Powered by Blogger.
RSS

'ကန်'စစ်တပ်မှာ ရေဒါလွတ်ရဟတ်ယာဉ် ရှိနေပြီလား



အိုစမာဘင်လာဒင်အား သတ်ဖြတ်မှု စစ်ဆင်ရေးအတွင်း အမေရိကန် အထူး ရေတပ် (SEAL)အသုံးပြုသည့် ရဟတ် ယာဉ်သည် ၎င်းတို့ပိုင် ဆိုင်သော အများ သိ ရဟတ်ယာဉ်မျိုးနှင့် မတူကြောင်း ကျွမ်းကျင် သူများက ပြောဆိုလိုက်သဖြင့် ရေဒါဖမ်းမမိသည့် ရဟတ်ယာဉ် ကောလာဟလများ ထွက်ပေါ်လာသည်။ စစ်ဘက်ဆိုင်ရာ လေကြောင်း ကျွမ်း ကျင်သူများက အိုစမာဘင်လာဒင်အား အောင်မြင်စွာ သုတ်သင် နိုင်ခဲ့ခြင်း၏ တစ်စိတ်တစ်ပိုင်းသည် လူမသိသေး သော ရေဒါလွတ် ရဟတ်ယာဉ်များ ကြောင့်လည်းဖြစ်သည်ဟု ခန့်မှန်းနေ ကြသည်။ ယင်းရဟတ်ယာဉ်တစ်စင်း သည် ပျက်စီးသွားခဲ့ကာ ပါကစ္စတန် တွင် ကျန်ရစ်ခဲ့သည်။ ဘင်လာဒင်၏နေအိမ်ဝင်းအတွင်း ပျက်ကျခဲ့သည့်
ရဟတ်ယာဉ်အား အမေရိကန်တပ်ကဖျက်ဆီးပစ်ခဲ့သော်လည်းရဟတ် ယာဉ်အမြီးပိုင်းသည် အုတ်နံရံ၏ အခြားတစ်ဖက်တွင် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

ကျန်ရှိနေသော အမြီးပိုင်းပုံများအားကြည့်ရှုကာ လေကြောင်းကျွမ်းကျင် သူများက ရဟတ်ယာဉ်သည် ဘလက်ခ်ဟော့ခ် ရဟတ်ယာဉ်အမျိုးအစားနှင့်ရေဒါလွတ် တိုက်လေယာဉ်နှစ်မျိုးရောနေသည့် အမှတ် လက္ခဏာများကို တွေ့ရှိရသည်ဟုဆိုသည်။

အမေရိကန်စစ်တပ်တွင် ရေဒါလွတ် ရဟတ်ယာဉ်အမျိုးအစား ရှိသည်ဟုအများက သိရှိမထားသော်လည်း ပါကစ္စတန်နိုင်ငံ အဘိုတာ ဘတ်မြို့ရှိ ဘင်လာဒင်၏ အိမ်ဝင်းရှိရာသို့ ရေဒါများ တွင် မဖမ်းမိစေဘဲ အမေရိကန်စစ်သား များအား ဆောင်ကြဉ်းခဲ့သည့် ရဟတ် ယာဉ်များမှာမူ ရေဒါလွတ်ရဟတ်ယာဉ် အမျိုးအစားလက္ခဏာများ ရှိနေသည်။

"ဒါ တွေ့နေကျ ဘလက်ခ်ဟော့ခ် မျိုးမဟုတ်ဘူး။ ဒီရဟတ်ယာဉ်က အက်ဖ်-၁၁၇ ရေဒါလွတ် တိုက်လေ ယာဉ်တွေမှာတွေ့ရတဲ့ ထောင့်ချိုးတွေ အနားစောင်းတွေ ပါနေတယ်" ဟု အငြိမ်းစား အထူးစစ်ဆင်ရေးလေယာဉ် မှူးတစ်ဦးကပြောသည်။

