Powered by Blogger.
RSS

Launch Vehicle


၁၉၅၀ ခုနှစ်မှစ၍ ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန် အစိုးရအာကာသအေဂျင်စီတို့မှ တိုက်ချင်းပစ်ဒုံးများ၏ပုံစံကို အခြေပြုတည်ဆောက်ထားသည့် ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံများဖြင့် ဆက်သွယ်ရေးနှင့် စူးစမ်းလေ့လာရေးဂြိုဟ်တုများကို ပတ်လမ်းနိမ့်ဂြိုဟ်တုပတ်လမ်းသို့ အပြိုင်အဆိုင်လွှတ်တင်ခဲ့ကြသည်။ ၁၉၆၀ ခုနှစ်တွင် လနှင့်အခြားဂြိုဟ်များသို့ စူးစမ်းလေ့လာရေးဂြိုဟ်တုများ ပစ်လွှတ်ရာမှ ပိုမိုအားကောင်းသော လွှတ်တင်ရေးဒုံးပျံများ ပေါ်ထွက်လာခဲ့သည်။ ထိုသို့ပေါ်ထွက်လာခြင်းကြောင့် ပတ်လမ်းမြင့်ဂြိုဟ်တုပတ်လမ်းဖြစ်သော GEO ဂြိုဟ်တုပတ်လမ်းသို့ ဂြိုဟ်တုများကို လွှတ်တင်နိုင်ခဲ့ကြသည်။ ၁၉၇၀ ခုနှစ်မှ ယနေ့ခေတ်တိုင် ဆက်သွယ်ရေးဂြိုဟ်တုများကို GEO ပတ်လမ်းသို့ လွှတ်တင်အသုံးပြုနေကြသည်။ ယခုအချိန်တွင် အလေးချိန်ပမာဏများစွာ သယ်ဆောင်နိုင်၍ အားကောင်းသောလွှတ်တင်ရေးဒုံးပျံများသာမက ဂြိုဟ်တုအများအပြားကို တစ်ကြိမ်တည်း ပူးတွဲပစ်လွှတ်နိုင်သည့် လွှတ်တင်ရေးဒုံးပျံများလည်း ပေါ်ထွက်လာခဲ့သည်။

ဂြိုဟ်တုအား သယ်ဆောင်ပစ်လွှတ်ပေးမည့် လွှတ်တင်ရေးဒုံးပျံအား အောက်ပါအချက်များအပေါ်မူတည်၍ ရွေးချယ်သည်-

၁။ လွှတ်တင်ရေးဒုံးပျံ၏ သယ်ဆောင်နိုင်သော အလေးချိန်ပမာဏ၊

၂။ လွှတ်တင်ရေးဒုံးပျံ၏ နောက်ဆုံးပစ်လွှတ်မှု လေးကြိမ် ( သို့ ) ဆယ်ကြိမ်ဆက် အောင်မြင်မှု / ပစ်လွှတ်မှုဆိုင်ရာ သက်တမ်းတစ်လျှောက် အောင်မြင်သော သမိုင်းကြောင်းရှိမှု၊

၃။ လွှတ်တင်ရေးဒုံးပျံ၏ သယ်ယူပို့ဆောင်ပေးမည့် ဈေးနှုန်း၊

၎။ ပစ်လွှတ်ချိန်တွင် အသုံးပြုသော ဆက်သွယ်ထိန်းချုပ်မှုဆိုင်ရာ ကွန်ယက်များ၏ အရည်အသွေးနှင့် ပြည့်စုံကောင်းမွန်စိတ်ချရမှု။

ယခုကာလတွင် အစိုးရပိုင်းဆိုင်ရာ ဂြိုဟ်တုလွှတ်တင်ခြင်းများ သာမက နိုင်ငံတကာမှပေးပို့လာသော ဂြိုဟ်တုများအား အခကြေးငွေယူ၍ လွှတ်တင်ပေးသော ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာ အဖွဲ့အစည်းများသည် ဈေးကွက်စီးပွားရေးတစ်ရပ်အနေဖြင့် အပြိုင်အဆိုင်ပေါ်ထွက်လာခဲ့ကြသည်။ ယခုအချိန်တွင် ယင်းဂြိုဟ်တုလွှတ်တင်ခြင်းဆိုင်ရာ ဈေးကွက်တွင် နည်းပညာအသစ်များ အပြိုင်အဆိုင်အသုံးပြုကာ ကျယ်ပြန့်လာခဲ့သည်။

GEOလွှတ်တင်ရေးဒုံးပျံ၏ ပထမအဆင့်တွင် ဂြိုဟ်တုအားထည့်သွင်းသယ်ဆောင်သွားမည့် ဒုံးပျံထိပ်ဖူးအခွံ (rocket fairing) နှင့် ဂြိုဟ်တုအား နောက်ဆုံးသတ်မှတ်ပတ်လမ်းသို့ ပို့ဆောင်ပေးမည့် upper stage (သို့) ဂြိုဟ်တုနှင့်တွဲဆက်ထားသည့် apogee rocket motor ( ARM ) တို့ပါရှိ၍ ယင်းပထမအဆင့်အောက်တွင် အားကောင်းသောအင်ဂျင်များကို အဆင့်ဆင့်တပ်ဆင်ထားသည်။


လွှတ်တင်ရေးဒုံးပျံဖွဲ့စည်းပုံနှင့် Payload fairings များတပ်ဆင်ထားရှိပုံ

လွှတ်တင်ရေး အဖွဲ့အစည်းများစွာရှိသကဲ့သို့ ယင်းတို့၏လွှတ်တင်ရေးဒုံးပျံဒီဇိုင်း၊ လွှတ်တင်မှုပုံစံ ၊ သယ်ဆောင်နိုင်သော အလေးချိန်ပမာဏနှင့် ဈေးနှုန်း စသည်တို့မှာလည်း ကွဲပြားသည်။

Credit: http://sites.google.com/site/9spacestudy/

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...