Powered by Blogger.
RSS

အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိလျှင် သက်ရှိများလည်း ရှိနိုင်မည်လား



နာဆာ (NASA-National Aeronautics and Space Administration) မှ အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိနိုင်ကြောင်း လက္ခဏာများ တွေ့ရှိရာ၊ သက်ရှိများလည်း ရှိနိုင်သည်ဟု ယူဆစရာဖြစ်လာသည်။

နာဆာ (NASA) ၏ အင်္ဂါဂြိုဟ်အား စူးစမ်းရှာဖွေသော အစီအစဉ်ဖြစ်သော (Mars Exploration Program) သည် အနီရောင်ဂြိုဟ် (Red Planet) ဟုလည်း ခေါ်သော အင်္ဂါဂြိုဟ် (Mars) ပေါ်တွင် သက်ရှိ အမျိုးအစားများ ရှိနိုင်မည်လားဟု အဖြေပေးနိုင်ရန် ပို၍ နီးစပ်လာပြီး ဖြစ်သည်။

ထို့ကြောင့် အင်္ဂါဂြိုဟ်သည် အနာဂတ်တွင် လူတို့၏ အာကာသ စူးစမ်းမှု ခရီးများ၏ ပန်းတိုင်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမည်ဟု နာဆာ၏ စီမံခန့်ခွဲရေး အရာရှိ ချားလ်စ် ဘိုလ်ဒဲန် (NASA Administrator Charles Bolden) ကပြောသည်။

အင်္ဂါဂြိုဟ်၏ ပူနွေးသောလများတွင် ဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင် ရေစီးဆင်းမှုရှိနိုင်ကြောင်းအား အင်္ဂါဂြိုဟ်ကို ပတ်၍ ထောက်လှမ်းသော (Mars Reconnaissance Orbiter) က မကြာမီတွင် တွေ့ရှိခဲ့သည်။ ဂြိုဟ်၏ နွေဦးနှောင်းပိုင်းမှ နွေရာသီတစ်လျှောက်တွင် ဆင်ခြေလျှော မျက်နှာပြင်များတွင် လူ၏လက်ချောင်း ကလေးများ ပုံသဏ္ဌာန်တွေ့ရပြီး ဆောင်းတွင်းတွင် ၎င်းသဏ္ဌာန်များ ပြတ်ပြတ်သားသား မရှိဘဲ နွေဦးတွင် ပြန်၍ပေါ်လာသည်။


၎င်းပုံသဏ္ဌာန်များ ပေါ်လာပုံ၏ အကြောင်းရင်းမှာ ဆားငံရည်စီးဆင်းမှု ရှိသောကြောင့်ဟု အများဆုံး ထင်ရသည်ဟု အဲဖရက် မက်အီဝဲန် (Alfred McEwen) ကပြောသည်။ မက်အီဝဲန် (McEwen) မှာ အမေရိကန်ပြည်ထောင်စု အာရီဇိုးနား (Arizona) ပြည်နယ် တူးစန် (Tucson) မြို့ရှိ အာရီဇိုးနာ တက္ကသိုလ် (University of Arizona) မှ ဖြစ်သည်။ သူသည် အင်္ဂါဂြိုဟ်အား စူးစမ်းသော (Mars Reconnaissance Orbiter) ၏ ပုံရိပ်နှင့်ပတ်သက်သော စမ်းသပ်ချက် (High Resolution Imaging Science) တွင် ပါဝင် လုပ်ဆောင်နေသူ တစ်ဦးဖြစ်သည်။

ဆားငံရေ စီးဆင်းမှုရှိသည်ဆိုသော ယူဆချက်မှာ တိကျမှု မရှိသေးသော်လည်း အခြားထင်မြင်ယူဆချက် များနှင့် နှိုင်းယှဉ်လျှင် အဖြစ်နိုင်ဆုံးဖြစ်သည်။ ဆားငံရေ မဟုတ်ပါဘဲ ရေချိုဆိုပါက စီးဆင်းမှုမရှိဘဲ ရေခဲနေမည် ဖြစ်သည်။ ဆားငံရေသည် ရေချိုထက်ပို၍ ခဲမှတ်နိမ့်မည်။

Ref : Internet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...