ရေဒါလွတ်ရဟတ်ယာဉ်နှင့် ရေဒါ လွတ်တိုက်လေယာဉ်တို့သည် တူညီမှု များ ရှိလင့်ကစား ဦးတည်ချက်မတူညီ သည့် ဒီဇိုင်းများရှိ သည်။ ရေဒါလွတ် လေယာဉ်သည် ရေဒါတွင် ဖမ်းမမိစေ ရန်ရည်ရွယ်ပြီး ရေဒါလွတ်ရဟတ် ယာဉ်မှာ အသံတိတ်ဆိတ်ရန် ဦးတည် ထားသည်။ ရဟတ်ယာဉ်များသည် ရေဒါ၏အောက်မှ ပျံသန်းနိုင်သည့်စွမ်းရည်ရှိထားပြီးဖြစ်ကာ ၎င်းတို့တွင်လှုပ်ရှားနေသည့် အစိတ် အပိုင်းများများစွာပါရှိသည့်အတွက် ရေဒါတွင်ဖမ်းမမိစေရေးမှာ များစွာခက်ခဲလှသည်။

ကျင့်သားမရသည့် နားများအတွက် ရေဒါလွတ်ရဟတ်ယာဉ်သံသည် အမေရိကန်ဒေါ်လာသန်း ၁၅၀ တန်စစ်ရဟတ်ယာဉ်တစ်စင်း ဆိုခြင်းထက်သာမန်မြက်ရိတ်စက်သံနှင့် ပိုတူလေသည်။ အမေရိကန်စစ်တပ်၏ နောက်ဆုံးသိရသော ရေဒါလွတ်ရဟတ်ယာဉ်
စီမံကိန်း RAH-66 Comanche သည် မည်သည့်စစ်ဆင်ရေးမျှ မလုပ်မီ ၂၀၀၄ ခုနှစ်အတွင်း ဖျက်သိမ်းခဲ့သည်။ ဖျက် သိမ်းခဲ့စဉ်က ဒေါ်လာ ခုနစ်ဘီလျံနီးပါး သုံးစွဲခဲ့သည့် ယင်းအစီအစဉ်သည် အနာဂတ် ရေဒါလွတ်ယာဉ်များတွင် ဆက်လက်အသုံးချသွားမည်ဟု စစ်ဘက်ဆိုင်ရာ အရာရှိများကပြောသည်။

ပျက်စီးသွားသည့် ရဟတ်ယာဉ်နှင့် စပ်လျဉ်း၍ ပင်တဂွန်သည် ရေငုံနှုတ် ပိတ်ရှိနေပြီး စီအိုင်အေဒါရိုက်တာ လီယွန်ပနက်နာက ဘင်လာဒင်စစ်ဆင် ရေးတွင် ဘလက်ခ်ဟော့ခ် ရဟတ်ယာဉ်များကို သုံးစွဲခဲ့သည်ဟုသာဆိုသည်။ ပါကစ္စတန်အရာရှိများက ရဟတ် ယာဉ်ပျက် အပိုင်းအစများအား ကုန်တင်ကားများပေါ်တင်ဆောင်ကာ မိုးကာများ ဖုံးအုပ်လျက် သယ်ဆောင်သွား ကြသည်။ ပါကစ္စတန်သည် တရုတ်နိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေးရှိနေ သဖြင့် အမေရိကန်တို့ဘက်မှ ရဟတ် ယာဉ်အပျက်များ မည်သို့အဆုံးသတ် မည်ဆိုသည့်ကိစ္စအား စိုးရိမ်မကင်းဖြစ် သွားရသည်။

Source: Myanmar Times

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသအတွင်း လူသား စတင်ရောက်ရှိမှု နှစ် ၅၀ ပြည့်


w62817

၁၉၆၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က ဗော့စတော့-၁ အာကာသယာဉ်ဖြင့် ဆိုဗီယက် အာကာသယာဉ်မှူး ယူရီဂါဂါရင် ကမ္ဘာပတ်လမ်းကြောင်းအတွင်း ရောက်ရှိမှုမှ စတင်ခဲ့သော အာကာသတွင်း လူသားရောက်ရှိမှုမှာ ယခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် နှစ် ၅၀ ပြည့်ခဲ့ပြီ ဖြစ်သည်။

