီး ဂြိုဟ်များ မည်ကဲ့သို့ စတင်ဖွဲ့စည်း ပေါ်ပေါက် လာသည် ဆိုသော လျှို့ဝှက်ချက်များ ကို ဖော်ထုတ် နိုင်မည်ဟု ဥရောပ အာကာသပညာရှင်များ က မျှော်လင့် ထားသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အတ္တလန္တစ်အကာသာယာဉ်မှူးများ Hubbleမှန်ပြောင်းဆီသို့ အောင်မြင်စွာရောက်ရှိ

http://www.planet.com.mm/news/newsimg/May09/atlantis2002.jpg

အတ္တလန္တစ်လွန်းပျံယာဉ်ဖြင့် လိုက်ပါသွားသည့် အာကာသယာဉ်မှူးများသည် Hubbleအာကာသ မှန်ပြောင်းကြီးဆီသို့ အောင်မြင်စွာ ရောက်ရှိသွားပြီဖြစ်ကြောင်း NASAက ကြေညာလိုက်သည်။ အဖွဲ့ဝင်များအားလုံးသည် မေလ(၁၃)ရက်နေ့ GMTစံတော်ချိန် (၁၅း၀၀)နာရီက ရောက်ရှိခဲ့ပြီဖြစ်ပြီး (၁၆း၅၄)နာရီတွင် စက်ရုပ်လက်တံများ အသုံးပြုပြီး Hubbleကို ပြင်ဆင်မွမ်းမံမှုများ စတင်ပြုလုပ်နေပြီဟု NASAက ကြေညာသည်။

Hubble

Hubble
(Hubble အာကာသမှန်ပြောင်း)

ထိုလုပ်ငန်း မပြီးမချင်း အာကာသ လွန်းပျံယာဉ်တွင် လိုက်ပါသွားမည့် နက္ခတ်ဗေဒ ပညာရှင်(၇)ဦးမှာ အလွန်အလုပ်များနေမည်ဖြစ်ကြောင်း NASAက ပြောကြားခဲ့သည်။ သက်တမ်း(၁၉)နှစ်ရှိပြီဖြစ်သော Hubbleမှန်ပြောင်းကြီးဆီ ရောက်ရှိသည်အထိ အတ္တလန္တစ်လွန်းပျံယာဉ်သည် ကမ္ဘာမြေအထက် မိုင်(၃၅၀)အထိ ပျံသန်းသွားခဲ့ရသည်။ Hubbleသို့ မရောက်မီ လမ်းခုလတ်တွင် အာကာသယာဉ်မှူး တစ်ဦးဖြစ်သည့် ကမ္ဘာမြေပေါ်ရှိ ပေးလုပ်ပင်လယ်ကွေ့ကို ဓာတ်ပုံရိုက်ပြီး ကမ္ဘာမြေသို့ ပြန်လည်ပေးပို့ခဲ့သည်။

Astro Mike

Astro Mike
(အာကာသယာဉ်မှူးမိုက်နှင့် ၎င်း၏ Twitter သတင်းပေးပို့ချက်စာမျက်နှာ)

နက္ခတ်ဗေဒ ပညာရှင် မိုက်ကယ်မက်ဆီမီနိုသည် Twitterတွင် Astro-Mikeဟူသော အမည်ဖြင့် Accountတစ်ခု ဖွင့်ထားပြီး ထိုAccountသို့ ၎င်းတို့Mission၏ လုပ်ငန်းစဉ် အခြေအနေများကို ပေးပို့ဖော်ပြခဲ့သည်။ ၎င်းက မြေကမ္ဘာပေါ်ရှိ ထိန်းသိမ်းရေးစခန်းသို့ ပေးပို့သော သတင်းများကို ထိုစခန်းရှိ ၎င်း၏မိတ်ဆွေများက Twitterတွင် ပြန်လည်ဖော်ပြပေးရန် မက်ဆီမီနိုက ကြိုတင်စီစဉ်သွားခဲ့သည်။ NASAက အာကာသယာဉ်မှူး အဖွဲ့သည် ခရီးစဉ်တလျှောက်လုံးတွင် စိတ်လှုပ်ရှားဖွယ်ကောင်းသော ဓာတ်ပုံများကို ရိုက်ကူးပြီး ကမ္ဘာမြေသို့ ပြန်ပို့ပေးခဲ့ကြောင်း၊ ၎င်းတို့၏ လုပ်ငန်းစဉ်အားလုံး ချောချောမောမော ပြီးဆုံးမည်ဟု မျှော်လင့်ထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Atlantis

Atlantis

(Atlantis အာကာသယာဉ်မှ ကမ္ဘာမြေအား ရိုက်ကူးထားသည့် ဓာတ်ပုံ)

အတ္တလန္တစ်ယာဉ်မှူးများ၏ ပေးပို့သော သတင်းအရ အာကာသမှန်ပြောင်းကြီး၏ ရှေ့ဘက်တစ်နေရာတွင် ထိခိုက်ပျက်စီးနေကြောင်း၊ ထိုနေရာသည် အာကာသမှန်ပြောင်းကြီးနှင့် ချိတ်ဆက်ထားသည့် တောင်ပံများအနီးတွင်ရှိကြောင်း သိရှိရသည်။ NASAက ယာဉ်မှူးများသည် လိုအပ်သောပြုပြင်မှုများ ပြုလုပ်ပြီး ကာကွယ်ရေးစနစ်များကိုလည်း အဆင့်မြှင့်ခဲ့မည်ဖြစ်ကြောင်း၊ ထို့နောက်တွင် ယာဉ်မှူး(၅)ဦးသည် အာကာသအတွင်း လမ်းလျှောက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မူလက ယခုMissionအတွက် အလွန်စိုးရိမ်ခဲ့သော်လည်း ယခုအခါ အခြေအနေကောင်းမွန်ပြီး စိတ်ချရဖွယ် အနေအထားရှိကြောင်းလည်း NASAက ပြောကြားသွားသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...