skip to main |
skip to sidebar

နာ ဆာအဖွဲ့ကြီးက မားစ်ဂြိုဟ်သို့ ထောက်လှမ်း စေမည့် ခရီးစဉ် အား (၂၀၁၁) ခုနှစ်အထိ ရွှေ့ဆိုင်း ထားလိုက် သည်။ ဒီဇင်ဘာလ (၄) ရက်နေ့က အမေရိကန် ဒေါ်လာ သန်း(၄၀၀) ကုန်ကျမည့် အဆိုပါ အစီအစဉ် အား ရက်ရွှေ့ဆိုင်းကြောင်း နာဆာက ကြေငြာ သည်။ အားနည်းချက် (၁၀) ခုခန့်အား ရှာဖွေ တွေ့ရှိခဲ့ပြီး နောက် ယခု ဆုံးဖြတ်ချက် ကို ချမှတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိ ရသည်။
နည်းပညာပိုင်း ဆိုင်ရာ ချွတ်ယွင်းချက် များ ကြီးကြီး မားမား တွေ့ရှိခဲ့ရပြီး ထို အခြေအနေ အား ပြင်ဆင် နိုင်ရေး အတွက် ဒေါ်လာ (၁.၆) ဘီလျံထိ တန်ဖိုး မြင့်တက် လာနိုင်ကြောင်း နာဆာ က ၀န်ခံ ခဲ့သည်။ အဓိက ဆိုးရွားနေသော အခြေအနေများ ကို မော်တာ နှင့် ဂီယာအုံ များ တွင် တွေ့ရှိခဲ့ပြီး မားစ်ဂြိုဟ် လေ့လာရေး ယာဉ်ငယ် အား ပြန်လည် လေ့လာရန် လိုအပ် လာပြီဟု နာဆာက ကောက်ချက် ချခဲ့ သည်။ စက်လက်တံများအား သဲများ ရယူရန် ထိန်းချုပ် နိုင်ရေးမှာလည်း စိတ် ကျေနပ် စရာ မရှိသေး ဟု ဆိုသည်။
ထိုအခြေအနေများသည် အလွယ်တကူ ပြင်ဆင် နိုင်ရန် မဖြစ်နိုင် ဟု သိရသည်။ ထို့ပြင် ဘက်ထရီ ဆဲလ်များ ကိုလည်း ယခု လက်ရှိ အခြေအနေ ထက် သက်တမ်း ရှည်ကြာ အောင် တီထွင် သွားမည် ဟု နာဆာ က အတည်ပြု သည်။ ဖီးနစ်ဂြိုဟ် ဆင်းယာဉ် အား အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ပြီးနောက် မားဂြိုဟ် လေ့လာရေး စီမံကိန်းများ အပေါ် နာဆာ အနေနှင့် ပိုမို အာရုံစိုက် လာပြီး မူလက ယခု ယာဉ်အား နောက်နှစ် အတွင်း လွှတ်တင် နိုင်ရန် ကြံစည် ထား သည်။
Source: People Media Voice
ဂြိုဟ် တုမှ ထောက်လှမ်းမှုများ အရ ကမ္ဘာ့ အကြီးမားဆုံး သံလိုက် စက်ကွင်း ကြီး ကို တွေ့ရှိ ခဲ့ကြောင်း သိရှိ ရသည်။ တွေ့ရှိ ဖူးသမျှ အနက် အကြီးမားဆုံး သော သံလိုက် စက်ကွင်းကြီး သည် နေမှ ဖြာထွက် ကျဆင်းလာသည့် ရောင်ခြည် တန်း များ ကို ကာကွယ် ပေးနေ သည်ဟု သုတေသန ပညာရှင် များက ပြောကြား ခဲ့ကြ သည်။
နာဆာပိုင် ဂြိုဟ်တုမှ အဆိုပါ သံလိုက်လှိုင်း များကို ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ထောက်လှမ်း တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ သံလိုက်စက်ကွင်းများအနက် စွမ်းအား အကြီးဆုံး သံလိုက်စက်ကွင်းကြီးမှာ ကမ္ဘာ့အတွင်းပိုင်းမှ စတင်ဖြာထွက်လာပြီး လေထု အတွင်းထိ ပြန့်နှံ့ ရောက်ရှိ နေကြောင်း နာဆာ က ကြေညာ ခဲ့သည်။ ထိုစက်ကွင်းကြီး ၏ အထူ သည် အနည်းဆုံး မိုင် (၄၀၀၀) ထိ ကျယ်ပြန့် နိုင်ကြောင်း သိရှိရသည်။