စစ်အေးခေတ် ပြိုင်ဘက်များ ဖြစ်သော အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စု တို့၏ ယှဉ်ပြိုင်မှုများအနက်မှ တစ်ခုဖြစ်ခဲ့သော အာကာသပြိုင်ပွဲတွင် ဆိုဗီယက်က စတင် ဦးဆောင်နိုင်မှုအဖြစ် အာကာသတွင်း လူစေလွှတ်နိုင်ခဲ့သည်။ ဂါဂါရင်၏ ခရီးစဉ်သည် အမျိုးသားရေး ယှဉ်ပြိုင်မှုထက် လူသားမျိုးနွယ် တစ်ခုလုံး၏ ခြေလှမ်းသစ် တစ်ရပ်အဖြစ် နောက်ပိုင်းတွင် မှတ်ယူခံခဲ့ရသည်။ ၁၀၈ မိနစ်ကြာ ခရီးစဉ်ကို အဆုံးသတ် နိုင်ခဲ့ပြီးနောက် ဂါဂါရင် ပြောကြားခဲ့သော ''ကျွန်တော်ကမ္ဘာ ကို မြင်ရတယ်။ အရမ်းလှတာပဲ'' ဆိုသောစကားမှာ ကမ္ဘာကျော်ခဲ့သည်။

''စစ်အေးခေတ်ရဲ့ မမျှော်လင့်ဘဲ ရတဲ့အကျိုးရလဒ် တစ်ခုကတော့ ဘယ်ဟာရဲ့ အလယ်မှာမှ မရှိတဲ့ သိမ်မွေ့နူးညံ့တဲ့ ကမ္ဘာအကြောင်းကို နားလည်ခွင့် ရခဲ့ခြင်းပါပဲ။ အဲဒီကာလတုန်းက ဂါဂါရင်ဟာ ကမ္ဘာတစ်ခုလုံးနဲ့ဆိုင်တဲ့ သူရဲကောင်း ဖြစ်ခဲ့ပါတယ်။ သူ့ခြေရာနင်းခဲ့ကြတဲ့ အာကာသယာဉ်မှူးတွေ ကိုယ်တိုင်လည်း သင်ယူတွေ့ရှိခဲ့တာက အလွန်ပါးလွှာတဲ့ လေထု ဖုံးလွှမ်းထားတဲ့ နိုင်ငံရေး နယ်ခြားမျဉ်းတွေ မရှိတဲ့ တစ်ခုတည်းသော ကမ္ဘာဆိုတာပါပဲ''ဟု ၀ါရှင်တန်ရှိ စမစ်ဆိုနီယမ် အမျိုးသားလေကြောင်းနှင့် အာကာသပြတိုက် အပြည်ပြည်ဆိုင်ရာ အာကာသ အစီအစဉ်ဆိုင်ရာ ပြတိုက်မှူး ကက်သလင်းလီးဝစ်က သုံးသပ်သည်။

ပြိုင်ဘက် ဆိုဗီယက်၏ ခြေတစ်လှမ်းဦးခြင်း ခံခဲ့ရသော အမေရိကန်သည် ၁၉၆၁ မေလ ၅ ရက်နေ့တွင် ပထမဆုံး အာကာသယာဉ်မှူး အလန်ရှက်ပတ်ကို ပတ်လမ်းတစ်ပိုင်း ပျံသန်းမှုအတွက် စတင် စေလွှတ်နိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်မှ အာကာသယာဉ်မှူး ဂျွန်ဂလင်းက ကမ္ဘာပတ်လမ်းကို တစ်ပတ်ပြည့်အောင် ပတ်နိုင်သည့် ပထမဆုံး အမေရိကန်နိုင်ငံသား ဖြစ်လာခဲ့သည်။

