Powered by Blogger.
RSS

အာကာသအတွင်း လူသား စတင်ရောက်ရှိမှု နှစ် ၅၀ ပြည့်


w62817

၁၉၆၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က ဗော့စတော့-၁ အာကာသယာဉ်ဖြင့် ဆိုဗီယက် အာကာသယာဉ်မှူး ယူရီဂါဂါရင် ကမ္ဘာပတ်လမ်းကြောင်းအတွင်း ရောက်ရှိမှုမှ စတင်ခဲ့သော အာကာသတွင်း လူသားရောက်ရှိမှုမှာ ယခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် နှစ် ၅၀ ပြည့်ခဲ့ပြီ ဖြစ်သည်။

စစ်အေးခေတ် ပြိုင်ဘက်များ ဖြစ်သော အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စု တို့၏ ယှဉ်ပြိုင်မှုများအနက်မှ တစ်ခုဖြစ်ခဲ့သော အာကာသပြိုင်ပွဲတွင် ဆိုဗီယက်က စတင် ဦးဆောင်နိုင်မှုအဖြစ် အာကာသတွင်း လူစေလွှတ်နိုင်ခဲ့သည်။ ဂါဂါရင်၏ ခရီးစဉ်သည် အမျိုးသားရေး ယှဉ်ပြိုင်မှုထက် လူသားမျိုးနွယ် တစ်ခုလုံး၏ ခြေလှမ်းသစ် တစ်ရပ်အဖြစ် နောက်ပိုင်းတွင် မှတ်ယူခံခဲ့ရသည်။ ၁၀၈ မိနစ်ကြာ ခရီးစဉ်ကို အဆုံးသတ် နိုင်ခဲ့ပြီးနောက် ဂါဂါရင် ပြောကြားခဲ့သော ''ကျွန်တော်ကမ္ဘာ ကို မြင်ရတယ်။ အရမ်းလှတာပဲ'' ဆိုသောစကားမှာ ကမ္ဘာကျော်ခဲ့သည်။

''စစ်အေးခေတ်ရဲ့ မမျှော်လင့်ဘဲ ရတဲ့အကျိုးရလဒ် တစ်ခုကတော့ ဘယ်ဟာရဲ့ အလယ်မှာမှ မရှိတဲ့ သိမ်မွေ့နူးညံ့တဲ့ ကမ္ဘာအကြောင်းကို နားလည်ခွင့် ရခဲ့ခြင်းပါပဲ။ အဲဒီကာလတုန်းက ဂါဂါရင်ဟာ ကမ္ဘာတစ်ခုလုံးနဲ့ဆိုင်တဲ့ သူရဲကောင်း ဖြစ်ခဲ့ပါတယ်။ သူ့ခြေရာနင်းခဲ့ကြတဲ့ အာကာသယာဉ်မှူးတွေ ကိုယ်တိုင်လည်း သင်ယူတွေ့ရှိခဲ့တာက အလွန်ပါးလွှာတဲ့ လေထု ဖုံးလွှမ်းထားတဲ့ နိုင်ငံရေး နယ်ခြားမျဉ်းတွေ မရှိတဲ့ တစ်ခုတည်းသော ကမ္ဘာဆိုတာပါပဲ''ဟု ၀ါရှင်တန်ရှိ စမစ်ဆိုနီယမ် အမျိုးသားလေကြောင်းနှင့် အာကာသပြတိုက် အပြည်ပြည်ဆိုင်ရာ အာကာသ အစီအစဉ်ဆိုင်ရာ ပြတိုက်မှူး ကက်သလင်းလီးဝစ်က သုံးသပ်သည်။