ထို့အပြင် သံလိုက် စက်ကွင်းကြီး သည် တဖြည်းဖြည်း ကြီးမား ကျယ်ပြန့် လာနေ ဆဲဖြစ် သည်ဟု လည်း နာဆာမှ ထုတ်ဖော် ကြေငြာ သွားသည်။ ထိုသို့သော သံလိုက် စက်ကွင်းများ သည် နေမှ ရောက်ရှိ လာသော မလိုလား အပ်သည့် ဘေးထွက် စွမ်းအင်များကို စစ် ယူသန့်စင်ပေးခြင်းဖြင့် ကမ္ဘာမြေ ကို အကျိုးပြု လေ့ရှိသည် ဟု သိရှိ ရသည်။
Source: People Media Voice

မားစ်ဂြိုဟ် မျက်နှာပြင် လေ့လာရေးအတွက် လွှတ်တင်ထားခဲ့သည့် ဖီးနစ်ဂြိုဟ်ဆင်းယာဉ်သည် အောက်တိုဘာလ (၃၁)ရက်နေ့တွင် ဘက်ထရီ ကုန်ဆုံးလုနီးပါး ဖြစ်လာခဲ့သလို အဆက်အသွယ် ပြတ်တောက်မှုများ ဖြစ်လာခဲ့ကြောင်း နာဆာက ကြေညာခဲ့သည်။ ကမ္ဘာ့သမိုင်းတွင် ပထမဆုံးသော အခြားဂြိုဟ်တစ်ခုပေါ်သို့ ဆင်းသက်နိုင်ခဲ့သော လေ့လာရေး ယာဉ်ပျံလေး၏ နောက်ဆုံးအချိန်သည် တစထက်တစ နီးကပ်လာပြီဟု နာဆာမှ ၀န်ခံခဲ့သည်။ အအေးဓာတ် လွန်ကဲမှုများ၊ သဘာဝသဲမုန်တိုင်းများ ကျရောက်နေသည့် မားဂြိုဟ်၏ ရာသီဥတုကြောင့် ဖီးနစ်၏ လေ့လာရေး missionမှာ နိဌိတန်ရန် အချိန်ကျရောက်လာပြီဟု ပညာရှင်များကဆိုသည်။ သို့သော်လည်း ဖီးနစ်အနေနှင့် မားဂြိုဟ်တွင် တစ်ချိန်က ရေရှိခဲ့သည်ဆိုသော အထောက်အထားများအပြင် အခြားအရေးပါသော လျှို့ဝှက်ချက်များကို ဖော်ထုတ်ပေးနိုင်ခဲ့သောကြောင့် ၎င်းအားလွှတ်တင်ခဲ့ရသည်မှာ ထိုက်တန်ပါကြောင်း နာဆာက ထုတ်ဖော်ပြောဆိုလိုက်သည်။ လက်ရှိအချိန်တွင် ယာဉ်ရှိဘက်ထရီ သက်တမ်းမှာ လုံးဝကုန်ဆုံးခဲ့ပြီ ဖြစ်သောကြောင့် အပိုဘက်ထရီနှင့် ဆက်လက် လည်ပတ်နေပြီး အဆက်အသွယ်မှာလည်း လုံးဝနီးပါး ပြတ်တောက်သွားပြီ ဖြစ်သည်။ ယာဉ်၏ လှုပ်ရှားမှုများကို ဆက်လက်သိရှိနေသေးသည့်တိုင် ကမ္ဘာမြေ ဌာနချုပ်မှ ထိန်းကျောင်းနိုင်ခြင်း မရှိတော့ကြောင်း၊ မကြာမီအချိန်တွင်း သဲမုန်တိုင်းများကြောင့် မားစ်ဂြိုဟ်၏ မျက်နှာပြင်အောက် ထာဝရ နစ်မြုပ်ပျောက်ကွယ် သွားတော့မည်ဖြစ်ကြောင်း နာဆာအဖွဲ့က ထုတ်ဖော်ကြေငြာလိုက်သည်။ ဖီးနစ်၏ သက်တမ်းမှာ ကုန်ဆုံးခဲ့ပြီဖြစ်သော်လည်း အာကာသ စူးစမ်းလေ့လာမှု သမိုင်းအတွက် အရေးအပါဆုံး မှတ်တိုင်တစ်ခုအား စိုက်ထူနိုင်ခဲ့ကြောင်း နာဆာက ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားကြောင်း သတင်းရရှိသည်။