၁၉၆၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင်မူ နီးလ်အမ်းစထရောင်း သည် လပေါ် ပထမဆုံး ခြေချနိုင်ခဲ့ပြီး အာကာသပြိုင်ပွဲတွင် အမေရိကန် ပြန်လည် ဦးဆောင်နိုင်ခဲ့သည်။ ဂါဂါရင်၏ ခရီးစဉ်ကဲ့သို့ပင် အမ်းစထရောင်း ၏ အပိုလို-၁၁ ခရီးစဉ်သည် အမျိုး သား အောင်ပွဲအဖြစ်ထက် ပိုလွန်ခဲ့သည်။ နောက်ပိုင်းနှစ်များတွင် ကမ္ဘာကြီး၏ သေးငယ်မှုနှင့် စကြ၀ဠာအတွင်း၌ အမျိုးသားရေး ယှဉ်ပြိုင်မှုများ၏ အရေးမပါမှုကို နားလည်လာကြခြင်းနှင့်အတူ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ ခြောက်နှစ်အကြာတွင် အပိုလို အာကာသယာဉ်သည် ဆိုဗီယက်တို့၏ ဆိုယုဇ် ဒုံးယာဉ်နှင့် အတူ ကိုးရက်အကြာ ပူးပေါင်း ချိတ်ဆက်ခဲ့ကြသည်။ အာကာသတွင်း လူလိုက်ပါ ပျံသန်းမှုများတွင် ပထမဆုံး ပူးပေါင်းဆောင်ရွက်မှု ဖြစ်ခဲ့သည်။ယင်းနောက်ပိုင်းတွင် တရုတ်မှလွဲပြီး ကျန်နိုင်ငံများသည် အာကာသတွင်းသို့ လူသား စေလွှတ်ရေးကို ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ လုပ်ဆောင်ခဲ့ကြသည်။

''၁၉၆၁ ခုနှစ်ကနေ ၁၉၆၉ ခုနှစ် အထိတော့ အာကာသဆိုတာ ပြိုင်ပွဲ တစ်ခုပါပဲ။ ပြိုင်ပွဲဖြစ်တဲ့ အကျိုးရလဒ်က မြန်မြန်နဲ့ ရှေ့ရောက်အောင် လုပ်ကြခြင်းပါပဲ။ ဒါပေမဲ့ ၀မ်းနည်းစရာ ကိစ္စက ပြိုင်ပွဲဆိုရင် အနိုင်အရှုံး ပေါ်တာနဲ့ ရပ်သွားခြင်းပါပဲ''ဟု ဥရောပ အာကာသ အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် ယန်း-ယာ့ခ်ဒေါ်ဒိန်းက သုံးသပ်သည်။ အမေရိကန် အာကာသလွန်း ပြန်ယာဉ်များ အနားပေးလိုက်ခြင်းနှင့် အတူ ယာဉ်အသစ် မတည်ဆောက်နိုင်သေးမီ ရုရှားကို မှီခိုရမည် ဖြစ်သလို ရုရှားကိုယ်တိုင်ကလည်း အာကာသ စူးစမ်းလေ့လာရေး နယ်ပယ်တွင် အသစ်တီထွင် ဖန်တီးနိုင်မှု အားနည်းနေခဲ့သည်မှာ ကြာပြီဖြစ်သည်။


Source: Weekly Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ရေး လုပ်ငန်းများ အတန်သင့် ခရီးရောက်လျှက်ရှိ


ကာကွယ်ရေး ၀န်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနတို့ ပူးပေါင်းဦးဆောင်ကာ မြန်မာနိုင်ငံ၏ ကိုယ်ပိုင် ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်ရန် ဆောင်ရွက်မှုများ စတင်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ လက်ရှိ၌ အဖွဲ့ဝင် ၅ ဦးပါသော ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်ရေး ဗဟိုကော်မတီနှင့် အဖွဲ့ဝင် ၇ ဦးပါရှိသော လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့၏ ပထမဆုံး ခြေလှမ်းအဖြစ် ထိုင်းနိုင်ငံမှ Thaicom ကုမ္ပဏီနှင့် ဂြိုဟ်တုလွှတ်တင်ရေး နည်းပညာဆိုင်ရာ နားလည်မှု စာချွန်လွှာကို နေပြည်တော်၌ လက်မှတ်ရေးထိုး အောင်မြင်ခဲ့ပြီးကြောင်း သိရသည်။

မြန်မာပြည်တွင်း၌ လက်ရှိ MRTV, MRTV-3, MRTV-4, MWD, MITV စသည့် အစိုးရပိုင် ရုပ်သံလိုင်း ၅ ခုနှင့် အခပေး ရုပ်သံလိုင်း Sky Net တို့ ရှိကြပြီး အဆိုပါ ရုပ်သံလိုင်းများ အတွက် ဆက်သွယ်ရေးဂြိုဟ်တု ငှားရမ်း အသုံးပြု နေရသဖြင့် နှစ်စဉ် နိုင်ငံခြားဝင်ငွေ ယိုဖိတ်မှု ရှိနေသောကြောင့် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ကြားသိရသည်။




