Powered by Blogger.
RSS

Solar Storm

ဂြိုဟ်တုတည်ရှိနေသော အာကာသပတ်ဝန်းကျင်၏ ဆိုးရွားပြင်းထန်ခြင်းများ

ဂြိုဟ်တုတည်ရှိနေသည့် အာကာသပတ်ဝန်းကျင် (space environment)သည် ဆိုးဝါးပြင်းထန်သော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ ဥပမာအားဖြင့် အာကာသအမှိုက်များ အာကာသထဲမှာ ခန့်မှန်းရခက်ခဲစွာ မျောချင်ရာသို့အရှိန်အဟုန်ပြင်းစွာမျောပါနေသည့် လူသားတွေပြုလုပ်ထားသည့် အာကာသ အမှိုက်သရိုက်များ (space debris) ဖြစ်ပါသည်။ ယင်းအာကာသ၀တ္ထုများနှင့် ဂြိုဟ်တုနဲ့တိုက်မိတဲ့အခါ သို့မဟုတ် ဂြိုဟ်တုပေါ်က အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုခုကို ထိမှန်သွားတဲ့အခါတွင် ဂြိုဟ်တုတစ်ခုလုံး ပျက်စီးမှုကြီးများအထိ ဖြစ်ပေါ်စေနိုင်သည်။ ဂြိုဟ်တုတစ်ခု၏ အစိတ်အပိုင်း အသေးအမွှားကလေးများမှ ထိန်းချုပ်စနစ်မရှိတော့သည့် ပတ်လမ်းထဲတွင် လွှင့်မျောနေကြသော ဂြိုဟ်တုအဟောင်းများလည်း ပါဝင်သည်။ ၂၀၀၉ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော အမေရိကန် ဆက်သွယ်ရေးဂြိုဟ်တု (Irridium) နှင့် ရုရှားဆက်သွယ်ရေး ဂြိုဟ်တုအပျက် (Kosmos) တို့ တိုက်မိကြသည့် ဖြစ်ရပ်ကဲ့သို့ တိုက်မိသည့် ဂြိုဟ်တုနှစ်ခုစလုံးပေါက်ကွဲပျက်စီးသွားတာမျိုးအထိလည်း ဖြစ်ခဲ့ဖူးပါသည်။

ဂြိုဟ်တုတစ်လုံးအသစ်တင်လိုက်တိုင်း ယင်းဂြိုဟ်တုကို ပစ်လွှတ်ပေးသည့်ဒုံးပျံ (launch vehicle) မှလည်းကောင်း၊ ဂြိုဟ်တုနှင့် ဒုံးပျံခွဲထုတ်ခြင်းအတွက် ထည့်သွင်းထားရသည့်စက်ပစ္စည်းများမှလည်းကောင်း၊ ကိရိယာအစိတ်အပိုင်းများကို အာကာသအတွင်းတွင်ချန်ထားခဲ့သည့်အတွက် ဖြစ်ပါသည်။ ထိုကြောင့် ကမ္ဘာ့ပတ်ဝန်းကျင် အာကာသထဲတွင် ၁၉၆၀ ခန့်မှစပြီး တစ်ကမ္ဘာလုံး ပစ်လွှတ်ခဲ့ကြသည့်ဂြိုဟ်တုများအပြင် ယင်းဂြိုဟ်တုများကို လွှတ်တင်ခဲ့သည့်အကြိမ်တိုင်း အာကာသထဲတွင်ချန်ထားခဲ့သည့် စွန့်ပစ်ပစ္စည်းများသည် အရေအတွက်အားဖြင့် သန်းဂဏန်းအထိရှိနေသောကြောင့် အာကာသတွင်းရှိ မည်သည့်ဂြိုဟ်တုကိုမဆို လာရောက်ထိမှန်နိုင်ခြေရှိနေသည်။ ထို့အပြင် အာကာသ အတွင်းသို့လွှတ်တင်ရန် ရည်ရွယ်ချက်နှင့်ပြုလုပ်ခဲ့ကြသည့်အတွက် ယင်းအမှိုက်သရိုက်များသည် ဂြိုဟ်တုနဲ့ယှဉ်လျင် အလွန်မာကျောသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အလွန်မာကျောပြီးအလွန်လျင်မြန်သော အမြန်နှုန်း (8 km/s) ဖြင့်ရွေ့လျားနေသော ယင်းပစ္စည်းအစအနများသည် ဂြိုဟ်တုကို ထိမှန်သည့်အခါတွင် ထိမှန်ခြင်းခံရသည့် အစိတ်အပိုင်းပေါ်ကိုလိုက်၍ ပျက်စီးမှုကြီးမားပါသည်။ အရေးအကြီးဆုံး အစိတ်အပိုင်းကိုထိမှန်ခဲ့မည်ဆိုပါက ဂြိုဟ်တု တစ်ခုလုံး သုံးမရတဲ့အထိ ဖြစ်သွားနိုင်ပါသည်။


နေမုန်တိုင်း နှင့် ၄င်း၏ ဖြစ်ပေါ်လာပုံ

နေမုန်တိုင်းဆိုသည်မှာ နေကိုလွှမ်းခြုံထားသောဓာတ်ငွေ့လွှာအတွင်းတွင် ဖြစ်ပေါ်တတ်သောပြင်းထန်သည့် ပေါက်ကွဲမှုတစ်မျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ နေမုန်တိုင်းများဖြစ်ပေါ်လာသည်မှာ နေ၏ပါဝင်ပစ္စည်းများကြောင့်ဖြစ်ပါသည်။ ဟိုက်ဒြိုဂျင်နှင့် ဟီလီယမ်ဓာတ်ငွေ့များဖြင့် အဓိကဖွဲ့စည်းထားသည့်နေသည် ယင်းဓာတ်ငွေ့နှစ်မျိုး လောင်ကျွမ်းခြင်းကြောင့်ဖြစ်ပေါ်လာသော ဘေးထွက်ပစ္စည်းအနေဖြင့် အပူစွမ်းအင်၊ အလင်းရောင်၊ ဓာတ်ဆောင်မှုန် (charged particles)၊ ဓာတ်ရောင်ခြည်ဖြာထွက်မှု (X-rays, Gamma rays, etc.) ထုတ်လွှတ်ပေးသည်။