Source: Planet
တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသအတွင်း လမ်းလျှောက်နိုင်ရန် စမ်းသပ်ခဲ့သည့် missionအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့်အတွက် အလွန်နှစ်ထောင်းအားရ ဖြစ်မိကြောင်း တရုတ်အာကာသယာဉ်မှူး (၃)ဦးကပြောကြားခဲ့သည်။ ထိုအောင်မြင်မှုသည် တရုတ်နိုင်ငံ၏ အာကာသလေ့လာရေးအတွက် သမိုင်းဝင် အောင်မြင်မှုကြီးတစ်ရပ် ဖြစ်လာခဲ့ပြီဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာခဲ့သည်။ စက်တင်ဘာလ(၂၅)ရက်နေ့က လွှတ်တင်လိုက်သော ဒုံးပျံမှာ အာကာသအတွင်း လမ်းလျှောက်နိုင်ရန် အဓိကရည်ရွယ်ပြီး လွှတ်တင်လိုက်ခြင်းဖြစ်သည်။
ယခု mission၏ ခေါင်းဆာင်ဖြစ်သူ အာကာသယာဉ်မှူး ဇိုင်ဇီဂန်က ၎င်းအနေနှင့် ကမ္ဘာပါတ်လမ်းကြောင်းအတွင်း(၁၃)မိနစ်ခန့်ကြာအောင် လမ်းလျှောက်မှု ပြုလုပ်နိုင်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။ တရုတ်နိုင်ငံအနေနှင့် နောက်ထပ်အာကာသ လေ့လာမှုများကို အရှိန်မြှင့်ဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟု ဇိုင်ဇီဂန်က ဖြည့်စွက်ပြောကြားသွားသည်။
စက်တင်ဘာလ(၂၈)ရက်နေ့က အာကသယာဉ်မှူး (၃)ဦးပါဝင်သော ရှန်ဇူး(၇) အာကာသယာဉ် မြေပြင်ပေါ်သို့ အောင်မြင်စွာဆင်းသက်အပြီး ဇိုင်ဇီဂန်က ယခုခရီးစဉ်သည် စိတ်လှုပ်ရှားစရာကောင်းပြီး စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ သို့သော်လည်း အဆုံးသတ်တွင် အောင်မြင်မှုအပြည့်အ၀ ရရှိနိုင်ခဲ့ကြောင်း သတင်းထောက်များအား ထုတ်ဖော်ပြောဆိုခဲ့သည်။ ဇိုင်ဇီဂန်က ယခုအောင်မြင်မှုကြောင့် အမိနိုင်ငံတော်အတွက် ဂုဏ်တက်ဖွယ်ရာ ဖြစ်စေခဲ့ကြောင်း မြေပြင်ဆင်းသက်ယာဉ်ငယ်ဖြင့် မွန်ဂိုလီးယားဒေသတွင် ဆင်းသက်အပြီး ၀ံ့ကြွားစွာ ပြောကြားသွားသည်။ (၆၈)နာရီကြာ အာကာသခရီးစဉ်မှ ကမ္ဘာပေါ်သို့ ပြန်လည်ရောက်ရှိလာသော အာကာသယာဉ်မှူးများအား ဆေးစစ်မှုများပြုလုပ်အပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။