MRTV-4 ၏ နာမည်ကျော် စကားနပန်း အစီအစဉ်


မြန်မာနှင့်အတူ အိမ်နီးချင်း အာဆီယံနိုင်ငံ တစ်ခုဖြစ်သော ကမ္ဘောဒီးယား သည်လည်း အဆိုပါ ကုမ္ပဏီဖြင့်ပင် ချိတ်ဆက်ပြီး ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရန် ကြိုးပမ်းနေကြောင်း၊ လွန်ခဲ့သော ရက်ပိုင်းက စင်ကာပူနိုင်ငံသည် ပြည်တွင်းဖြစ် ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း အင်တာနက် သတင်းများ အရ သိရသည်။

Source: mmdailynews

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

DongFangHong 4 (DFH-4) (တရုတ်)


DFH-4 satellite bus သည် တရုတ်နိုင်ငံ ဆက်သွယ်ရေးဂြိုဟ်တုများ၏ တတိယမျိုးဆက်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ပထမဦးဆုံး Direct Broadcasting system ပါရှိသော bus အမျိုးအစားဖြစ်သည်။ DFH-4 satellite bus ၏ performance အား A2100AX ၊ LS 1300 နှင့် Spacebus 3000 တို့၏ performance နှင့် တူညီစေရန် ထုတ်လုပ်ထားသည်ဟု တရုတ်နိုင်ငံမှ ဖော်ပြထားသည်။ ယင်း bus ၏ အလေးချိန်မှာ ၅၂၀၀ ကီလိုဂရမ်ဖြစ်ပြီး payload ထည့်သွင်းနိုင်သော အလေးချိန်မှာ ၆၀၀ ကီလိုဂရမ်မှ ၈၀၀ ကီလိုဂရမ် အထိရှိသည်။ C/Ku/Ka/L band များကို အသုံးပြုနိုင်ပြီး သက်တမ်းမှာ ၁၅ နှစ်ဖြစ်သည်။ သက်တမ်းကုန်ဆုံးချိန် (End of Life-EOL) တွင် လျှပ်စစ်ပါဝါ ၁၀.၅ ကီလိုဝပ် ကို ထုတ်လုပ်နိုင်သည်။

အဆိုပါ DFH-4 satellite bus အား အသုံးပြုခဲ့သည့် ဆက်သွယ်ရေးဂြိုဟ်တုများမှာ အောက်ပါအတိုင်းဖြစ်သည်-

(၁) Sinosat-2 (တရုတ်နိုင်ငံမှ ပိုင်ဆိုင်သောဆက်သွယ်ရေးဂြိုဟ်တုဖြစ်ပြီး ၂၀၀၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် လွှတ်တင်ခဲ့သည်။)

(၂) Nigcomsat-1 (နိုင်ဂျီးရီးယားနိုင်ငံမှ ပိုင်ဆိုင်သောဆက်သွယ်ရေးဂြိုဟ်တုဖြစ်ပြီး ၂၀၀၇ ခုနှစ် မေလ ၁၄ ရက်နေ့တွင် လွှတ်တင်ခဲ့သည်။)

(၃) Venesat-1 (ဗင်နီဖွဲလားနိုင်ငံမှ ပိုင်ဆိုင်သောဆက်သွယ်ရေးဂြိုဟ်တုဖြစ်ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တင်ခဲ့သည်။)

(၄) Sinosat-6 (တရုတ်နိုင်ငံမှ ပိုင်ဆိုင်သောဆက်သွယ်ရေးဂြိုဟ်တုဖြစ်ပြီး ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် လွှတ်တင်ခဲ့သည်။)