ပြိုင်ဘက် ဆိုဗီယက်၏ ခြေတစ်လှမ်းဦးခြင်း ခံခဲ့ရသော အမေရိကန်သည် ၁၉၆၁ မေလ ၅ ရက်နေ့တွင် ပထမဆုံး အာကာသယာဉ်မှူး အလန်ရှက်ပတ်ကို ပတ်လမ်းတစ်ပိုင်း ပျံသန်းမှုအတွက် စတင် စေလွှတ်နိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်မှ အာကာသယာဉ်မှူး ဂျွန်ဂလင်းက ကမ္ဘာပတ်လမ်းကို တစ်ပတ်ပြည့်အောင် ပတ်နိုင်သည့် ပထမဆုံး အမေရိကန်နိုင်ငံသား ဖြစ်လာခဲ့သည်။

၁၉၆၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင်မူ နီးလ်အမ်းစထရောင်း သည် လပေါ် ပထမဆုံး ခြေချနိုင်ခဲ့ပြီး အာကာသပြိုင်ပွဲတွင် အမေရိကန် ပြန်လည် ဦးဆောင်နိုင်ခဲ့သည်။ ဂါဂါရင်၏ ခရီးစဉ်ကဲ့သို့ပင် အမ်းစထရောင်း ၏ အပိုလို-၁၁ ခရီးစဉ်သည် အမျိုး သား အောင်ပွဲအဖြစ်ထက် ပိုလွန်ခဲ့သည်။ နောက်ပိုင်းနှစ်များတွင် ကမ္ဘာကြီး၏ သေးငယ်မှုနှင့် စကြ၀ဠာအတွင်း၌ အမျိုးသားရေး ယှဉ်ပြိုင်မှုများ၏ အရေးမပါမှုကို နားလည်လာကြခြင်းနှင့်အတူ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ ခြောက်နှစ်အကြာတွင် အပိုလို အာကာသယာဉ်သည် ဆိုဗီယက်တို့၏ ဆိုယုဇ် ဒုံးယာဉ်နှင့် အတူ ကိုးရက်အကြာ ပူးပေါင်း ချိတ်ဆက်ခဲ့ကြသည်။ အာကာသတွင်း လူလိုက်ပါ ပျံသန်းမှုများတွင် ပထမဆုံး ပူးပေါင်းဆောင်ရွက်မှု ဖြစ်ခဲ့သည်။ယင်းနောက်ပိုင်းတွင် တရုတ်မှလွဲပြီး ကျန်နိုင်ငံများသည် အာကာသတွင်းသို့ လူသား စေလွှတ်ရေးကို ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ လုပ်ဆောင်ခဲ့ကြသည်။

''၁၉၆၁ ခုနှစ်ကနေ ၁၉၆၉ ခုနှစ် အထိတော့ အာကာသဆိုတာ ပြိုင်ပွဲ တစ်ခုပါပဲ။ ပြိုင်ပွဲဖြစ်တဲ့ အကျိုးရလဒ်က မြန်မြန်နဲ့ ရှေ့ရောက်အောင် လုပ်ကြခြင်းပါပဲ။ ဒါပေမဲ့ ၀မ်းနည်းစရာ ကိစ္စက ပြိုင်ပွဲဆိုရင် အနိုင်အရှုံး ပေါ်တာနဲ့ ရပ်သွားခြင်းပါပဲ''ဟု ဥရောပ အာကာသ အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် ယန်း-ယာ့ခ်ဒေါ်ဒိန်းက သုံးသပ်သည်။ အမေရိကန် အာကာသလွန်း ပြန်ယာဉ်များ အနားပေးလိုက်ခြင်းနှင့် အတူ ယာဉ်အသစ် မတည်ဆောက်နိုင်သေးမီ ရုရှားကို မှီခိုရမည် ဖြစ်သလို ရုရှားကိုယ်တိုင်ကလည်း အာကာသ စူးစမ်းလေ့လာရေး နယ်ပယ်တွင် အသစ်တီထွင် ဖန်တီးနိုင်မှု အားနည်းနေခဲ့သည်မှာ ကြာပြီဖြစ်သည်။


Source: Weekly Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...