အသက်(၄၁)နှစ်အရွယ် တိုက်လေယာဉ်မှူးဟောင်း ဇိုင်ဇီဂန်က ဒေါ်လာ(၄.၄)သန်းတန် အာကာသယာဉ်မှူးဝတ်စုံနှင့် အာကာသဟင်းလင်းပြင်ထဲတွင် တရုတ်နိုင်ငံ၏ အလံတော်ကိုကိုင်ကာ လမ်းလျှောက်ခဲ့ရသည့် အတွေ့အကြုံအား မည်သည့်အခါမျှ မေ့နိုင်တော့မည်မထင်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ တရုတ်သတင်းဌာနများကလည်း နိုင်ငံ၏သမိုင်းဝင်အောင်မြင်မှုအတွက် ဂုဏ်ယူမိကြောင်း သတင်းများထုတ်လွှင့်ပြသခဲ့သည်။
Source: Planet

အင်္ဂါဂြိုဟ်၏မျက်နှာပြင်ပေါ် ဆင်းသက်ရောက်ရှိနေပြီး လေ့လာစူးစမ်းမှုများ ပြုလုပ်လျက်ရှိသော ဖီးနစ် အာကာသယာဉ်မှ ပေးပို့လိုက်သော သတင်းအချက်အလက်များအရ အင်္ဂါဂြိုဟ်၏ မျက်နှာပြင် မြေသားတွင် ရေခဲတွေ့ရှိခဲ့ကြောင်း နာဆာမှ အတည်ပြုခဲ့သည်။ ဇူလိုင်လ (၃၁) ရက်နေ့က ဖီးနစ် ဂြိုဟ်ဆင်းယာဉ်ငယ်သည် အင်္ဂါဂြိုဟ်မျက်နှာပြင်တွင် ရေရှိကြောင်း အခိုင်အမာ ဖော်ထုတ်နိုင်ခဲ့ပြီဟု သိပ္ပံပညာရှင်များက ဆိုသည်။ ယခုတွေ့ရှိမှုကြောင့် ယခင်ဂြိုဟ်တု ဓာတ်ပုံများအရ အင်္ဂါဂြိုဟ်၏ မြောက်ဝင်ရိုးစွန်းအရပ်တွင် ရေခဲထုရှိနိုင်ကြောင်း ခန့်မှန်းမှုများအား သက်သေပြနိုင်ခဲ့ပြီဖြစ်သည်။ အရီဇိုးနားတက္ကသိုလ်မှ ပညာရှင် ၀ီလျံဗိုင်တန်က ဖီးနစ်၏ စက်လက်တံများမှ တူးဖော်ရရှိခဲ့သည့် မြေသားများအတွင်း ရေခဲမှုန်များပါလာကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဖီးနစ်သည် အင်္ဂါဂြိုဟ်ပေါ်သို့ မေလ (၂၅) ရက်နေ့က ဆင်းသက်နိုင်ခဲ့ပြီးနောက် အင်္ဂါဂြိုဟ်မျက်နှာပြင်တွင် လူနှင့်အခြားသက်ရှိများ နေထိုင်နိုင်ခြင်းရှိမရှိ သုံးလတာမျှ စုံစမ်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ဂြိုဟ်နီကြီးဟု အမည်တွင်သည့် အင်္ဂါဂြိုဟ်တွင် ရေခဲအရည်ပျော်သည့် အထောက်အထားများ တွေ့ရှိခဲ့အပြီး ဂြိုဟ်ပေါ်တွင် လူနေထိုင်ရန်သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ရေးမှာ ပိုမိုနီးစပ်လာပြီဖြစ်သည်။ လေ့လာသူများက အင်္ဂါဂြိုလ်မျက်နှာပြင်တွင်တွေ့ရှိရသောအရာမှာ ရေခဲမှတ်ဖြစ်သော ၃၂ ဒီဂရီအထက်တွင် အရည်ပျော်ပြီး ရေမော်လီကျူးများ ထုတ်လွှတ်ပေးနိုင်သဖြင့် ရေခဲဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယခုကဲ့သို့ မားစ်မျက်နှာပြင်တွင် ရေတွေ့ရှိမှုမှာ ကမ္ဘာမြေပြင်ပ ဂြိုဟ်များတွင် လူသားများအခြေချ နေထိုင်နိုင်ရန် မျှော်လင့်နေသော သိပ္ပံပညာရှင်များအတွက် သတင်းကောင်းတစ်ခုပင်ဖြစ်ကြောင်း သိရှိရသည်။