Sinosat-2 ဂြိုဟ်တုသည် solar array များဖြန့်ထုတ်ခြင်း မပြုနိုင်သောကြောင့် အလုံးစုံဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။ Nigcomsat-1 ဂြိုဟ်တုသည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ၌ solar array တွင် နည်းပညာဆိုင်ရာ မှားယွင်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ အဆိုပါ ဂြိုဟ်တုသည် တရုတ်နိုင်ငံ၏ အာကာသကန်ထရိုက်တာများမှ ပြင်ပနိုင်ငံတစ်ခုအား ဂြိုဟ်တုဒီဇိုင်းပြုလုပ်ပေးခြင်း ၊ထုတ်လုပ်ပေးခြင်းနှု့် လွှတ်တင်ပေးခြင်း (Satellite/Launch package) တို့ကို ပထမဦးဆုံး ပြုလုပ်ပေးခဲ့သော ဂြိုဟ်တုဖြစ်ပြီး အဆိုပါသဘောတူညီမှု၏ တန်ဖိုးမှာ ဒေါ်လာ ၃၁၁ သန်းရှိသည်။ အဆိုပါ ဂြိုဟ်တုအား နိုင်ဂျီးရီးယားနိုင်ငံက telecommunications ၊ broadcasting ၊ broadband service များပြုလုပ်ရန်မှာယူခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် လက်ရှိတွင် DFH-4 satellite bus ကိုအသုံးပြုပြီး Paksat-1R ၊ Nigcomsat-1R နှင့် Laosat-1 ဂြိုဟ်တုတို့ကို တည်ဆောက် လျက် ရှိသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သေဆုံးနေသည့် ဂြိုဟ်သား အလောင်းကို ဆိုက်ဘေးရီးယား ဒေသ ရေခဲပြင်ထဲ ၌ တွေ့ရှိရ ဟုဆို




ဆိုက်ဘေးရီးယား ဒေသရဲ့ ခဲနေတဲ့ စွန့်ပစ် အရည်တွေထဲ ကနေ ဂြိုဟ်သား တစ်ဦးရဲ့ အလောင်းကို လမ်းလျှောက် ထွက်လာသူ နှစ်ဦးက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံ အာကက်စကီမြို့ အနီး ရေခဲပြင်မှာ တစ်ဝက် နစ်နေတဲ့ ရုပ်အလောင်းကို တွေ့ရှိ ခဲ့ရပြီး အဲဒီ အလောင်းဟာ ပါးစပ်ဟပြဲ၊ ရှည်သွယ်သွယ် နဲ့ ဆိုးဆိုးရွားရွား ပျက်စီးနေတယ် လို့ ဆိုပါတယ်။အဲဒီ နေရာဟာ ပန်းကန်ပြားပျံတွေ ဆင်းသက်ခဲ့တယ် လို့ နာမည်ကြီးခဲ့တဲ့ နေရာ ဖြစ်ပြီး ဂြိုဟ်သားရဲ့ အလောင်းကို တွေ့ရှိတယ် ဆိုတဲ့ သတင်းက အင်တာနက်ကနေ ကမ္ဘာတစ်လွှားကို တောမီးလို ပျံ့နှံ့သွားခဲ့တယ် လို့ ဆိုပါတယ်။

အဲဒီအလောင်းဟာ ဆိုးဆိုးရွားရွား ပျက်စီး နေပြီး ရုပ်ရှင်ထဲက အီးတီနဲ့ တူပြီး အရပ်က နှစ်ပေပဲ ရှိတယ် လို့ ဆိုပါတယ်။ အလောင်းမှာ ညာဘက် ခြေထောက် ပျောက်ဆုံး နေပြီး မျက်လုံး နေရာမှာ နက်ရှိုင်းတဲ့ အပေါက် နှစ်ပေါက်နဲ့ လူရဲ့ဦးခေါင်းခွံလို အရိုးကြီးမှာ ပါးစပ်နေရာ မှာလည်း အပေါက်ကြီး တစ်ပေါက် ရှိတယ် လို့ ဆိုပါတယ်။ ပန်းကန်ပြားပျံ ၀ါသနာရှင်တွေ က ကမ္ဘာမြေကို အလည် လာတဲ့ ဂြိုဟ်သားတွေ ဟာ မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့ပြီးတဲ့ နောက် အဲဒီ ဂြိုဟ်သားဟာ ကမ္ဘာမြေမှာ ကျန်ရစ်ခဲ့တာလို့ ယူဆ ကြပါတယ်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂလက်ဆီ အားလုံးဟာ တူညီကြသလား..?











