Powered by Blogger.
RSS

Soyuz TMA – 21 အာကာသယာဉ်အား ဧပြီလ ၅ ရက်နေ့တွင် လွှတ်တင်ရန် ရုရှားအာကာသ အေဂျင်စီ Roscosmos မှ အတည်ပြု

ရုရှားနိုင်ငံ ဖက်ဒရယ် အာကာသအေဂျင်စီဖြစ်သော Roscosmos သည် ဧပြီလ ၅ ရက်တွင် နိုင်ငံတကာ အာကာသစခန်းသို့ သွားရောက်မည့် Soyuz TMA – 21 အာကာသယာဉ်အား လွှတ်တင် မည်ဟု အတည်ပြု သတင်းထုတ်ပြန်လိုက်သည်။

မူလက အဆိုပါ အာကာသယာဉ်အား ကာဇက်စတန်နိုင်ငံ ဘိုင်ကိုနော ဒုံးပျံလွှတ်တင်ရေး စခန်းမှ မတ်လ ၃၀ ရက်တွင် လွှတ်တင်ရန် စီစဉ်ခဲ့သော်လည်း ဧပြီလ (၅) ရက် တနင်္လာနေ့သို့ ရွှေ့ဆိုင်းခဲ့ရသည်။ Soyuz အာကာသယာဉ်၏ ဆက်သွယ်ရေး စနစ်၌ တပ်ဆင်ထားသော capacitor တစ်ခု ချို့ယွင်းမှုကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

ဧပြီလ (၅) ရက် မော်စကို စံတော်ချိန် ၂ နာရီ ၁၈ မိနစ် (GMT စံတော်ချိန် ဧပြီလ (၄) ရက် ၂၃ နာရီ ၁၈ မိနစ်တွင် အာကာသယာဉ်အားလွှတ်တင်ရန် အတွက် ပြင်ဆင်မှုများ ဆက်လက်ပြုလုပ် သွားမည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်ဟု သောကြာနေ့ (မတ်လ ၁၂ ရက်) တွင် ပြုလုပ်သည့် Roscosmos ၏ ဘုတ်အဖွဲ့အစည်းအဝေးအပြီးတွင် ကြေငြာခဲ့သည်။ Soyuz TMA – 21 အာကာသယာဉ်သည် ရုရှားအာကာသယာဉ်မှုးများဖြစ်သော Alexander Samokutyayev ၊ Andrei Borisenko နှင့် NASA အာကာသယာဉ်မှုးဖြစ်သော Ronald Garan တို့ကို နိုင်ငံတကာ အာကာသစခန်း (International Space Station – ISS) သို့ ပို့ဆောင်ပေးမည် ဖြစ်သည်။

၎င်း အာကာသယာဉ်မှုးများသည် လက်ရှိ နိုင်ငံတကာ အာကာသစခန်းတွင် ရောက်ရှိနေသော ရုရှားအာကာသယာဉ်မှုး Dmitry Kondratyev ၊ ဥရောပအာကာသအေဂျင်စီမှ အာကာသယာဉ်မှုး Paolo Nespoli နှင့် NASA အာကာသယာဉ်မှုး Catherine Coleman တို့နှင့် ပူးပေါင်း၍ စူးစမ်း လေ့လာမှုများကို ဆက်လက်ပြုလုပ်မည် ဖြစ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...