Source: Planet

ကမ္ဘာ့လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုများကြောင့် ရေနံအစားထိုးစွမ်းအင်ရင်းမြစ်များနေရာတွင် အစားထိုးမှုများပြုလုပ်နိုင်ရန် ကြိုးပမ်းနေမှုများမှာ အောင်မြင်မှုအချို့ ရရှိနေပြီဖြစ်သည်။ လေထုညစ်ညမ်းမှုကိုပါ ကာကွယ်နိုင်သော လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်များမှာ ယခုအချိန်တွင် အရေအတွက်အားဖြင့် နည်းပါးနေသေးသော်လည်း နောင်အနာဂါတ်တွင် ရေနံအခြေခံလောင်စာသုံး မော်တော်ယာဉ်များနေရာတွင် အပြည့်အ၀အစားထိုးလာနိုင်ရန် သိပ္ပံပညာရျင်များက မျှော်လင့်နေကြပြီဖြစ်သည်။ ယခုနောက်ဆုံး စမ်းသပ်အောင်မြင်ခဲ့သည့် နည်းပညာသစ်တစ်ရပ်အရ အနာဂါတ်ကာလတွင် ဂျက်လေယာဉ်များ၌ လေယာဉ်ဆီဖြည့်တင်းရန် လိုအပ်ချက်ကို အဆုံးသတ်နိုင်ရန် မျှော်လင့်နေကြပြီဖြစ်သည်။ ဗြိတိန်နိုင်ငံမှ စမ်းသပ်ပျံသန်းခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ပုံစံငယ်သည် ကောင်းကင်ယံတွင် သုံးရက်ခွဲမျှ ပျံသန်းနိုင်ခဲ့သည်ဟု သိရှိရသည်။ ကင်းထောက်လေယာဉ်ငယ်လေးအဖြစ် စမ်းသပ်ခဲ့သော အဆိုပါလေယာဉ်ငယ်မှာ ဝေဟင်တွင် (၈၃)နာရီနီးပါးမျှ ပျံဝဲနေခဲ့သည်ဟု ဆိုသည်။
(ဝေဟင်တွင်ပျံသန်းနေသည့် နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်)
Qinetiq ကာကွယ်ရေး စစ်လက်နက်ကုမ္ပဏီမှ စမ်းသပ်ခဲ့သည့်အဆိုပါလေယာဉ်ငယ်ကလေးမှာ နေ့အချိန်တွင် နေရောင်ခြည်မှ စွမ်းအင်ထုတ်လုပ်ကာ ဘက်ထရီများအတွင်း အပိုသိုလှောင်ထားပြီး ညအချိန်တွင် စွမ်းအင် Recharge ပြန်ဖြည့်ပေးကြောင်း ကုမ္ပဏီမှတာဝန်ရှိသူများက ပြောကြားခဲ့သည်။ Auto-Pilot စနစ်သုံးပြီး ပျံသန်းခဲ့သည့် ထိုလေယာဉ်ငယ်ကလေးမှာ အမြင့်ပေ (၆၀၀၀၀)ထိရောက်ရှိခဲ့ပြီး (၈၂)နာရီ (၃၇)မိနစ်မျှကြာအောင် ပျံသန်းနိုင်ခဲ့သည်။ ထို့ကြောင့် (၂၀၀၁)ခုနှစ်အတွင်းက (၃၀)နာရီ (၂၄)မိနစ်မျှကြာအောင် ပျံသန်းခဲ့သည့် Global Hawk ကင်းထောက်လေယာဉ်၏ စံချိန်အားကျော်တက်သွားပြီဟုသိရသည်။ သို့သော် အခြားသတင်းတစ်ရပ်၏အဆိုအရ အဆိုပါလေယာဉ်ငယ်မှာ လောင်စာဆီဖြည့်တင်းမှု အမှန်တကယ်မလိုအပ်ကြောင်း စစ်ဆေးမှုများပြုလုပ်ပြီးမှ ၎င်း၏စံချိန်ကို တရားဝင်အတည်ပြုမည်ဟု သိရသည်။ Zephyr ဟုအမည်ပေးထားသော ထိုနေရောင်ခြည်စွမ်းအင်သုံးလေယာဉ်လေးကြောင့် အနာဂါတ်ကာလ ဂျက်လေယာဉ်များတွင် နေရောင်ခြည်စွမ်းအင်အား လက်ခံအသုံးပြုသွားနိုင်မည့် ပုံစံများရေးဆွဲသွားရန် ပညာရှင်များက စတင်စဉ်းစားလာကြသည်။ အရီဇိုးနားပြည်နယ်ရှိ အမေရိကန်စစ်စခန်းတစ်ခုမှ စမ်းသပ်လွှတ်တင်လိုက်သည့် အဆိုပါဗြိတိန်လုပ် Zephyr လေယာဉ်ကလေးသည် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်များ၏ခေတ်ရောက်ရှိလာရန် ပထမဆုံး ခြေလှမ်းတစ်ရပ်ဖြစ်လာမည်လားဆိုသည်မှာ စိတ်ဝင်စားဖွယ် မေးခွန်းတစ်ရပ်ပင်ဖြစ်သည်။
Source: Planet

အမေရိကန်အမျိုးသားအာကာသသုတေသနအဖွဲ့ချုပ် ( နာဆာ) သည် အာကာသလွန်းပျံယာဉ်များ လွှတ်တင်သည့်အစီအစဉ်များကို အပြီးအပိုင်ရပ်ဆိုင်းရန် ရက်သတ်မှတ်လိုက်ပြီဖြစ်သည်။ အမေရိကန်၏ နောက်ဆုံးအာကာသလွန်းပျံယာဉ်ကို သတ်မှတ်ထားသည့် နောက်ဆုံးရက်မတိုင်မီ လေးလအလို (၂၀၁၀) ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့တွင် လွှတ်တင်မည်ဖြစ်ပြီး နောင်တွင်အာကာသလွန်းပျံယာဉ်များလွှတ်တင်ခြင်းကို လုံးဝပြုလုပ်တော့မည်မဟုတ်ပေ။ နာဆာတွင် လျာထားသော လွန်းပျံယာဉ်လွှတ်တင်ရေးအစီအစဉ် (၁၀) ခု မျှကျန်ရှိနေသေးသော်လည်း အမေရိကန်သမ္မတ ဘုရှ်က (၂၀၁၀) ခုနှစ်၊ စက်တင်ဘာလ (၃၀) မှ စ၍ လွန်းပျံယာဉ် ပျံသန်းမှုအားလုံးကို ရပ်ဆိုင်းပစ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ အဆိုပါ အမိန့်အား တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ပျံသန်းမှု (၅) ခု၊ (၂၀၀၉) ခုနှစ်တွင် (၅) ခု၊ (၂၀၁၀) တွင် (၃) ခုတို့ကိုအပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ကွန်ဂရက်အဖွဲ့ဝင်အချို့ကမူ လွန်းပျံယာဉ်ခရီးစဉ် အနည်းဆုံးနောက်ထပ် (၁) ခုမျှတိုးမြှင့်စေလိုကြပြီး ဒေါ်လာ (၁.၆) ဘီလျံတန်ဖိုးရှိ အယ်လ်ဖာသံလိုက် စပက်ထရိုမီတာအား အာကာသစခန်းသို့ သွားရောက်တပ်ဆင်ရန် ဆန္ဒရှိနေကြသည်။ အဆိုပါ မစ်ရှင်မှာ (၂၀၀၃) ခုနှစ်အတွင်း ကိုလံဘီယာအာကာသလွန်းပျံယာဉ်ပျက်ကျပြီးနောက် ဖျက်သိမ်းခဲ့ရသော မစ်ရှင်ပေါင်း တစ်ဒါဇင်ခန့်တွင် တစ်ခုအပါအ၀င်ဖြစ်သည်။ နာဆာအနေဖြင့် လွန်းပျံယာဉ်များလွှတ်တင်ရေးကို ရပ်ဆိုင်းလိုက်ပြီးနောက် လမျက်နှာပြင် လေ့လာရေး အေရီးဒုံးပျံများနှင့် အိုရီယွန်ယာဉ်များ လွှတ်တင်ရန် အဓိက အာရုံစိုက်ဆောင်ရွက်သွားမည်ဖြစ်သည်။
Source: Planet