ဂလက်ဆီ တွေမှာ အမျိုးစား လေးမျိုး ရှိပါတယ်..၊လှည်းဘီး (သို့ ) ခရုပတ် သဏ္ဍန် စကြ၀ဠာ ၊ နှမောင်းနှစ်ခုပါသော စကြ၀ဠာ ၊ ဘဲဥပုံသဏ္ဍန် စကြ၀ဠာ ၊( ၀ိုင်းသည်၊ပြားသည် ၊ရှည်သည် လို့ တိကျစွာမှတ်ယူနိုင်တဲ့ ပုံသဏ္ဍန်မမှန်းတဲ့ စကြ၀ဠာတို့ ဖြစ်ကြပါသည်၊ ခရုပတ် သို့ မဟုတ် လှည်းဘီး စကြ၀ဠာ ဟာတစ်ခုတည်းနဲ့  အသွင်းသဏ္ဍန် တူပါတယ်..။တောက်ပတဲ့ အလယိဗဟိုတစ်ခုကနေ ရစ်လိမ်ပြီး ထွက်လာတယ်ထင်ရတဲ့ ကြီးမားတဲ့ မောင်းတံအစင်းအရစ်တွေ ရှိပါတယ်..။ နှမောင်း နှစ်ခုပါတဲ့ စကြ၀ဠာမှာ စကြ၀ဠာ အလယ်ဗဟိုကို ဖြတ်သန်းတဲ့ ဘားတန်းတစ်ခုစီရှိပါတယ်..။ ဘဲဥပုံသဏ္ဍန် စကြ၀ဠာတွေကတော့ အပြားဝိုင်း ပုံသဏ္ဍန်ကနေ အ၀ိုင်းလုံးပုံသဏ္ဍန်အထိ ပုံသဏ္ဍန်တွေ အမျိုးမျိုး ကွဲ ပြားပါတယ်..။သူတို့  ထဲမှာ ကြယ်အဟောင်းတွေ ပါဝင်ဖွဲ့ စည်းထားပါတယ်..။ ဓတ်ငွေ့ (တိမ်တိုက်) နဲ့  ဖုန်(တိမ်တိုက်)တွေ တော့ ပါဝင်ဖွဲ့  စည်းထားတာမတွေ့ ရပါဘူး..။ပုံသဏ္ဍန်မမှန်တဲ့ စကြ၀ဠာတွေမှာတော့ တိကျတဲ့ သဏ္ဍန်ရယ်လို့  မရှိပါဘူး..။(၀ိုင်းသည်..၊ပြားသည် ၊ ရှည်သည် စသည်ဖြင့် လို့  တိကျစွာ မှတ်ယူလို့ မရပါဘူး..။) အခြားအမျိုးစားတွေ ထက်စာရင်..သူတို့ ကိုတွေ့ မြင်ရမူဟာ အလွန်းနည်းပါး ပါတယ်...။(သူတို့ ရဲ့  အရည်အတွက်ဟာ ပိုမို နည်းပါးလှပါတယ်..။)




  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာ့ပထမဆုံး ဂြိုလ်တု

ဆိုဗီယက်နိုင်ငံမှ ဆက်သွယ်ရေး ဂြိုဟ်တု Sputnik-1 သည် အာကာသသို့ လူသားများမှ လွှတ်တင်ခဲ့သော ပထမဆုံး ဂြိုဟ်တုဖြစ်ခဲ့၍ ၎င်းင်းသည် ၁၉၅၇ ခုနှစ် အောက်တိုဘာလ ၄ ရက်တွင်ဖြစ်သည်။ အဆိုပါ ဂြိုဟ်တုသည် အချင်း ၂၂ လက်မရှိ၍ ၁၈၅ ပေါင် လေးသည်။ အမေရိကန်ပြည်ထောင်စုမှ ဆက်သွယ်ရေးဂြိုဟ်တု Explorer-1 ကို ၁၉၅၈ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်တွင်လွှတ်တင်ခဲ့ပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...