ယင်းဘေးထွက်ပစ္စည်းများအနက်မှ ဒြပ်ထုမရှိသောဘေးထွက်ပစ္စည်းများဖြစ်ကြသည့် အလင်းရောင် ၊ဓာတ်ရောင်ခြည်၊ အပူစွမ်းအင်တို့သည် နေမှအချိန်ပြည့် ဖြာထွက်နေပြီး ဓာတ်ဆောင်မှုန်များမှာမူ နေအတွင်းပိုင်းတွင်သာ တည်ရှိပါသည်။ နေမုန်တိုင်းဆိုသည်မှာ ဒြပ်ထုရှိသော ဓာတ်ဆောင်မှုန်များ (charged particles) နေမှအရှိန်အဟုတ်ပြင်းစွာ လွင့်ကန်ထွက်လာခြင်းဖြစ်ပါသည်။ ယင်းသည်နေ၏ အတွင်းပိုင်း၌ရှိသော သံလိုက်စက်ကွင်း ကြောင့်ဖြစ်ပါသည်။

နေအတွင်း၌လှည့်ပတ်ရွေ့လျားနေသော ဓာတ်ဆောင်မှုန်တွေနှင့် အတူသံလိုက်စက်ကွင်းသည်လည်း လိုက်ပြောင်းနေပါသည်။ တစ်ချိန်တည်းမှာပင် နေ၏ corona အလွှာအတွင်းတွင်ရှိနေသည့် ဓာတ်ဆောင်မှုန်တွေဖြစ်ကြသော Proton နှင့် electron တို့သည်လည်း အလွန်မြင့်မားသော အပူချိန်ကြောင့် နေ၏ဆွဲအားမှ လွတ်ထွက်နိုင်သော စွမ်းအင်အရှိန် (escape velocity) ကိုရရှိနေကြသည်။ “သံလိုက်စက်ကွင်းများသည်ဓာတ်ဆောင်မှုန်များအား လမ်းကြောင်းပြောင်းနိုင်ကြသည်” (တွန်းနိုင်ဆွဲနိုင်ကြသည်) (Charged particles can be deflected by magnetic fields) ဆိုသည့်သဘောကြောင့် သံလိုက်စက်ကွင်းများတစ်နေရာရာမှာစုမိလာပြီး ပြင်းအားများ သွားသည့်အခါမျိုးတွင် ဓာတ်ဆောင်မှုန်များကိုနေအတွင်းမှ အပြင်ကိုတွန်းထုတ်နေသကဲ့သို့ ဖြစ်နေပါသည်။ ထိုအချိန်တွင် အဘက်ဘက်သို့ ဓာတ်ဆောင်မှုန်စီးကြောင်း (နေမုန်တိုင်း) ပေါ်ပေါက်တိုက်ခတ်လာခြင်းဖြစ်ပါသည်။ နေ၏အတွင်းပိုင်းတွင် စုမိသွားသော သံလိုက်စက်ကွင်းပြင်းအားအပေါ်ကို လိုက်ပြီးနေမုန်တိုင်းတွေ၏ အရွယ်အစားတွေကွာခြားကြပါသည်။

နေမှစတင်တိုက်ခတ်သည့်အချိန်၌ နေမုန်တိုင်း၏စွမ်းအင်ထုတ်လွှတ်မှုသည် 6*1025 Joules မျှရှိသည်။ အဆိုပါပမာဏသည် နေမှတစ်စက္ကန့်မှာထုတ်လွှတ်နေသည့် စွမ်းအင်စုစုပေါင်းရဲ့ ခြောက်ပုံတစ်ပုံမျှရှိသော ပမာဏဖြစ်သည်။ ထို့ကြောင့်နေမုန်တိုင်းက သယ်ဆောင်လာသောစွမ်းအင်သည် အလွန်မြင့်မားပြင်းထန်သည်။ ကမ္ဘာ့ ပတ်လမ်းသို့နေမုန်တိုင်းရောက်ရှိချိန်၌ တိုက်ခတ်နှုန်းသည် တစ်စက္ကန့်လျှင် 185435 မိုင်မျှရှိပြီး ဓာတ်ဆောင်မှုန် အရေအတွက်သည်လည်း တစ်ကုဗစင်တီမီတာတိုင်းတွင် တစ်မှုန် မှ ဆယ်မှုန် အထိ ပါရှိနေသည်။ နေမုန်တိုင်း တိုက်ခတ်နှုန်း (velocity)၊ ဓာတ်ဆောင်မှုန်သိပ်သည်းဆ (charged particle density) နှင့် တိုက်ခတ်သော အကြိမ်ရေတို့သည် sunspot activity ပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။ နေမုန်တိုင်းက သယ်ဆောင်လာသောစွမ်းအင် စုစုပေါင်းပမာဏသည် နေမုန်တိုင်းတိုက်ခတ်သောအကြိမ်ရေနှင့် ပြောင်းပြန် အချိုးကျသည်။ ဆိုလိုသည်မှာ နေမုန်တိုင်းငယ်များသည် နေမုန်တိုင်းကြီးများထက်ပိုမိုတိုက်ခတ်နိုင်သည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...