Powered by Blogger.
RSS

အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်၌ စူးစမ်းလေ့လာရန် တရုတ်နိုင်ငံမှ အာကာသယာဉ်တစ်စင်းကို ၂၀၁၃ ခုနှစ်တွင် လွှတ်တင်မည်

အင်္ဂါဂြိုဟ်၏ မျက်နှာပြင်ကိုလေ့လာမည့် တရုတ်နိုင်ငံ၏ ပထမဦးဆုံး အာကာသယာဉ်ကို ၂၀၁၃ ခုနှစ်တွင် လွှတ်တင်မည်ဟု တရုတ်နိုင်ငံ သိပံ္ပပညာရှင် အကြီးအကဲတစ်ဦးက ဗုဒ္ဓဟူးနေ့ (မတ်လ ၂ရက်) တွင် ပြောကြားလိုက်သည်။

“အင်္ဂါဂြိုဟ်ဟာ ကမ္ဘာနဲ့ အနီးစပ်ဆုံး တူညီတဲ့ ဂြိုဟ်တစ်ခုဖြစ်ပြီး သက်ရှိသတ္တ၀ါများ တည်ရှိ နိုင်ကာ နေထိုင်ရန် သင့်လျော်တဲ့ နေရာအဖြစ်သို့လည်း ပြောင်းလဲနိုင်ပါတယ်။ အဲဒါကြောင့် လူသား မျိုးနွယ်စုရဲ့ ပထမဦးဆုံး လေ့လာစူးစမ်းမယ့် ဂြိုဟ်တစ်ခု အဖြစ် အင်္ဂါဂြိုဟ်ကို လေ့လာမှာ ဖြစ်ပါတယ်” ဟု တရုတ်အာကာသနည်းပညာ အကယ်ဒမီမှ အာကာသစူးစမ်းလေ့လာရေးအဖွဲ့၏ အကြီးအကဲ သိပံ္ပပညာရှင် YE Peijan က ပြောကြားခဲ့သည်။

အဆိုပါ mission တွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် လွှတ်တင်ရေး ဒုံးပျံ ၊ စူးစမ်းရှာဖွေရေး ပစ္စည်းများနှင့် စောင့်ကြည့်လေ့လာရေး ပစ္စည်းများကို အသုံးပြုသွားမည်ဖြစ်ကြောင်း Ye Peijan က ဆက်လက်ပြောကြားခဲ့သည်။

Ye Peijan သည် တရုတ်ပြည်သူ့နိုင်ငံရေးရာ အကြံပေး ညီလာခံမှ အမျိုးသား ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အထက်ပါ တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပေါ်သို့ စူးစမ်းလေ့လာရေး အာကာသယာဉ် လွှတ်တင်ရန် ကိစ္စအား နှစ်ပတ်လည် ညီလာခံမစတင်မီ ကြာသပတေးနေ့ (မတ်လ ၂ရက်) တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ လက်ရှိထုတ်လုပ်ထားသော လစူးစမ်းလေ့လာရေး အာကာသယာဉ်အား အဆင့်တိုးမြှင့်၍ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်အဖြစ် ပြောင်းလဲ ထုတ်လုပ်မည် ဖြစ်ကြောင်း လည်း ပြောကြားခဲ့သည်။

အဆိုပါ အာကာသယာဉ်ကို ကမ္ဘာနှင့် အင်္ဂါဂြိုဟ်တို့ အနီးကပ်ဆုံးဖြစ်သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် လွှတ်တင်မည်ဟု ခန့်မှန်းထားပြီး မအောင်မြင်ခဲ့ပါက နောက်ထပ်တစ်ကြိမ် ထပ်မံ နီးကပ်မည့် ၂၀၁၆ ခုနှစ်တွင် နောက်ဆုံးပေါ် စူးစမ်းရှာဖွေရေးကိရိယာများ တပ်ဆင်၍ လွှတ်တင်မည် ဟု ပြောကြားခဲ့သည်။ သို့သော် အဆိုပါ စီမံကိန်းသည် ပထမဦးစွာ တရုတ်အစိုးရ၏ ခွင့်ပြုချက်ကို ရယူရမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ် လှည့်ပတ်စူးစမ်းလေ့လာရေး ဂြိုဟ်တုဖြစ်သည့် Yinghuo-1 ဂြိုဟ်တုကို ယခုနှစ် နိုဝင်ဘာလတွင် ရုရှားနိုင်ငံမှ Zenit-3F လွှတ်တင်ရေး ဒုံးပျံဖြင့် လွှတ်တင်မည် ဖြစ်သည်။ အဆိုပါ Yinghuo-1 ဂြိုဟ်တုသည် အင်္ဂါဂြိုဟ်၏ အာကာသပတ်ဝန်းကျင်ဆိုင်ရာ အချက် အလက်များနှင့် ဂြိုဟ်၏ သံလိုက်စက်ကွင်းတို့ကို စူးစမ်းလေ့လာသွားမည် ဖြစ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...