Powered by Blogger.
RSS

လနှင့် ဂြိုဟ်သုံးလုံး ရန်ကုန်မြို့ပေါ် ဖြတ်သန်းခြင်းကြောင့် ရေနံ သဘာဝဓာတ်ငွေ့ တွင်းသစ် တူးဖော်ရရှိနိုင်

၂၀၁၁ ခုနှစ်၊ မေလ ၃၀ ရက်တွင် တနင်္လာဂြိုဟ်၊ အင်္ဂါဂြိုဟ်၊ သောကြာဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ်များ ရန်ကုန်မြို့ပေါ်က ဖြတ်သန်းသွားမည် ဖြစ်ခြင်းကြောင့် ရေနံ သဘာဝဓာတ်ငွေ့နှင့် ပတ်သတ်၍ တွင်းသစ် တူးဖော် ရရှိနိုင်ကြောင်း နက္ခတ်သိပ္ပံ အဖွဲ့မှ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ၁၈-၅-၂၀၁၁ ရက်တွင် ပြောသည်။ ထို့ပြင် လာမည့် မေလ ၂၉၊ ၃၀ နှင့် ၃၁ ရက်များတွင် လနှင့် အင်္ဂါဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ်၊ ကြာသပတေးဂြိုဟ်၊ သောကြာဂြိုဟ်များ နီးကပ်စွာ ရပ်တည်မည့် ကြုံတောင့်ကြုံခဲ အခွင့်အရေး တစ်ခုကို ကြည့်ရှုနိုင်ရန် ကမ္ဘာ့နက္ခတ် ပညာရှင်များက သတင်းထုတ်ပြန် ပေးထားကြောင်း သိရသည်။ ကောင်းကင်မှ ဂြိုဟ်များကို လွယ်လွယ်ကူကူ လေ့လာနိုင်ရန် ရည်ရွယ်၍ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် နက္ခတ်တာရာ ထိပ်သီး အစည်းအဝေးတွင် နက္ခတ်ပညာရှင်များက သတင်း ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ နက္ခတ်သိပ္ပံ အဖွဲ့က မေ ၁ ရက်ကစပြီး သတင်းထုတ်ပြန် ပေးခဲ့တာ။ အခုဖြစ်စဉ်မှာ မြန်မာနိုင်ငံအတွက် ထူးခြားတာ လနဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာဂြိုဟ် သုံးလုံးက ရန်ကုန်မြို့ပေါ်ကနေ ဖြတ်သန်းဖို့ ရှိတယ်။ မေ ၃၀ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ်မှာ တနင်္လာဂြိုဟ်က ရန်ကုန်မြို့ပေါ်ကို ဖြတ်သန်းမယ်။ နံနက် ၁၀ နာရီ ၂၀ မိနစ်မှာ အင်္ဂါဂြိုဟ်၊ နံနက် ၁၀ နာရီ ၃၅ မိနစ်မှာ သောကြာဂြိုဟ်နဲ့ နံနက် ၁၁ နာရီိမှာ ဗုဒ္ဓဟူးဂြိုဟ် ဖြတ်သန်းဖို့ ရှိတယ်။ ဒီဖြစ်စဉ်က နှစ်အများကြီးကြာမှ ဖြစ်တတ်တယ်။ လနဲ့ ဂြိုဟ်သုံးလုံး ရန်ကုန်မြို့ပေါ်က ဖြတ်သန်းသွားတဲ့အတွက် မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်း အောက်ဘက်ပိုင်းမှာ ရေနံ သဘာဝ ဓာတ်ငွေ့နဲ့ ပတ်သတ်ပြီး တွင်းအသစ် တူးဖော်ရရှိတာ၊ တူးဖော်ထားတဲ့ တွင်းတွေမှာ အထွက်နှုန်း ပိုမို ကောင်းမွန်လာတာ တွေ့ကြုံရမယ်” ဟု ၎င်းက ပြောသည်။

နက္ခတ်ပညာအရ တနင်္လာဂြိုဟ် လနှင့် အင်္ဂါ၊ ကြာသပတေး၊ ဗုဒ္ဓဟူး၊ သောကြာဂြိုဟ်များ ပူးသည့်အခါ ဂြိုဟ်များ၏ အင်အား ပိုပြီး တိုးတက်ဖြစ်ထွန်း ကောင်းမွန်သည် ဆိုသော ဥပဒေ ချမှတ် ပြဋ္ဌာန်းထားကြောင်း၊ ယင်းကဲ့သို့ ဖြစ်စဉ်ကို နက္ခတ်အခေါ်အားဖြင့် သမာဂမ ဖြစ်စဉ်ဟု ခေါ်ကြောင်း သိရသည်။ မေလ ၂၉ ရက်တွင် လနှင့် ကြာသပတေးဂြိုဟ် ပူးခြင်း ဖြစ်စဉ်သည် မြန်မာစံတော်ချိန် ည ၉ နာရီ ၀၂ မိနစ်တွင် ဖြစ်ပေါ်ပြီး မေ ၃၁ ရက် မြန်မာစံတော်ချိန် နံနက် ၂ နာရီ ၃၄ မိနစ်တွင် လနှင့် အင်္ဂါဂြိုဟ်ပူးခြင်း၊ မေ ၃၁ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၃၃ မိနစ်တွင် လနှင့် သောကြာဂြိုဟ် ပူးခြင်း၊ မေ ၃၁ ရက် မြန်မာစံတော်ချိန် ည ၉ နာရီ ၄၄ မိနစ်တွင် လနှင့် ဗုဒ္ဓဟူးဂြိုဟ် ပူးခြင်း ဖြစ်ပေါ်မည်ဟု သိရသည်။

“လနဲ့ ဂြိုဟ်ပူးတဲ့ အနေအထားကြောင့် ဂြိုဟ်တွေပူးတဲ့ ကာလ မေ ၂၉ ရက်ကနေ ဇွန် ၃ ရက်အတွင်း ကမ္ဘာမှာ ငလျင် ဖြစ်ပေါ်နိုင်တယ်။ ဖြစ်စဉ်ဖြစ်နေတဲ့ အချိန်က အင်္ဂါဂြိုဟ်အနေနဲ့ ကမ္ဘာနဲ့ အဝေးဆုံး ရောက်နေတဲ့အတွက် ကြီးကြီးမားမား မဖြစ်ပေါ်နိုင်ဘူးလို့ သုံးသပ်တယ်။ ဒီဂြိုဟ်ပူး ဖြစ်စဉ်တွေမှာ အားအကောင်းဆုံး လနဲ့ အင်္ဂါဂြိုဟ် ပူးတဲ့ဖြစ်စဉ်က ယိုင်ထောင့် ၃ ဒသမ ၃၈ ဒီဂရီမှာ ဖြစ်တဲ့အတွက် ငလျင် ဖြစ်ပေါ်ပေမယ့် ပြင်းပြင်းထန်ထန် မဖြစ်ပေါ်နိုင်ဘူး။ သတိပြုထားရမယ့် နိုင်ငံတွေက အမေရိကန်၊ မက္ကဆီကို။ အနောက်ဘက် ကမ်းရိုးတန်းဒေသတွေမှာ ဖြစ်ပေါ်နိုင်ပေမယ့် မြန်မာနိုင်ငံမှာ အကျိုးသက်ရောက်မှု မရှိနိုင်ဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

Source: Pyi Myanmar

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

Mtt said...

CRAZY!!!!!!!!!!!!!!!!!!!!

Related Posts Plugin for WordPress, Blogger...